Wednesday, December 22, 2010

ရခိုင်လေဘေး ကြံ့ခိုင်ရေး စိတ်မ၀င်စား

သင်းသဇင်ခိုင်

ဂီရိမုန်တိုင်းကြောင့် ဒုက္ခအကြီးအကျယ် ရောက်နေကြရသော ရခိုင် လေဘေးသင့်ပြည်သူများကို ကြံ့ခိုင်ရေး ပါတီမှ တစုံတရာ ကူညီပေးရန် စိတ်ဝင်စားမူ မရှိကြောင်း ကြံ့ခိုင်ရေး ပါတီနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“ အဓိကတော့ ရွေးကောက်ပွဲမှာ အကြီးအကျယ် အရှုံးပေါ်သွားတော့ ကြံ့ခိုင်ရေးက အတွင်းရေးမှူး ဦးကျော်ရင်တို့ ဒေါက်တာ စန်းရွှေတို့က ရခိုင်လူထုကို အထူး စိတ်နာနေကြတယ်လေ။ ကျွန်တော်တို့ တင်ပြတိုင်း သူတို့က ပယ်ချတယ်။ ပါတီမှာ ရံပုံငွေတွေရှိပေမယ့် သူတို့ကဆန်တအိတ် တစ်ပိုင်းကိုတောင် ကူညီတာ မရှိသေးပါဘူး” ဟု သူက ပြောသည်။

နိုဝင်္ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ လေဘေးသင့်မြို့နယ် ၄ ခုစလုံးတွင် တစ်နေရာမှ အနိုင်မရဘဲ အကြီးအကျယ် အရှုံးပေါ်ခဲ့သည်။

“ အဓိက ရခိုင်က နေရာတွေမှာ ကြံ့ခိုင်ရေး ပါတီ ရှုံးတော့ ပါတီ ရခိုင် အတွင်းရေးမှူးကို နိုဝင်္ဘာလ ၂၆ ရက်နေ့မှာ နေပြည်တော်ကို ခေါ်ယူပြီး အထက်က ဘာတွေ ပြောလိုက်တယ် မသိပါ။ လေဘေးသင့် ပြည်သူတွေကို မကူညီတဲ့ အပြင် စိတ်နာတယ်လို့ ပြောနေပါတယ်” ဟု သူက ဆက်ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ တတ်နိုင်သလောက် လေဘေးသင့်ပြည်သူများအား သွားရောက် ကူညီနေသော်လည်း မြန်မာနိုင်ငံ၏ အကြီးမားဆုံး နိုင်ငံရေး ပါတီ တစ်ခု ဖြစ်သော ကြံ့ခိုင်ရေးပါတီမှ တစုံတရာ ကူညီပေးခြင်း မရှိသေးကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် နေရာ အနှံ့အပြားတွင် မဲရှုံးခဲ့၍ ဂီရိ လေဘေးသင့် ပြည်သူများကို မျက်ကွယ်ပြု ပစ်ပယ်ထားသဖြင့် တိုင်းရင်းသား ပြည်သူများ၏ လိုအပ်ချက်ကို သယ်ပိုးရန်နှင့် မြန်မာပြည်သူများ ဖွံ့ဖြိုး တိုးတက်ရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားပါသည် ဆိုသော ကြံ့ခိုင်ရေး ပါတီ နိုင်ငံရေး ခံယူချက် အပေါ် လူများက မေးခွန်းထုတ်နေကြသည်ဟု သိရသည်။

No comments: