Thursday, December 30, 2010

တရုတ်နှင့်မြန်မာ စစ်အရာရှိများ နယ်ခြားလုံခြုံရေး ဆွေးနွေးပွဲ ယနေ့စတင်

သျှမ်းသံတော်ဆင့်

တရုတ်နှင့်မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသမှ စစ်ဘက် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်သည့် နယ်ခြားဒေသကာကွယ် ရေးဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှစ၍ ယူနန်ပြည်နယ် တယ်ဟုန်တိုင်းမြို့တော် မန်စီမြို့၌ (၂) ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက်ရှိ စစ်ဘက်ကိုယ်စားလှယ် အဖွဲ့ (၆)ဖွဲ့တို့ ၃ လတစ်ကြိမ် ပုံမှန်တွေ့ဆုံသည့် ၂၉ ကြိမ် မြောက် ဆွေးနွေးပွဲ ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာစစ်တပ်မှ သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုး ကျော်သူ ဦးစီးသည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြောင်း မြန်မာစစ်တပ်အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကွတ်ခိုင်ဗျူဟာမှူးပေါ့ ဒီမနက် ၇ နာရီကပဲ မူစယ်ကနေ သွားလိုက်ပြီ တရုတ်ပြည် မန်စီမြို့မှာဆွေးနွေးကြမယ် ” ဟု နီးစပ်သူက ပြောသည်။

နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့် လောင်းကစားကိစ္စ ၊ မူးယစ်ဆေးဝါးကိစ္စ ၊ တရားမ၀င်မှောင်ခိုပစ္စည်း တင် သွင်းမှု ကိစ္စများအပါအ၀င် ဒေသတွင်းလုံခြုံရေးဆိုင်ရာများကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည် ။

“တစ်ဘက်နဲ့တစ်ဘက် ဖြစ်ပေါ်နေတဲ့ကိစ္စတွေကို အပြန်အလှန်ဖလှယ်ကြတာပါပဲ မြန်မာဘက်မှာဆို လောင်းကစားကိစ္စ ၊ မူးယစ်ဆေးဝါးကိစ္စတွေရှိတယ် သောင်းကျန်းသူ ကိစ္စတွေ တရားမ၀င် တင်သွင်းတဲ့ သစ်တို့လို မှောင်ခိုကိစ္စတွေ ဒါတွေကို ညှိနိုင်းဆွေးနွေးကြတာပါ ” လို့ သူက ဆိုသည်။

ထို့အပြင် မကြာမီ တရုတ်နယ်စပ် ရွေလီမြို့မှ တဆင့် မြန်မာဘက်သို့ ဖေါက်လုပ်မည့် ရထားလမ်း စီမံကိန်း ၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းများ ရှိနေရာ အဆိုပါကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။

No comments: