Sunday, December 19, 2010

“ဒန်အိုးဒန်ခွက် ဝယ်တယ်၊ မန်ယူဝယ်တယ်၊ ပန်းကန်ပြားပျံဝယ်မယ်”

ရန်ကုန်သားတာတေ

“ရဲဘော်တို့ … စစ်သတ်ကတို ချိုကုပ်လောင်း ဆင်းပွဲမှာ မှာကြားစရာ ရှိတာတွေကို အောက်ကလူတွေ ရေးထားတဲ့အတိုင်း ဖတ်ပြမယ် … သေချာ နားထောင်ကြ”

ပြင်ဦးလွင်ခေါ် မေ့မြို့ (ခေါ်ရမည့် အမည် မေ့သွားသောကြောင့် ဦးလွင်က ပြင်ပေးလိုက်ရသောမြို့) ရှိ စစ်သတ်ကတို ချိုကုပ်လောင်း ဆင်းပွဲတွင် ဖိတ်ကြားမခံရသော်လည်း ရောက်ရှိသွားသော ဦးရုက္ခစိုးကြီး ပြန်လည် ဖောက်သည် ချသမျှကို ရန်ကုန်သားတာတေက အရင်းအတိုင်း ရေးသားပါမည်။ ယခု ချိုကုပ်ဒူးကြီး မိန့်ခွန်း စပြော … အဲ … စဖတ်နေပြီ ဖြစ်၏။

ချိုကုပ်။ ။ ၁၉၅၃ ခုနှစ်ကနေ ၅၆ ခုနှစ်မှာ တရုတ်ကူမင်တန်တပ်တွေ ကျူးကျော်လို့ သတ်မတော်က ရွပ်ရွပ်ချွံချွံ ကာကွယ် ခဲ့တယ်။ ၁၉၅၈ မှာတော့ တိုင်းပြည်က ပါတီစုံနိုင်ငံရေး အားပြိုင်မှုတွေကြောင့် သတ်မတော်ကပဲ တာဝန်မယူချင်ဘဲ ယူခဲ့ ရပြန်တယ်။ နောက်တခါ ၁၉၆၂ ကျပြန်တော့လည်း ပုဂ္ဂိုလ်စွဲ လူတချို့ကြောင့် သတ်မတော်က …. က ...။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီး … ကြည့်လည်း လုပ်ဦး … တမိုးလုံး ဖျောက်ဆိပ်ချည်းပဲ ဖြစ်နေပြီ။ သတ်မတော်ချည်းပဲလား။

ချိုကုပ်။ ။ ဒီတိုင်းပဲ ရေးထားတာကို ဦးရုက္ခစိုးရဲ့ … ။ ဒါတောင် ၁၉၆၂ ခုနှစ်ပဲရှိသေးတယ်။ မရှုပ်နဲ့ဗျာ … ဆက်ပြောမယ်။ ရဲဘော် ချိုကုပ်လောင်းတို့ … ၁၉၈၈ ခုနှစ်မှာ လူထု အုံကြွမှုကြီးဖြစ်တော့ သတ်မတော်ကပဲ တိုင်းပြည်ကို စောင့်ရှောက် ရပြန်တယ်။ သတ်မတော်သာ မရှိရင် ဘာဖြစ်သွားမယ်ထင်သလဲ။

ရုက္ခစိုး။ ။ သတ်မတော်သာ မရှိရင် ခုလောက်ဆို ဒီမိုကရေစီ ရရောပေါ့။

ချိုကုပ်။ ။ ဟုတ်တာပေါ့ … အယ် ဟုတ်ပါဘူး။ သတ်မတော်သာ မရှိရင် တိုင်းပြည်ဟာ မီးဟုန်းဟုန်း တောက်ပြီး … ဇီးကုန်းက ကျောက်တွေလို ... အဲ … အဲဒီလိုပေါ့လေ။ အဲဒီလို ဖြစ်ချင် ဖြစ်မှာဆိုတော့ ကြိုတင်ပြီး တိုင်းပြည်ကို အာဏာ သိမ်းလိုက်ပါတယ်…။ ပြီးတဲ့ အခါမှာကျတော့ အမျိုးသားညီလာခံကြီးကို သတ်မတော်ကပဲ ခေါ်ပေးရပြန်တယ်။ အောင်မလေး ပင်ပန်းလိုက်တာ ဖတ်ဖတ်မောပါပဲ။

ရုက္ခစိုး။ ။ ဟာ … ကျော်သွားပြီ ချိုကုပ်ဒူးကြီး ...။ ၁၉၉၀ တုန်းက ရွေးကောက်ပွဲ လုပ်ပေးတော့ NLD နိုင်တယ်ဆိုတာ ကျန်ခဲ့တယ်လေ။ ပြီးမှ အမျိုးသားညီလာခံလေ ...။

ချိုကုပ်။ ။ သိတယ် မရှည်နဲ့။ စာထဲမှာ ရေးထားတာ အဲဒါမပါဘူး။ ဒါက အရေးမကြီးဘူးလေ ...။ ဆက်ပြောမယ်။ ရဲဘော်တို့ … အဲဒီကနေ စပြီး သတ်မတော်ဟာ သတ်တဲ့အလုပ်တင်မကဘူး … ထောင်ချတဲ့အလုပ် တွေအပြင် အဲ … တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေး အလုပ်တွေကိုပါ အင်တိုက် အားတိုက် လုပ်လိုက်ကြတာ … ၁၉၈၈ မတိုင်ခင်ကဆိုရင် တံတားတွေ … ဆည်မြောင်း တာတမံတွေ ဘာမှ မရှိသေးပေမယ့် … အခုဆိုရင် လမ်း တံတား ဆည်မြောင်း တာတမံတွေဟာ လက်ညှိုးထိုး မလွဲဖြစ်နေပြီ။

ရုက္ခစိုး။ ။ ဒါပေါ့ … ဒါပေါ့ … စီမံကိန်းတခုတိုး လုပ်လိုက် ချိုကုပ်တွေ အိတ် ပိုဖောင်းလိုက် ...။

ချိုကုပ်။ ။ အဲဒီလို အိတ်တွေ ဖောင်းသထက် ဖောင်းလာတဲ့အခါမှာ သတ်မတော်ဟာ … အာဏာကို လက်မလွှတ် ချင်တော့တာနဲ့ … စိန်တွေ ဝယ်စု … အယ် ယောင်ကုန်ပြီ။ ဦးရုက္ခစိုး ငြိမ်ငြိမ်နေပါဗျာ။ ဒီမှာ ၂၀၁၀ ပြည့်နှစ်ကို ရောက်ခါနီးနေပြီ။

ရုက္ခစိုး။ ။ မရောက်သေးဘူးလေ … ချိုကုပ်ဒူးကြီး ရွတ်ပြရမယ့် စာရွက်က တော်တော်များတာ။ ကြည့်လိုက်ဦး။

ချိုကုပ်။ ။ ကဲ … ရဲဘော်ချိုကုပ်လောင်း အပေါင်းတို့။ ရဲဘော်ချိုကုပ်လောင်းတွေဟာ တချိန်ကျရင် အိတ်ဖောင်းကြဦးမှာပဲ။ အဲဒီလို အိတ်ဖောင်းပြီးရင် လိပ်ခေါင်း … ဟာ … စာလုံးလေးတွေက သေးတော့ သိပ်မမြင်ရဘူးဗျ။

ရုက္ခစိုး။ ။ မမြင်ရလည်း … စိတ်ထဲ ထင်တာသာ ရွှီးလိုက်ဗျာ။ ခင်ဗျား ပြောသမျှကို အောက်ကလည်း ဘာမှ ပြန် ပြောမှာ မဟုတ်ဘူး။ ငုတ်တုတ်ကြီးတွေ အိပ်ပျော်နေကြတာပဲဟာ။

ချိုကုပ်။ ။ ဒီတော့ ရဲဘော်တို့ … အဆုံးသတ်ရရင် … သတ်မတော်ဟာ လွတ်လပ်ရေးရပြီးကတည်းက မနားရသေးပါဘူး။

ရုက္ခစိုး။ ။ နှစ်ပေါင်း ၆၀ နီးပါး ပြည်သူလူထုကို နှိပ်စက်ခဲ့ပြီးပြီလို့ ပြောလေ။

ဦးရုက္ခစိုးကို ချိုကုပ်ဒူးကြီးက “ဝင်မပြောနဲ့” ဆိုသည့်သဘောဖြင့် လက်ကာပြသည်။

ချိုကုပ်။ ။ ဒါပေမယ့် ဝပြီလား ဆိုတော့ မဝသေးပါဘူး။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေ လုပ်လို့ မဝသေးတာကို ပြောတာနော်။ အခုဆို လယ်သမားတွေဆီကနေ မြေတွေ ယာတွေ သိမ်းပြီးတော့ တကူးတက မဖြစ်နိုင်တဲ့ စီမံကိန်းကြီးတွေ အကောင်အထည် ဖော်ဖို့တောင် လုပ်နေပြီ။ ဒီအလုပ်တွေကိုတော့ သတ်မတော်က မလုပ်တော့ဘူး ...။ ရွေးဂေါက်ပွဲမှာ ၁၀၅ ရာခိုင်နှုန်း အနိုင်ရထားတဲ့ လွှတ်တော် အမတ်ကြီးတွေကို လုပ်ခွင့်ပေးထားတယ်။ ဒါ သတ်မတော်ရဲ့ အနစ်နာခံမှု ...။

ရုက္ခစိုး။ ။ ဖိုးလောက်လန်းကို မန်ယူ ဝယ်ပေးမယ့်ကိစ္စကကော ...။

ချိုကုပ်။ ။ အများပြောစရာ ဖြစ်မှာစိုးလို့ ဝယ်မပေး တော့ဘူးလေ။

ရုက္ခစိုး။ ။ သာဓုဗျာ … သာ …...........။

ချိုကုပ်။ ။ မန်ယူ မဝယ်ပေးပေမယ့် ပန်းကန်ပြားပျံ ဝယ်ပေးမလို့ အခု ဂြိုဟ်သားတွေကို တင်ဒါ ခေါ်ထားတယ်။ လေလံစနစ်နဲ့ ဝယ်မယ်လေ။

ဦးရုက္ခစိုး၏ သာဓုမှာ လေထဲတွင် တန်းလန်း ရပ်သွားသည်။ ချိုကုပ်ဒူးကြီးက ၎င်း၏ မိန့်ခွန်းကို ဆက်၏ ...။

ချိုကုပ်။ ။ ရဲဘော်တို့ … အနှစ် ၂၀ အတွင်း တိုင်းပြည်မှာ ဖွံ့ဖြိုးတိုးတက်မှု မရှိတဲ့ ကဏ္ဍဆိုတာ မကျန်ရလေအောင် သတ်မတော်က ဘယ်လိုတွေ လုပ်ခဲ့လဲဆိုတာ သမိုင်းမှတ်တိုင်မှာ လူစောင့်နေတဲ့ ကားတွေကိုသာ မေးကြည့် … အဲ … သမိုင်းမှတ်တိုင် … စိုက်ထူနိုင်ခဲ့ပြီ မဟုတ်လား။ အဲဒီတော့ သတ်မတော်က လာမယ့် အစိုးရသစ်ကို ကူညီကြရမယ်။

ရုက္ခစိုး။ ။ အစိုးရသစ်က ဘယ်သူတွေလဲဟင် ...။

ချိုကုပ်။ ။ ဘယ်သူကမှာလဲ … ကျုပ်တို့ပဲပေါ့ဗျ။ ဆက်ပြောမယ် ရဲဘော်တို့ … ကျုပ်တို့ သတ်မတော်ဟာ … အဲဒီအစိုးရသစ်ကြီးနဲ့အတူ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံသစ်ကြီးဆီကို ချီတက်ကြမယ်။

ရုက္ခစိုး။ ။ စည်းကမ်းပြည့်ဝတဲ့ နိုင်ငံဆိုတာ ဘယ်လိုဟာမျိုးလဲ။

ချိုကုပ်။ ။ ကျုပ်ပြောသမျှ ဟုတ်ဟုတ် မဟုတ်ဟုတ် ခေါင်းညိတ်တာကို ပြောတာလေ။ နေဦးဗျာ။ တကြောင်းတည်း ကျန်တော့တယ်။ အဆုံးသတ်ရရင် … ရဲဘော်တို့လို ချိုကုပ်လောင်းတွေလည်း ချီတက်တဲ့ထဲ ပါရမယ် ဆိုတာ ပြောကြားရင်း နိဂျုံးခုတ်လိုက်ရပါတယ်။

ချိုကုပ်ဒူးကြီး၏ မိန့်ခွန်းပြီးသွားပြီ ဖြစ်သည်။ အိပ်ငိုက်နေရာမှ ယောင်ယမ်း လန့်နိုးလာသော ချိုကုပ် တယောက်က မတ်တပ်ရပ်ကာ လက်ဝှေ့ရမ်း ပြလိုက်တော့မှ ကျောင်းဆင်း ချိုကုပ်လောင်းများအားလုံး လက်ခုပ် တီးလိုက်ကြသည်။

“မင်းတို့ ရေးတဲ့မိန့်ခွန်းက တော်တော်ရှည်တာပဲ။ နောက်တခါ ခပ်တိုတိုရေး ...” ဟု ချိုကုပ်ဒူးကြီးက ချိုကုပ်တယောက်အား လှမ်းငေါက်လိုက်စဉ် မြေးတော် ဖိုးလောက်လန်းလေး အနားရောက်လာသည်။

လောက်လန်း။ ။ ဘိုးဘိုး … ဘိုးဘိုး … ပန်းကန်ပြားပျံ ဝယ်ပေးမယ်ဆို။ လုပ်ပါ ဘိုးဘိုးရယ်။ ကမ္ဘာမှာ ဘယ်သူမှ မစီးနိုင်သေးတဲ့ ယာဉ်ကို မြေးလေး လိုချင်လို့ပါ။

ချိုကုပ်။ ။ ဝယ်ပေးပါ့မယ် မြေးရယ်။ ဘယ်ဈေးမှာ ဝယ်ရမှန်းမသိလို့ပါ။ သီရိမင်္ဂလာ ဈေးသစ်ကြီးမှာများ ရမလား။

လောက်လန်း။ ။ ဟာ … ဘိုးဘိုးကလည်း … သီရိမင်္ဂလာဈေးမှာ ရမလား။ အင်္ဂါဂြိုဟ်မှာ သွားဝယ်မှ ရမှာပေါ့။

ချိုကုပ်။ ။ ဘိုးဘိုးကလည်း အင်္ဂါဂြိုဟ်မပြောနဲ့ ဂီရိ ဒေသတောင် ရောက်ဖူးတာမဟုတ်ဘူး။ နာဂစ်ဖြစ်တဲ့ ဧရာဝတီတိုင်းတောင် ရောက်ဖူးတာ မကြာသေးဘူး။ ဘိုးဘိုးက တရုတ်နဲ့ အိန္ဒိယ လောက်ပဲ သွားဖူးတာလေ။

လောက်လန်း။ ။ ဟာ … ဘိုးဘိုးကလည်း … ပန်းကန်ပြားပျံ ဝယ်ပေးမယ်ဆိုလို့ သားက ဒီအခမ်းအနားကို တက်တာနော် …။ အဘိုးက နှမြောနေတာလား။ မဝယ်ပေးရင်တော့ ဒါပဲ ... ဒါပဲ။

ဖိုးလောက်လန်း မျက်နှာညိုတော့ ချိုကုပ်ဒူးကြီး ပျာပျာသလဲ ဖြစ်သွားသည်။

ချိုကုပ်။ ။ ဟာ မနှမြောဘူး မြေးလေးရဲ့ … ဝယ်ပေးမယ် ဝယ်ပေးမယ်။ ဘယ်သွားဝယ်ရ ဝယ်ရ၊ ဘယ်လောက် ပေးရ ပေးရ … အဘိုး ပိုက်ဆံမှ မဟုတ်တာ။ ပြည်သူလူထု ပိုက်ဆံပဲဟာ။

ဒေါ်ကွိုင်ကွိုင်က သူဖြေရှင်းမှ ဖြစ်တော့မည်ဆိုသည့် မျက်နှာပေးနှင့် မြေးအဘိုးနားကို ရောက်လာသည်။

ကွိုင်ကွိုင်။ ။ ဒီမှာ မောင်တော်။ မြေးတော်လေး လိုချင်တဲ့ဟာ ချက်ချင်း ဝယ်ပေးလိုက်ပါ။ အခုနကပဲ သတင်းတခု ရတယ်။ မြောက်ဒဂုံမှာ ပန်းကန်းပြားပျံ တွေ့တယ်တဲ့၊ မောင်တော်ကိုယ်တိုင် သွားဝယ်ပေးလိုက် ဒါပဲ။ တချက်လွှတ်အမိန့်။

စကားချပ် - ချိုကုပ်ဒူးကြီး မိန့်ခွန်းဖတ်နေစဉ် ဒေါ်ကွိုင်ကွိုင်က ပျင်းပျင်းနှင့် ဂျာနယ်များကို လှန်နေရာမှ “ဂေါ်ဗျူဟာ” ဂျာနယ်တွင် ပါရှိသော ပန်းကန်ပြားပျံ သတင်းကို တွေ့ခဲ့ခြင်းဖြစ်သည်။

ဒေါ်ကွိုင်ကွိုင့်စကားကို မပယ်ရှားနိုင်သော ချိုကုပ်ဒူးကြီးမှာ ချက်ချင်းဆိုသလို မေ့မြို့မှနေ၍ မြောက်ဒဂုံသို့ ဟတ်စကီးဖြင့် ခရီးနှင်ရ လေတော့သည်။ ဦးရုက္ခစိုးလည်း သူ့တန်ခိုးဖြင့် ချိုကုပ်ဒူးကြီးနောက်က ကပ်လိုက်သွား၏။

မြောက်ဒဂုံမြို့သစ်တွင် ဒေါ်ကွိုင်ကွိုင်ပြောသကဲ့သို့ ပန်းကန်ပြားပျံများ ပျံဝဲနေသည်ကို အံ့မခန်း တွေ့လိုက်ရသည်။

မီးမလာသည်ကို အင်ဗာတာဖြင့် ကိုရီးယားကား အကြည့်မပျက်သော မိန်းမအား ယောက်ျားဖြစ်သူက မြည်တွန်တောက်တီး ရာမှ ရန်ထဖြစ်ကြရာ … ကိုရီးယားကားကို အထိမခံသည့် မိန်းမဖြစ်သူက ပန်းကန်ပြားများဖြင့် ကောက်ပေါက်နေသောကြောင့် ထိုသို့ ဝဲပျံနေခြင်း ဖြစ်သည်။

အဆိုပါ ပန်းကန်ပြားပျံများကို တန်ခိုးရှိသော ဦးရုက္ခစိုးကြီးက ရှောင်ရှားနိုင်သော်လည်း မိန့်ခွန်းရှည်ကြီးကို ဖတ်လာရ သောကြောင့် ပင်ပန်းနေသည့် ချိုကုပ်ဒူးကြီးမှာ မရှောင်ရှားနိုင်တော့ဘဲ ထိပ်တည့်တည့်သို့ “ဂွပ်” ခနဲ မှန်သဖြင့် သတိလစ် လဲကျသွားလေတော့သည်။

နောက်တနေ့ ဒေဝါလီ မဂ္ဂဇင်းအပါအဝင် ပြည်ပအခြေစိုက် မီဒီယာများ၌ ချိုကုပ်ဒူးကြီး ကျန်းမာရေးချို့ယွင်းနေကြောင်း၊ အိပ်ရာထဲ လဲနေကြောင်း၊ သေလုမျောပါး ဖြစ်နေကြောင်း၊ ဆန့်ငင် ဆန့်ငင်နှင့် သေတော့မည် ဖြစ်ကြောင်း … ဝမ်းသာအားရ သတင်းများ ရေးသားဖော်ပြကြလေ သတည်း …။ ။

No comments: