Friday, December 31, 2010

ဖိုးဖွားအမွေ ၀မ်းစာငွေ

ကယားထဲ

ဖရူဆို ဈေးရဲ့ အနောက်ဘက်လမ်းကြားကနေ ပါးရည်နှာဖူးရည် တွန့်လိန်နေပြီ ဖြစ်တဲ့ အသက် ၆၇ နှစ်အရွယ် အဖိုးတစ်ဦး ဆံလန်အိတ် တလုံးနဲ့ ဈေးဘက်ကို ခြေဦးတည်လျက် ဈေးထဲကို လာပါတယ်။

ဈေးထဲအရောက် ကရင်နီလူမျိုးတို့ရဲ့ စားသောက်ဆိုင်တန်း ဖြစ်တဲ့ ခေါင်ရည်တန်း ရှေ့မှာပဲ ဆံလန်အိတ်ထဲ ပါလာတဲ့ မောင်းနှစ်လုံးနှင့် လင်ကွင်းတစ်စုံ ထုတ်ပြီး မြေကြီးပေါ်ချစီထားပါတယ်။

ပါလာတဲ့ ပစ္စည်းတွေ ရောင်းချဖို့အတွက် မြေကြီးပေါ် ချအပြီးမှာပဲ လူတွေ တစ်ယောက်စ၊ နှစ်ယောက်စ လာဝိုင်းကြည့်ကြတယ်။ တချို့က မောင်းကို တီးကြည့်ကြတယ်။ တချို့ကလည်း လင်းကွင်းကို တီးကြည့်ကြတယ်။

မောင်းနဲ့ လင်းကွင်းကို စုစုပေါင်း ငါးသိန်း၊ တလုံးကို တစ်သိန်းရှစ်သောင်း ဆိုပြီး အဖိုးက ပြောပါတယ်။ လာကြည့်ကြတဲ့ သူတွေထဲကလည်း ရှေးဟောင်းပစ္စည်းတွေ ရှာဖွေစုဆောင်းတဲ့ သူတွေ ပွဲစားတွေကိုလည်း တွေ့ရပါတယ်။

လာရောက်တီးကြည့်ကြတဲ့ သူတွေကို အဖိုးက “ဒီပစ္စည်း ရှိထားရင် တစ်နှစ်တစ်ခါ ရိုးရာပွဲတော်မှာလဲ ထမင်း၊ ရေတွေနဲ့ ပူဇော်မစရတယ်။ ဆောင်ထားရင် မြတ်တယ်” လို့ ကရင်နီဘာသာစကားနဲ့ ရှင်းပြသွားပါတယ်။

ဖိုးဖွားစဉ်ဆက်ခေတ်ကတည်းက ပြုလုပ်ထားတဲ့ အဖိုးအဖွား အမွေအနှစ် ဖြစ်လို့ မောင်းနဲ့ လင်းကွင်းကို လူတွေက ပိုပြီး စိတ်ဝင်စားလာကြပါတယ်။

ကျနော်တို့ လူမျိုးတွေရဲ့ ဖိုးဖွားစဉ်ဆက်ကတည်းက မိမိတို့ရဲ့ အိမ်မှာ ထားရှိခြင်း ဆောင်ထားခြင်းဟာ အလွန်အကျိုးရှိတယ်လို့ သိရပေမဲ့ အဖိုးက ဘာကြောင့် အဖိုးဆီမှာ ဆက်မထားတော့ပဲ ရောင်းချင်ရတာလဲ ဆိုပြီး ပွင့်ပွင့်လင်းလင်း မေးမိလိုက်တယ်။

အဲဒီတော့ အဖိုးက တစ်ခွန်းတည်းပဲ ပြန်ဖြေပါတယ်။ “စားစရာ လိုနေလို့ပါ” တဲ့ အဖိုးရဲ့ အဖြေကို ကြားလိုက်ရတဲ့နောက် အဖိုးလည်း ဘာမှ ဆက်မပြောတော့ပဲ ကျနော်လည်း ခဏငိုင်ကျသွားပါတယ်။

ဘေးက လာကြည်ကြတဲ့ ဦးလေးတွေကတော့ အဖိုးရဲ့ အဖြေကို ဂရုစိုက်ဟန် မပေါ်ပါဘူး။ အဖိုးရဲ့ မျက်ခုံးအောက်ထဲ ချိုင့်ခွက် ၀င်နေတဲ့ မျက်လုံး အစုံထဲမှာတော့ မိသားစု ၀မ်းစာရေး အဆင်ပြေအောင် ဖြေရှင်းနိုင်ဖို့ အကောင်းဆုံး နည်းလမ်းတွေကို ပူပင်တွေးတောကြံဆနေရတာကို ကျနော် မြင်နေရပါတယ်။

လာကြည့်တဲ့ ပရိသတ်ထဲက ကရင်နီလူငယ် တယောက်က အဖိုးကိုလည်း အဆင်ပြေစေချင်ပြီး မိမိတို့ ကရင်နီလူမျိုးတို့ တန်ဖိုးထားတဲ့ ပစ္စည်းမို့ ပြန်ပြီး ၀ယ်ထားချင်တာကိုလည်း တွေ့ရပါတယ်။

သူက “ပိုက်ဆံ ရှိရင်တော့ ၀ယ်ထားချင်ပါတယ်။ ခုလောလောဆယ် မတတ်နိုင်သေးဘူး” လို့ ပြောပါတယ်။

ပြီးတော့ အဖိုးက “အခုခေတ် ငွေစက္ကူနဲ့ ငါးသိန်း၊ ခြောက်သိန်းနဲ့ ၀ယ်ထားရင် မမှားဘူး။ လယ်ယာ လုပ်ရင်လည်း အောင်မြင်မှု ရပြီး နောင်ကျရင် အကျိုးပေးတယ်” လို့ အဖိုးလည်း သူရဲ့ မောင်းနဲ့ လင်းကွင်းကို အမှန်တကယ် တန်ဖိုးရှိကြောင်းနဲ့ အသုံးဝင်ကြောင်းကို ဆက်ရှင်းပြနေပါတယ်။

မောင်းနဲ့ လင်းကွင်းကို အဓိက ကြေးဝါ၊ ကြေးဖြူ၊ ငွေ၊ ရွှေ၊ သံကျွတ် စတဲ့ သတ္တု အမျိုးအစားတို့ကို ဆတူ အချိုးကျကျ ရောစပ်ပြီး သွန်းလုပ်ရတယ်လို့ သိရပါတယ်။

အဖိုးမှာလည်း ဒီလိုတန်ဖိုးရှိတဲ့ ပစ္စည်းကို ဆောင်ထားချင်ပေမဲ့လို့ သူ့မှာ စပါးသီးနှံ အထွက်မကောင်းလို့ မိသားစု စားဝတ်နေရေးနဲ့ သားသမီး ပညာရေးအတွက် တန်ဖိုးထားတဲ့ ဖိုးဖွား အမွေနှစ်ပစ္စည်း ဖြစ်တဲ့ မောင်းတွေ လင်းကွင်တွေ ရောင်းချနေရတာပါ။

ဒီနှစ်လို မိုးနည်းတဲ့ ရာသီဥတု ဒုက္ခပြသာနာကြောင့် တောင်ယာလုပ်ကိုင်စားသောက်နေတဲ့ တောင်ပေါ်ဒေသမှာ နေထိုင်ကြတဲ့ ကျနော်တို့ ကရင်နီလူမျိုးအတွက်တော့ ၀မ်းစာရေးကို ဒီနည်းလမ်းကိုပဲ ရွေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဖါးစည်၊ မောင်း၊ လင်းကွင်းတို့ ဆိုတာတွေက ကျနော်တို့ ကရင်နီလူမျိုးရဲ့ ဖိုးဖွား အမွေအနှစ်၊ အမျိုးသား အမွေအနှစ် ဖြစ်ပါတယ်။ ရောင်းဝယ်မှု ကုန်ပစ္စည်းအဖြစ် မလုပ်သင့်ပဲ၊ ကျနော်တို့ အားလုံးက ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။

No comments: