Wednesday, December 22, 2010

တပ်မဟာ ၇ ဌာနချုပ်အား မြို့နယ်ခွဲအဆင့်အဖြစ် နအဖ တိုးချဲ့

သျှမ်းသံတော်ဆင့်

ပြည်သူ့စစ်အသွင်ပြောင်းရန် သဘောတူထားသည့် အပစ်ရပ် SSA တပ်မဟာ ၇ ဌာနချုပ် ကာလိ ကျေးရွာအုပ်စု အား အစိုးရဌာနပေါင်းစုံထားရှိကာ မြို့နယ်ခွဲအဆင့်တိုးမြင့်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်က တောင်ကြီးအခြေစိုက် ရပခ တိုင်းမှူးက ကွန်ဟိန်းမြို့နယ် ကာလိအုပ်စု နဲ့ မိုင်းရှူးမြို့နယ် မိုင်းဇန်ကျေးရွာအုပ်စုဘက် လာရောက်စစ်ဆေးတယ်၊ အဲဒီကျေးရွာအုပ်စု နှစ်ခုလုံးကို မြို့နယ်ခွဲ အဆင့် တိုးချဲ့မယ်ပြောတယ်” - ဟု ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း ကပြော ပါသည်။

ဒီဇင်ဘာ ၁၇-၁၈ ရက်၌ ရပခ တိုင်းမှူး ဗိုလ်မှူးချုပ်ဆန်းဦး နှင့် အဖွဲ့က နမ့်ဇန်မြို့နယ်၊ ကွန်ဟိန်းမြို့နယ် နှင့် မိုင်းရှူးမြို့နယ်အတွင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ကာလိကျေးရွာအုပ်စု နှင့် မိုင်းဇန်ကျေးရွာအုပ်စု အား မြို့နယ်ခွဲအဆင့်တိုးမြင့်၍ ဌာနပေါင်းစုံရုံးစိုက်ရန် မြေနေရာများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ လုံခြုံရေး အတွက် ခြေလျင်/ ခြေမြန်တပ်ရင်းအပြင် အမြောက်တပ်ရင်းလည်း တိုးချဲ့ချထားမည်ဖြစ်ကြောင်း - အမည် မဖေါ်လိုသည့် ကာလိဒေသခံ ခေတ်ပညာတတ်လူငယ်တဦးက ပြောပါသည်။

“အဲဒီဒေသတွေကို မြို့နယ်ခွဲအဆင့်တိုးမြှင့်မယ်ဆိုတာ အနာဂတ်စစ်ရေးအခြေအနေအတွက် ကြိုတင်ပြင်ဆင် တာလဲဖြစ်တယ်၊ တနည်းအားဖြင့် လက်နက်ကိုင်တိုက်ခိုက်နေဆဲအဖွဲ့တွေနဲ့ အသွင်ပြောင်းရေးငြင်းဆန်တဲ့ အဖွဲ့တွေ ၀င်ထွက်ဆက်သွယ်မှုခက်ခဲအောင်၊ အသွင်ပြောင်းရေးမူလက်ခံထားတဲ့ ဖါးတပိုင်းငါးတပိုင်း တပ်မဟာ ၇ တပ်ဖွဲ့ မလှုပ်ရှားနိုင်အောင် / သူတို့ရဲ့ကျွန်ဖြစ်သွားအောင် လုံးဝသွတ်သွင်းလိုက်တာဘဲ” - ဟု မြောက်ပိုင်းနေ သျှမ်းတော်လှန်ရေးသမားဟောင်းတဦးကပြောပါသည်။

မိုင်းရှူးမြို့နယ် မိုင်းဇန်ဒေသ နှင့် ကွန်ဟိန်းမြို့နယ် ကာလိဒေသအား နအဖ တပ်ဝင်ရောက်ထိန်းချုပ်ပါက အသွင် ပြောင်းရေးလက်မခံသည့် ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် တပ်မဟာ ၁ နှင့် ၀ တပ်ဖွဲ့တို့ ကြား ဆက်ဆံရေးလည်း ခက်ခဲသွားမည်ဖြစ်ကြောင်း ၀ တပ်ဖွဲ့ အရာရှိတဦးက လည်းပြောပြပါသည်။

၂၀၁၀ ဧပြီ ၂၄ ရက်နေ့ မတိုင်ခင်အထိ ဗိုလ်ချုပ်လွယ်မောဝ် ဦးဆောင်သည့် SSA (အပစ်ရပ်) တပ်ဖွဲ့တွင် ဆိုင်ကျောက်(စိန်ကျော့) ဗဟိုဌာနချုပ်တပ်ဖွဲ့၊ မိုင်းရယ်မြို့နယ် မိုင်းခေး အခြေစိုက် တပ်မဟာ ၃ တပ်ဖွဲ့၊ ကွန်ဟိန်းမြို့နယ် ကာလိအခြေစိုက် တပ်မဟာ ၇ တပ်ဖွဲ့နှင့် လက်ရှိအခြေအနေအထိ အသွင်ပြောင်းရေး လက်မခံသည့် ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် ၀မ့်ဟိုင်းဌာနချုပ်အခြေစိုက် တပ်မဟာ ၁ တပ်ဖွဲ့တို့ ရှိကြသည်။

ဦးလွယ်မောဝ် နှင့် ဦးကိုင်ဖတို့ ဦးဆောင်မှုဖြင့် တပ်မဟာ ၃ ၊ ၇ နှင့် ဆိုင်ကျောက် ဗဟိုဌာနချုပ်တို့ နအဖ ဆန္ဒ အတိုင်းအသွင်ပြောင်း ရေးလက်ခံထားသော်လည်း ဗိုလ်ချုပ်ပန်ဖှဦးဆောင်သော တပ်မဟာ ၁ မှာ ယနေ့တိုင် အသွင်ပြောင်းရေး ငြင်းဆန်နေဆဲဖြစ်၏။ ထို့ကြောင့် စက်တင်ဘာ ၁ ရက်နေ့မှစ၍ နအဖတို့၏ ကျူးကျော်ရန်စ စစ်ပွဲ ၅ ကြိမ်ထက်မနည်း ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီးဖြစ်သည်။

No comments: