Tuesday, December 28, 2010

ရခိုင်အာဇာနီ အာရှနီဝန်း မြန်မာ့လွတ်လပ်ရေး မီးရူးတန်ဆောင် အသျှင်ဦးဥတ္တမ

အမျိုးသားရေး နိုင်နိုင်

ဆရာတော် ဦးဥတ္တမသည် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ (၂၈)ရက် တနင်္ဂနွေနေ့၌ ရခိုင်ပြည် စစ်တွေမြို့ ရှိ ရူပရပ်တွင် ဖခင် ဦးစံ မြ နှင့် မိခင် ဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ် သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေး ထူးချွန်ခဲ့သည်။

ဆရာတော်သည် အသက် ၁၆ နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ ၀တ်ပေးရာမှ ရှင်ဥတ္တမ ဘွဲ့အမည် တွင်ခဲ့သည်။ အသက် ၂၀နှစ်တွင် ရဟန်းပြုပြီး နောက်ပိုင်း အန္ဒိယနိုင်ငံ ကာလကတ္တား မြို့သို့ ရဟန်းဝတ်နှင့်ပင် သွားရောက်ခဲ့ရင်း နိုင်ငံ ရေးစိတ်၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြား ခဲ့ခြင်းဖြစ်သည်။

ဆရာတော် ဦးဥတ္တမသည် ဘာသာစကားပေါင်း(၉)မျိုးကို ကောင်းစွာ တတ်မြောက်ပြီး အန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီး ယား၊ ကိုးရီယား၊ အီဂျစ်နိုင်ငံများနှင့် ဥရောပတိုက်ရှိ ပြင်သစ်နိုင်ငံများ အပါအဝင် အာရှတိုက်မှနိုင်ငံ အများ အပြားကို ခရီး လှည့်လည်ခဲ့သည်။

ထို့နောက် ဆရာတော်သည် ၁၉၂၀ ခုနှစ် တွင် ဗမာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ ဆန့်ကျင်ရေး တရားများကို ဟောပြောခဲ့သည်။ ထိုသို့ ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၂ လ အပြစ်ပေးခံရသည်။

ဆရာတော်သည် ၁၉၂၄တွင်လည်း “အစိုးရမကောင်းလျှင် မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာ ရှိတယ်၊ ငုံ့မခံကြနဲ့” ဟု ပြည်သူများကို လှုံ့ဆော်ဟောပြောခဲ့သည့် အတွက်ကြောင့် ဒုတိယ အကြိမ် ထောင် ၃နှစ် ကျခဲ့ပြီး ၁၉၂၈တွင် တတိယ အကြိမ် အဖမ်းခံခဲ့ရသည်။

ထိုအချိန်က ဗြိတိသျှအစိုးရ ဘုရင်ခံချုပ်ကိုလည်း “ဆာ ရယ်ဂျီနယ် ကရက်ဒေါက် မင်းဗမာပြည်မှ ထွက်သွား ပါ” ဟူသော စာကို ရေးသားပေးပို့ခဲ့သည်။

ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မှုခဲ့ပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါ ဖြစ်သည်။ ဆရာတော်သည် ပျံလွန်ချိန်အထိ နယ်ချဲ့အစိုးရကို မြန်မာ့ လွတ်လပ်ရေး အတွက် တစိုက်မတ်မတ် ဆန့်ကျင် တိုက်ပွဲဝင်ခဲ့သည်။

ဆရာတော်ကို မြန်မာတပြည်လုံးက လေးစားခြဲ့ကသည်။ ဆရာတော် ဦးဥတ္တမ အခမ်းအနားများကို နှစ်စဉ် နှစ်တိုင်း အမြဲ ကျင်းပ ပြုလုပ်ကြသည်။ စစ်အာဏာရှင်များ လက်ထက်တွင် ဆရာတော် ဦးဥတ္တမ၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်ကို အတုယူမူ များပြားလာမည်ကို စိုးရိမ်သောကြောင့် စစ်အာဏာပိုင် ဆရာတော်အား မေ့ပျောက်စေရန် သမိုင်းစာအုပ်များတွင် ရေးသားခွင့်များပိတ်ပင်ပြီး ကျောင်းသုံး စာအုပ်မှလည်း ဆရာတော်သမိုင်းကို ဖျောက်ဖျက်ပစ်ခဲ့သည်။ ပြည်သူများ မြင်ကွင်းမှ ပျောက်ကွယ်သွားစေရန် ရည်ရွယ်ပြီး ရွှေတိဂုံ ဘုရားအနှီးရှိ ဦးဥတ္တမပန်းခြံကိုလည်း ကန်တော်မင် ပန်းခြံ အဖြစ် ပြောင်းလဲ ခေါ်ဆိုခြင်း၊ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံနှင့် ဦးဥတ္တမရုပ်တုကိုလည်း မွမ်းမံမှု မရှိခြင်းနှင့် ဆရာတော်ရုပ်တုကို ပူဇော် အရိုအသေပေး ဂါရ၀ပြုမူ အခမ်းအနားလုပ်ခြင်းများကို တားမြစ် အရေးယူခြင်းများကို ပြုလုပ်ခဲ့သည်။ စစ်အစိုးရသည် ဆရာတော် ဗမာပြည် လွတ်မြောက်ရေး အတွက် ပထမ မျက်စေ့ ဖွင့်ပေးခဲ့သည်ဆိုသောသမိုင်းအစဉ်အလာကို ဖျောက်ချင်ဇောဖြင့် စစ်အစိုးရ လက်ထက်တွင် ဂရက်တောက် မင်းထွက်သွား စကားကို စစ်သမိုင်းပြတိုက်တွင် ပြသထားရာမှ ဆရာတော်နေရာတွင် ဆရာတော်တပည့် ဦးဝီဇာရ ရုပ်ထုဖြင့် ယခုအထိ စစ်သမိုင်း ပြတိုက်တွင် ပြသထားသည်။

“ရဲလျှင်ကြံ။ ကြောက်လျှင်ပြန်
သူရသတ္တိနည်းလျှင် ပျက်စီးရမည်
ကိုယ်ဖို့ကြုံလျှင် သက်လုံကောင်းကြပါစေ
သွေးမထွက်သောစစ်ပွဲကြီးကို ဆင်နွှဲကြ။
ကိုယ့်ရည်မှန်းချက် အောင်မြင်ချင်ရင် နောက်မတွန့်ကြနဲ့။

( ဆရာတော်ဦးဥတ္တမ)

ဒီဇင်္ဘာလ ၂၈ ရက်နေ့သည် ၁၃၁ နှစ်မြောက် ရခိုင်အာဇာနီ အာရှနီဝန်း မြန်မာ့လွတ်လပ်ရေး မီးရူးတန်ဆောင် အသျှင်ဦးဥတ္တမ မွေနေ့တွင် ဆရာတော်အား ဤဆောင်းပါးဖြင့် ဂုဏ်ပြု ပူဇော်ပါသည်။

No comments: