Tuesday, February 15, 2011

အနောက်နိုင်ငံများကို ဦးတေဇ တန်ပြန်စီးပွားပိတ်ဆို့မည်

ဧရာဝတီ Tuesday, 15 February 2011

စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည်ဆိုသည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် ဥရောပ နိုင်ငံတို့က မတရား စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်နေသည့် အတွက် တန်ပြန်စီးပွားရေး ပိတ်ဆို့သည့် အနေနှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များက အနောက်နိုင်ငံလုပ် စက်ပစ္စည်းများကို လုံး၀၀ယ်ယူ အသုံးပြုခြင်း မရှိကြောင်း ပြောဆိုလိုက်သည်။

စီးပွားရေးမဂ္ဂဇင်း စာစောင်သစ် တခုဖြစ်သည့် ဖေဖော်ဝါရီလထုတ် The Future Myanmar Business Report မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဦးတေဇက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးတေဇက မြန်မာနိုင်ငံအပေါ် မတရားစီးပွားရေး ပိတ်ဆို့ထားသော အနောက်နိုင်ငံများကို တန်ပြန်စီးပွားရေး ပိတ်ဆို့သည့် အနေနှင့် မြန်မာ့ ကျောက်မျက်ရတနာများကို အနောက်နိုင်ငံများသို့ မရောင်းလိုကြောင်း၊ မြန်မာ့ ကျောက်မျက်ကုမ္ပဏီ အားလုံးနီးပါးက ကျောက်မျက် ရတနာ တူးဖော်ရေး လုပ်ငန်းများအတွက် လိုအပ်သော မြေတူးစက် အပါအ၀င်
အကြီးစား စက်ပစ္စည်းများကို အနောက်နိုင်ငံ ထုတ်စက်ပစ္စည်းများ အသုံးမပြုဘဲ အာရှနိုင်ငံထုတ် စက်ပစ္စည်းများကိုသာ ၀ယ်ယူအသုံးပြုကြောင်း၊ တရုတ်နိုင်ငံသည် စီးပွားရေး တိုးတက် နေသောကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုသည် ထိရောက်မှုမရှိကြောင်း ပြောသည်။

“အထူးသဖြင့် ကျောက်စိမ်းဈေးကွက်က တရုတ်နိုင်ငံက ပိုကြိုက်တော့၊ တရုတ်ပြည်မကြီး ကလည်း စီးပွားရေး အရမ်း တက်နေတော့ အဲဒီပိတ်ဆို့မှုဟာ ဘာမှ မထိရောက်ပါဘူး။ သူတို့ ပိတ်ဆို့မှုကလည်း လုံးဝ တရားမျှတတဲ့ ပိတ်ဆို့မှု မဟုတ်ပါဘူး” ဟု ဦးတေဇက ဆိုသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားသော်လည်း အမေရိကန် Chevron ကုမ္ပဏီနှင့် ပြင်သစ် TOTAL ကုမ္ပဏီတို့က မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ထားမှုအပေါ် တစုံတရာ အရေးယူမှု မရှိခြင်းကိုလည်း ဦးတေဇက ဝေဖန်သည်။

“သူတို့ရဲ့ အကျိုးအမြတ်အဖြစ် US ဒေါ်လာ ဘီလီယံ ချီပြီး နှစ်စဉ်ရနေတဲ့ မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ၀င်လုပ်နေတဲ့ အမေရိကန် Chevron နဲ့ ပြင်သစ် Total ကိုကျတော့ ဘာမှ အရေးမယူဘူး။ တရားဝင် ကြောင်းတောင် ကြေညာပေး သေးတယ်” ဟု ဦးတေဇက ဆိုသည်။

အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင်ပင် ဦးတေဇက ပြည်ပရောက် မြန်မာလူငယ်များကို နိုင်ငံတွင်း ပြန်လာ၍ စီးပွားရှာကြရန် တိုက်တွန်းထားပြီး သူ့အနေနှင့် လုပ်ငန်းများ စတင်ထူထောင်စဉ်က ငွေကျပ် ၁ သောင်းပင် အရင်းအနှီး မရှိခဲ့ကြောင်း၊ သယံဇာတ ပေါကြွယ်ဝသော မြန်မာနိုင်ငံတွင် လုပ်စရာ လုပ်ငန်း အများအပြား ကျန်ရှိနေသေးကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ ဆိုလည်း ၁၉၈၄ ခုနှစ်ကတည်းက စီးပွားရေးနယ်ထဲ စ၀င်ခဲ့ပါတယ်။ အရင်းအနှီး ဆိုတာ ကျပ် ၁ သောင်း တောင် မပြည့်ခဲ့ပါဘူး။ ပြီးတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ဆိုတော့ လုပ်ရတာ ကြပ်ပါတယ်။ ဒါပေမယ့် ရတဲ့ အခွင့်အလမ်း အားလုံး နေ့စဉ်စဉ်းစားပြီး ရသမျှ လုပ်တယ်။ တနေ့ကို အလုပ်ချိန် ၁၂ နာရီကနေ ၁၄ နာရီ အနည်းဆုံး ထားတယ်” ဟု သူက ရှင်းပြသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်း ဈေးကွက်စီးပွားရေး စနစ် စတင် ကျင့်သုံးခဲ့သောအခါ တနေ့လျှင် ၁၆ နာရီ အလုပ် လုပ်ပြီး ၁၉၈၄ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း ရာနှုန်းပြည့် နားရက်မရှိခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် မီလျံနာ သူဌေး စဖြစ်ခဲ့ကြောင်း ဦးတေဇက သူ၏ဘ၀ ဇာတ်ကြောင်းကို တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ (UMFCCI) အသင်းဝင် စီးပွားရေးသမား တဦးကမူ မြန်မာနိုင်ငံတွင် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်ရန်မှာ စစ်တပ် ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့်နီးစပ်ရန် အထူးအရေးကြီးကြောင်း၊ စစ်ဗိုလ်ချုပ်များက လုပ်ပိုင်ခွင့် ချထားပေးရေးအတွက် တန်ဖိုးကြီးကြီးပေးကမ်း ကန်တော့ရန်လည်း လိုအပ်ကြောင်း ပြောသည်။

“ကိုယ်ကလည်းကြိုးစားမယ်။ လုပ်ပိုင်ခွင့် ရဖို့ ဗိုလ်ချုပ်တွေနဲ့ ပေါင်းမယ်။ ထိပ်ဆုံးဗိုလ်ချုပ်ကို နင့်အောင် ပေးနိုင်၊ ကမ်းနိုင်ရင်တော့ မြန်မာပြည်မှာ Top ဖြစ်ပြီ။ မြန်မာပြည်ရဲ့ သူဌေးကြီးတွေ အကုန်လုံးက စစ်ဗိုလ်ချုပ်တွေကို “အဘ” “အဘ” ခေါ်ပြီး ဖားရတဲ့သူချည်းပဲ။ ဒီလိုပြောလို့ တဘက်သက် ဆန်တယ်လို့ မထင်နဲ့။ လက်တွေ့ ဒီမှာ စီးပွားရေးလုပ်ကြည့်မှ သိမှာ။ မပေးနိုင်၊ မကမ်းနိုင်၊ မဖားနိုင်လို့ကတော့ ဘယ်လိုမှ ထိပ်ဆုံးကို မရောက်နိုင်ဘူး” ဟု အဆိုပါ စီးပွားရေးသမားက ရှင်းပြသည်။

ပြည်တွင်း နိုင်ငံရေးပါတီကြီး ၁၁ ခုက အမေရိကန်နှင့် ဥရောပ နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုသည် မြန်မာ ပြည်သူပြည်သား များကို ထိခိုက်မှု ရှိနေသည်ဟုဆိုကာ ပိတ်ဆို့မှုများ ဖယ်ရှားရန် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်
ကြေညာချက် တရပ်ကို ထုတ်ပြန်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကမူ စီးပွားရေး ပိတ်ဆို့မှုသည် ပြည်သူများကို ထိခိုက်ခြင်းမရှိဘဲ စစ်အစိုးရကိုသာ
တိုက်ရိုက် ထိခိုက်ကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့က ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။

စစ်အစိုးရပိုင် သတင်းစာများက စီးပွားရေးပိတ်ဆို့မှု မဖယ်ရှားရေး တောင်းဆိုသော NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

No comments: