Thursday, December 23, 2010

သျှမ်းပြည်တောင်ပိုင်း၌ မြို့နယ်ခွဲ ၃ ခုထက်မနည်း နအဖတိုးချဲ့ဖွဲ့စည်း

မွေခေါဝ်

နအဖစစ်အစိုးရက သျှမ်းပြည်တောင်ပိုင်း မိုင်းရှုး၊ ကွန်ဟိန်းနှင့် နမ့်ဇန်မြို့နယ်များ၌ ကျေးရွာအုပ်စုအချို့ ပေါင်းစည်း၍ မြို့နယ်ခွဲအဆင့် ၃ ခုထက်မနည်း တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။

“နေပြည်တော်က အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်နဲ့ တောင်ကြီးတိုင်းမှူး ဗိုလ်မှူးချုပ်ဆန်းဦး တို့ မိုင်းရှုးနဲ့ ကွန်ဟိန်း မြို့နယ်ဘက် လာရောက်ကြည့်ရှု့စစ်ဆေးပြီးနောက် ကာလိ၊ မိုင်းဇန်နဲ့ ခိုလမ်တိုက်နယ်တွေကို မြို့နယ်ခွဲအဆင့်အဖြစ် တိုးချဲ့ဖွဲ့စည်းမယ်လို့ပြောတယ်” ဟု မိုင်းရှုးဒေသခံတစ်ဦးက ပြောပါသည်။

ထပ်မံတိုးချဲ့လိုက်သည့် မြို့နယ်ခွဲများမှာ မိုင်းရှုးမြို့နယ်၌ မိုင်းဇန်မြို့နယ်ခွဲ၊ ကွန်ဟိန်းမြို့နယ်၌ ကာလိမြို့နယ်ခွဲ၊ နမ့်ဇန် မြို့နယ်၌ ခိုလမ်မြို့နယ်ခွဲတို့ဖြစ်ကြ၏။ ထိုမြို့နယ်ခွဲများအား ကျေးရွာအုပ်စုသုံးလေးခုပေါင်းစည်း၍ တိုးချဲ့ ဖွဲ့စည်းသည် ဟုဆို၏။

“မိုင်းဇန်မြို့နယ်ခွဲမှာ မိုင်းဇန်ကျေးရွာအုပ်စုဘဲ ပါတာမဟုတ်ဘူး။ မိုင်းဇန်၊ ဟိုဆိုင်၊ ဟွေ့ဟေးနဲ့ ဟိုပုံကျေးရွာအုပ်စု တွေပေါင်းပြီးတော့ မိုင်းဇန်မြို့နယ်ခွဲအဖြစ် သတ်မှတ်တာဖြစ်တယ်” ဟု ၎င်းကဆက်လက်ပြောပါသည်။

မြို့နယ်ခွဲအဆင့်ဖွဲ့စည်းရာ၌ လုံခြုံရေးအတွက် ခြေလျင်/ခြေမြန်တပ်ရင်း၊ အမြောက်တပ်ရင်းအပါအ၀င် ဌါနဆိုင်ရာများ လည်း တိုးချဲ့ရုံးစိုက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဒေသတွင်းနိုင်ငံရေး၊ စစ်ရေးအုပ်ချုပ်ရေးလွမ်းမိုးနိုင်ရန် မဟာ ဗျူဟာစီမံချက်လည်းဖြစ်သည်ဟု အကဲခတ်များသုံးသပ်ကြသည်။

“ဒီလိုအင်အား ၄-၅၀၀ တပ်ရင်းတွေ တိုးချဲ့လာတာဟာ ၀ တပ်ဖွဲ့ UWSA ရဲ့ သံလွင်အနောက်ဘက်ကမ်း ၀င်ထွက် ဆက်သွယ်မှုကို ဖြတ်တောက်ပစ်သလို တပ်မဟာ ၁ နဲ့ တိုက်ခိုက်ဆဲ SSA အကြား ပိတ်ဆို့လိုက်တာဘဲ။ ပြည်သူ့စစ် အသွင်ပြောင်းထားတဲ့ တပ်မဟာ ၇ မလှုပ်သာအောင် ထိန်းချုပ်လိုက်တာလဲဟုတ်တယ်။ တချက်ခုတ်သုံးချက်ပြတ် ပေါ့” ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြပါသည်။

၂၀၀၄ အထိ သျှမ်းပြည်၌ မြို့နယ်ခွဲပေါင်း ၂၀ ခုသာရှိခဲ့၏။ ၎င်းတို့မှာ တောင်ကြီးမြို့နယ် ကျောက်တလုံးကြီး မြို့နယ်ခွဲ၊ ရပ်စောက်မြို့နယ် အင်တောမြို့နယ်ခွဲ၊ ပင်လောင်းမြို့နယ် နောင်တရားမြို့နယ်ခွဲ၊ မိုင်းပန်မြို့နယ် ဟိုမိန်းမြို့နယ်ခွဲ၊ မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့နယ်ခွဲ၊ လွိုင်လင်မြို့နယ် ပင်လုံမြို့နယ်ခွဲ၊ ကျေးသီးမြို့နယ် မိုင်းနောင် မြို့နယ်ခွဲ၊ မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ၊ မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့နယ်ခွဲ၊ မိုင်းပျင်းမြို့နယ် တုံတာမြို့နယ်ခွဲ၊ မိုင်းယောင်းမြို့နယ် မိုင်းယုမြို့နယ်ခွဲ၊ တာချီလိတ်မြို့နယ် ကျိုင်းလပ် မြို့နယ်ခွဲနှင့် တာလေမြို့နယ်ခွဲ၊ မိုင်းယန်းမြို့နယ် မိုင်းပေါက်မြို့နယ်ခွဲ၊ ဟိုပန်မြို့နယ် နမ့်တစ်မြို့နယ်ခွဲ၊ လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့နယ်ခွဲ၊ ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ၊ မူစယ်မြို့နယ် မုံးကိုးမြို့နယ်ခွဲနှင့် မန်ဟီးရိုးမြို့နယ်ခွဲ၊ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ တို့ဖြစ် ကြသည်။

No comments: