Monday, December 27, 2010

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း၂၂ နှစ်မြောက် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်း

ရန်ပိုင် Monday, 27 December 2010

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ၀တ်ပြု ဆု တောင်းပွဲ အခမ်းအနားကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ယနေ့နံနက် ၁၀ နာရီခွဲ ခန့်က ပြုလုပ်သည်။
နံနက်ပိုင်းတွင် ရွှေတောင်ကုန်း သာသနာ့ရိပ်သာမှ ဆရာတော် ဦးပဏ္ဍိတ ၀ံသ၊ ချမ်းမြေ့ဆရာတော် ရှင်ဇနကာဘိဝံသ အပါအ၀င် သံဃာတော် ၁၀ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်တဦးဖြစ်သည့် ဦးအုန်းကြိုင် က ပြောသည်။

ထို့နောက် နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး ခရစ်ယာန်ဘာသာမှ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဦးအာသာကိုလေး၊ ဦးခင် မောင်ရွှေ၊ ရိုမန်ကက်သလစ် ဂိုဏ်းမှ သိက္ခာတော်ရ ဆရာကြီး ဦးရယ်ဂျီ စသည့် ခရစ်ယာန် ဘာသာ ဂိုဏ်းပေါင်းစုံမှ ပုဂ္ဂိုလ်များ လည်းကောင်း၊ ညနေပိုင်းတွင် အစ္စလမ် ဓမ္မ ဗိမာန်မှ ဦးအေးလွင် ဦးဆောင်သော အစ္စလမ် ဘာသာရေး အဖွဲ့နှင့် ဦးလှအောင် ခေါင်း ဆောင်သည့် ဟိန္ဒူဘာသာရေး အဖွဲ့ စသည့် ဘာသာရေး အဖွဲ့များက အလှည့်ကျ လာရောက် ဆုတောင်းကြကြောင်း ၎င်းက ဆက်လက်ပြောသည်။

တက်ရောက်လာကြသည့် ဧည့်ပရိသတ်၏ မေတ္တာရပ်ခံချက်အရ မိခင်ကြီး ဒေါ်ခင်ကြည်၏ ကျေးဇူးတရားများကို ဒေါ်အောင်ဆန်း စုကြည် က ပြောကြားပြီးနောက် ညနေ ၄နာရီတွင် ရွှေတိဂုံဘုရားလမ်းရှိ ဒေါ်ခင်ကြည်၏ အုတ်ဂူသို့ သွားရောက်ပြီး ဂါရ၀ပြုသည်။

ဒေါ်ခင်ကြည်အား ရွှေတိဂုံ ခြေတော်ရင်း တောင်ဘက်မုခ် အနီးရှိ သီပေါမင်း ၏ မိဖုရား စုဘုရားလတ်၊ ငြိမ်းချမ်းရေးဗိသုကာ ဆရာ ကြီး သခင်ကိုယ်တော် မှိုင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် စသည့် ပုဂ္ဂိုလ်ကြီးများ၏ ဂူဗိမာန်များအနီးတွင် ဂူသွင်း သဂြိုဟ် ထားသည်။

ဒေါ်ခင်ကြည်ကို ၁၉၁၂ ခုနှစ် ဧရာဝတီတိုင်း မြောင်းမြမြို့ အဘ ဦးဖိုးညှင်း၊ အမိ ဒေါ်ဖွားစု တို့မှ မွေးဖွားခဲ့ပြီး ဒုတိယ ကမ္ဘာစစ် အတွင်း အစ်မဖြစ်သူ ဒေါ်ခင်ကြီးနှင့် အတူ သူနာပြုဆရာမ တာဝန်ကို ထမ်းဆောင်ခဲ့သည်။

ထိုသို့ တာဝန်ထမ်းနေစဉ်အတွင်း မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် တွေ့ဆုံ၍ ၁၉၄၂ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် လက်ထပ်ခဲ့သည်။ အစ်မဖြစ်သူ ဒေါ်ခင်ကြီးမှာလည်း မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် အရေးပါသော ခေါင်း ဆောင် တဦးဖြစ်သည့် သခင် သန်းထွန်းနှင့် လက်ထပ်ခဲ့သည်။

ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်ထပ်ခဲ့ပြီးနောက်ပိုင်း သား (၂)ယောက်၊ သမီး (၁)ယောက်မွေးဖွားခဲ့ပြီး အငယ် ဆုံးသား ဖြစ်သူ အောင်ဆန်းလင်းမှာ ငယ်စဉ်ကပင် ရေနစ်သေဆုံးခဲ့သည်။

ခင်ပွန်း ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး နောက်ပိုင်းတွင် အာဏရ ဖဆပလ အစိုးရအဖွဲ့တွင် ၁၉၄၇ ခုနှစ်မှ ၁၉၅၂ ခုနှစ် အထိ လွှတ်တော်အမတ်၊ ၁၉၆၀ ခုနှစ်တွင် မြန်မာပြည်၏ ပထမဆုံး အိန္ဒိယနိုင်ငံဆိုင်ရာ အမျိုးသမီး သံအမတ်အဖြစ် တာဝန်ယူ ခဲ့ သည်။

ထို့နောက် ဒေါ်ခင်ကြည်သည် ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် လေဖြတ်ဝေဒနာကို ခံစားရပြီး ဒီဇင်ဘာ ၂၇ ရက်နေ့ အသက် ၇၆ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။
သား အကြီးဆုံးဖြစ်သူ ဦးအောင်ဆန်းဦးမှာ ယခုလက်ရှိ အမေရိကန် ပြည်ထောင်စုတွင် နေထိုင်နေပြီး သမီးဖြစ်သူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်တွင် နေထိုင်လျက်ရှိသည်။

No comments: