Saturday, December 25, 2010

စစ်တွေတွင် ရုတ်တရက်သေဆုံးသူ နိုင်ငံခြားသား ရုပ်အလောင်း ရန်ကုန်သို့ ပို့ဆောင်

နိရဉ္စရာ

စစ်တွေတွင် ဒီဇင်္ဘာလ ၂၂ ရက်နေ့က ရုတ်တရက် သေဆုံးသွားသူ နိုင်ငံခြား အလောင်းကို ယမန်နေ့ ညနေက စစ်တွေကနေ ရန်ကုန်သို့ လေယျာဉ်ဖြင့် ပို့ဆောင်လိုက်ကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ တောင်ကိုရီးယားနိုင်ငံသား ဖြစ်ပြီး အမည်မှာ မစ္စတာမာလိန် ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့မှ အမျိုးသမီး တစ်ဦးက “သူက ဒီဇင်္ဘာ ၂၂ ရက်နေ့မှာ တည်းခိုနေတဲ့ နိုဘဲလ် ဟိုတည်က အထွက်မှာ လမ်းမှာ ရုတ်တရက် လဲကျသွားပါတယ်။ ဒါနဲ့ ထွန်းဓါတ်မှန် ဆေးခန်းကိုပို့တယ်။ ဒါပေမယ့် အခြေအနေ မကောင်းတဲ့ အတွက် စစ်တွေဆေးရုံကို အပို့မှာ ဆုံးသွားခဲ့ပါတယ်” ဟု ပြောသည်။

စစ်တွေမြို့မှ လာသော သတင်းအရ သေဆုံးသွားသူ ကိုးရီးယားနိုင်ငံသားမှာ အန်ဂျီအို တစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သော်လည်း သူတာဝန်ထမ်းဆောင်နေသော အန်ဂျီအိုကို လူအများက မသိရှိကြောင်း ပြောသည်။

စစ်တွေ ဆေးရုံကို အဆိုပါ တောင်ကိုးရီးယားနိုင်ငံသား သေဆုံးမူနှင့် ဆက်သွယ်မေးမြန်းရာ နိုင်ငံခြား တစ်ဦးသေဆုံးကြောင်းကို အတည်ပြု ပြောကြားသော်လည်း မည်သည့် ရောဂါကြောင့် သေဆုံးသွားသည်ကို ပြောကြားရန် ငြင်းဆိုသည်။

စစ်တွေတွင် ယခုကဲ့သို့ နိုင်ငံခြားသား တစ်ဦး ရုတ်တရက် ကွယ်လွန်သွားခြင်းမှာ ဆယ်စုနှစ် တခု အတွင်း ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

No comments: