Tuesday, December 28, 2010

နအဖတပ် အင်အားဖြည့်မှုနယ်ကျွံလျှင် အချိန်မရွေး ပစ်ခတ်ရန် SSA တပ်မဟာ ၁ ထပ်မံညွှန်ကြား

မွေခေါဝ်

အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ ထိန်းချုပ် နယ်မြေအတွင်းသို့ နအဖတပ်များ ထပ်မံကျူးကျော် နယ်ကျွံ လာလျှင် ပစ်မိန့်စောင့်ဆိုင်းရန် မလိုဘဲ အချိန်မရွေးပစ်ခတ်ရန် တပ်မဟာ ၁ ဌါနချုပ်မှ တပ်ရင်း/ခွဲအသီးသီးအား ညွှန် ကြားထားကြောင်း စုံစမ်းသိရှိရပါသည်။


ဒုဗိုလ်မှူးကြီး ငေါဝ်းဖှ ဦးဆောင်တဲ့ စစ်ဒေသ အမှတ် ၁ (သျှမ်းပြည်မြောက်ပိုင်း ၀မ့်ဟိုင်းနဲ့စိန်ကျော့အကြား) နယ်မြေ မှာ နအဖတပ်အင်အားထပ်ဖြည့်တယ်။ ထပ်ကျူးကျော်နယ်ကျွံလာရင် အချိန်မရွေးပစ်ဖို့ ဌါနချုပ်က တပ်ဖွဲ့အားလုံးကို ညွှန်ကြားထားတယ်” ဟု မိုင်းရှုးရောက် ၀မ့်ဟိုင်းဒေသခံတစ်ဦးက ပြောပါသည်။

ဒီဇင်ဘာလကုန်အထိ သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ လက်အောက်ခံ တပ်စခန်းများအား ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်နေခြင်း၊ ယခုလကုန်/နှစ်ကုန်အတွင်း အငိုက်မိလျှပ်တပြက်တိုက်ပွဲဆင်နွဲပြီး သေနတ် ၂-၃ လက် သိမ်းပိုက် နိုင်ရန် နည်းလမ်းရှာ ကြံ့စည်အကောင်အထည်ဖော်ရမည်ဟု စကခ ၂ မှူးမှ ညွှန်ကြားထားသည့် လျှို့ဝှက်သတင်းသိရှိထားခြင်း တို့ကြောင့် SSA ကလည်း ယခုကဲ့သို့တပ်လှန့်ထားခြင်းကြောင်း အမည်မဖေါ်လိုသည့် တပ်မဟာ ၁ အရာရှိ တစ်ဦးက ပြောပြသည်။

“SSA တပ်မဟာ ၁ ဖက်ကလဲ တိုက်ပွဲဖြစ်ရင် အရေးမနိမ့်ဖို့ လက်ဦးမှုရအောင် အသင့်ပြင်ထားတယ်။ တိုက်ပွဲမှာ နအဖ ဖက်ရဲ့ သေနတ်တွေသိမ်းယူနိုင်သူတွေကို ဆုချမယ်။ ရာထူးတိုးပေးမယ်လို့ ပြောထားတယ်”

တစ်ဖက်၌လည်း တပ်မဟာ ၁ တပ်မှူးအချို့က ထိပ်ပိုင်းခေါင်းဆောင်များ၏လုပ်ရပ်အပေါ် အားမလိုအားမရ ငြီးထွားနေကြ ကြောင်း ၎င်းကဤကဲ့သို့ဆက်လက်ပြောပါသည်။

“၁၉၈၉ နအဖနဲ့ အပစ်ရပ်တုံးက လွယ်ကူမြန်ဆန်လိုက်တာ။ လက်အောက်ခံတပ်သားတွေရဲ့ သဘောထားတောင် မမေးဘူး။ ဘာမှမသိလိုက်ရဘဲ အပစ်ရပ်အဖွဲ့ဖြစ်သွားတယ်။ အခု နအဖအပေါ် ပြတ်ပြတ်သားသားလုပ်ဖို့ကျတော့နှေးကွေးကြန့်ကြာ နေတယ်။ ရန်သူကိုမိတ်ဆွေဖွဲ့နေတာ နားကိုမလည်နိုင်ဘူးလို့ ပြောကြတယ်”

ဒီဇင်ဘာ ၁၈ ရက် မိုင်းရှုး-၀မ့်ဟိုင်းကားလမ်းအနီး ကျေးသီးမြို့နယ် ၀မ့်ဆော့အုပ်စု ၀မ့်လွေတပ်စခန်းအား နအဖ ထပ်မံတိုက်ခိုက်ပြီးနောက် တောင်ကြီးတိုင်းမှူး ဗိုလ်မှူးချုပ်ဆန်းဦး စကခ ၂ မိုင်းနောင်သို့သွားရောက်ကာ ဗျူဟာမှူး နှင့်တွေ့ဆုံကြိမ်းမောင်းခဲ့သည်ဟုဆို၏။

“အလုပ်လုပ်တာ ပိရိမှုရှိအောင် မလုပ်တတ်ဘူး။ တိုက်ပွဲသတင်းတွေ ပြည်သူအနိုင်ကျင့်နှိပ်ကွပ်တဲ့သတင်းတွေ ထွက်ထွက်နေတယ်။ သူတာဝန်ယူတုန်းက သေနတ်သံမထွက်ဘဲ အပေါ်စီးနိုင်ခဲ့တယ်။ ပြည်သူတွေကို မစည်းရုံး တတ်ဘူးလို့ ဗျူဟာမှူးကို ကြိမ်းမောင်းသွားတယ်လို့ကြားရတယ်” ဟု မိုင်းနောင်တပ်တွင်းအရာရှိမိသားစုအသိုင်း အ၀ိုင်းက ပြောပါသည်။

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိကျေးရွာအုပ်စုနှင့် မိုင်းရှုးမြို့နယ် မိုင်းဇန်ကျေးရွာအုပ်စုအား မြို့နယ်ခွဲ အဆင့်တိုးချဲ့ရာတွင် အရှေ့ပိုင်းတိုင်းစစ်ဌါနချုပ် လက်အောက်ခံ တပ်ရင်း ၁၀ ခု ထက်မနည်း တိုးချဲ့တပ်ချသွားမည့် အစီအစဉ်လည်းရှိကြောင်း ပြည်သူ့စစ်ခေါင်းဆောင်နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းကလည်း ပြောပါသည်။

No comments: