Wednesday, December 22, 2010

တိုက်ပွဲကြောင့် နအဖ တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များနေ

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသ ဖလူးလေးကျေးရွာအနီးတွင် နအဖနှင့်ဒီကေဘီအေတို့ကြား ယနေ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားရာ နအဖဘက်က ၂ဦးကျဆုံးခဲ့ပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။

ဒီကေဘီအေ တပ်မဟာ(၅)မှ (၉၀၂)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောကျော်သက်က “ဒီနေ့မနက် ၁၁နာရီ မိနစ် ၂၀မှာ ဖလူးလေး ရွာထိပ်မှာရှိတဲ့ နအဖ ခမရ(၃၁၀)တပ်ရင်းကို ကျနော်တို့လူတွေ သွားပစ်တယ်။ ပစ်ခတ်ချိန် ၁၀မိနစ်လောက်မှာ နအဖဘက် က ၂ဦးသေ၊ ၂ဦး ဒဏ်ရာရတယ်။ ကျနော်တို့ဘက်ကတော့ ထိတာမရှိဘူး။”ဟု ပြောသည်။

အလားတူ ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ မာနယ်ပလောဒေသတွင်လည်း ယနေ့မနက် အစောပိုင်းတွင် ကိုလာဝါးလူရှိ နအဖ စစ်တပ်အား ကေအဲန်အယ်လ်အေ (၂၀၂)တပ်ရင်းမှ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိမရှိကို မသိ ရသော်လည်း ယမန်နေ့က ဝေါ်လေနှင့် ကနဲလေးကြားရှိ ဖော်မုဘောထာ့နေရာတွင် ဖြစ်ပွားခဲ့သည့် နအဖနှင့် ဒီကေဘီအေ တိုက်ပွဲတွင် နအဖဘက်က ၈ဦးကျဆုံးကာ ၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေတို့မှ ယနေ့ ပြောသည်။

အလားတူ တနင်္သာရီတိုင်းရှိ ကေအဲန်ယူ တပ်မဟာ(၄) နယ်မြေဘက်တွင်လည်း ပြီးခဲ့သည် ဒီဇင်ဘာလ ၁၉ရက်နေ့ မနက် ၈နာရီတွင် ထားဝယ်အရှေ့ဘက်ခြမ်း ကွီးဝေါ်ကျေးရွာအနီး၌ နအဖစစ်တပ် ရှေ့တန်းအမှတ်(၂၀) လက်အောက်ခံ ခမရ(၅၉၂) စစ်ကြောင်း(၁)အား ကေအဲန်အယ်လ်အေ တပ်မဟာ(၄)တပ်ဖွဲ့ဝင်များမှ သွားရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်က တပ်ကြပ် ၄ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၄ဦးအနက် ၆ဦးမှာ စိုးရိမ်ရသည့်အတွက် ထားဝယ်မြို့ စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိ ရသည်။

No comments: