အေးငြိမ်းသူ |
စက်မှု ၁ ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော ဝင်းသူဇာ အရောင်းဆိုင်တွေမှာ ရောင်းချတဲ့ ကုန်တွေဟာ လူတန်းစား၊ အလွှာစုံ မသုံးမနေရ အခြေခံလိုအပ်ချက် ပစ္စည်းတွေပါ။ ဒါနဲ့များ ဘာဖြစ်လို့ အရှုံးပေါ်ရ၊ မအောင်မြင်ရပါသလဲ။ ဒီအခါမှာ စက်မှု ၁ အောက်က ဝင်းသူဇာ ဆိုင်တွေရဲ့ အားသာချက်၊ အားနည်းချက် သိရှိဖို့ လိုလာပါတယ်။ တိုးတက်ကောင်းမွန်အောင် ဘယ်လိုလုပ်မလဲလို့ စဉ်းစားကြည့်ချင်တာပါ။
ဝင်းသူဇာရောင်း ကုန်ပစ္စည်းတွေကို အရင်ဆုံး ပြောပြချင်ပါတယ်။ အဲဒါတွေက …
• ကြွေထည်ပစ္စည်း
• မြေထည်ပစ္စည်း
• အဝတ်အထည်
• စတီးလ်
• ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်
• သကြားလုံး
• ဆေးဝါး စတာတွေကို တွေ့ရတယ်။
ကြွေထည်အနေနဲ့ ပြောမယ်ဆိုရင် တရုတ်ဖြစ် ကြွေထည်ပစ္စည်းနဲ့ ဈေးသိပ် မကွာလှပါဘူး။ ဒါပေမဲ့ ဝင်းသူဇာ ပစ္စည်းဟာ လက်ရာ မသေသပ်ခြင်း၊ ကြွေထည်ကြမ်းခြင်း၊ အမြင်မလှခြင်း စတာတွေကြောင့် သုံးစွဲသူ မနှစ်ခြိုက်တဲ့အခါ ဈေးကွက်ကို ဘယ်လိုမှ ထိုးဖောက်ဖို့ မဖြစ်နိုင်ပါဘူး။ ဈေးနှုန်း သိပ်မကွာပေမယ့် အရည်အသွေးပိုင်းက ဆီနဲ့ရေလို ကွာဟပါတယ်။
စတီးလ်လည်း ဈေးနှုန်းမကွာပေမယ့် ဝင်းသူဇာထုတ် စတီးလ်ဟာ သံချေးတက်လွယ်ပါတယ်။ ထီးလည်းပဲ ထီးခရိုင်တွေ ခဏလေးနဲ့ ပျက်ခြင်း၊ အဆင်မလှခြင်း၊ မိုးယိုခြင်း စတာတွေကြောင့် တခြား Brand တွေနဲ့ ယှဉ်ရင် ဈေးကွက်ထဲ မတိုးသာပါ။
ရဟန်းတော်တွေအတွက် သင်္ကန်းထုတ်တော့လည်း ယပ်တံဆိပ် သင်္ကန်းဟာ ရေလဲသင်္ကန်းအဖြစ်တောင် မသင့်လှပါဘူး။ ဆေးမခိုင်တာ၊ ချုပ်ရိုးချုပ်သား မကောင်းတာ၊ ချည်သားကြမ်းတာ စတာတွေကြောင့်ပါ။ ထို့နည်းတူ အမျိုးသမီးဝတ် ပါတိတ်အဆင်တွေဟာ တောင်ဥက္ကလာ အထည်ကိုတောင် ယှဉ်မရပါဘူး။ ဒါတွေကြောင့်လည်းပဲ “ပြည်တွင်းဖြစ်ကို အားပေးပါ” ဆိုတဲ့ ဆောင်ပုဒ် ကြွေးကြော်ရေးသာ အဓိကထားပြီး အမိုက်ခံလုပ်တဲ့ စီးပွားရေး အစီအမံသာ ဖြစ်ပါတယ်။
အဲလို အားနည်းချက်တွေဟာ Quality Control (အရည်အသွေး ထိန်းချုပ်မှု) ညံ့ဖျင်းမှုပါပဲ။ ဒီလုပ်ငန်း မအောင်မြင်ရတဲ့ အချက်တွေအဖြစ် အောက်ပါအတိုင်း မြင်မိပါတယ်။
• နည်းပညာ မပြည့်ဝခြင်း
• ဈေးကွက်ဖွင့်တဲ့ စနစ်မှားခြင်း
• ထုတ်လုပ်ခြင်းရဲ့ တခုတည်းသော ကြံရွယ်မှုနဲ့ အကြောင်းတရားဟာ စားသုံးဖို့ဆိုတဲ့ စီးပွားရေးဆိုင်ရာ သီအိုရီကို သွေဖည်နေခြင်း။
• စီးပွားရေးလုပ်ငန်းရဲ့ အင်အားအရင်းအမြစ်နဲ့ ဝယ်သူ အလိုဆန္ဒ လိုက်ဖက်အောင် လုပ်ရာမှာ အမြတ်ထွက်ဖို့ လိုတယ်။
• ဈေးကွက် သုတေသနပြုမှု မရှိခြင်း
ဒီအချက်တွေကိုသာ ပညာရှင်တွေနဲ့ တိုင်တိုင်ပင်ပင်၊ နည်းမှန်လမ်းမှန် လုပ်မယ်ဆိုရင် ဝင်းသူဇာဟာ စီးပွားရေးဘက်မှာ အတန်အသင့် နေရာယူလာမှာနဲ့ အညီ ပြည်သူတွေဟာ ဌာနအသီးသီးမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမှာပါ။
ဘာကြောင့်လဲဆိုရင် ဝင်းသူဇာ ဟာ အောက်ပါ အားသာချက်တွေ ရှိနေလို့ပါ။
• ဈေးကွက်ထဲမှာ နေရာယူမှု ကောင်းမွန်ခြင်း၊ အချက်အချာကျသော နေရာများ ရထားခြင်း
• လိုချင်မှုနဲ့ လိုအပ်မှု ခြားနားချက်ထဲမှာမှ လိုအပ်မှု အသွင်ဆောင်တဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်နေခြင်း
• တကယ်လို့ အရည်အသွေးပဲ ပြည့်မီလာတဲ့အခါ ဝယ်လိုအား၊ ရောင်းလိုအား မျှလာပါမယ်။ ဘာကြောင့်ဆိုတော့ ဝင်းသူဇာရဲ့ ထုတ်ကုန်တွေဟာ အခြေခံ လိုအပ်ချက် ပစ္စည်းတွေကို ထုတ်လုပ်မှု ဖြစ်ခြင်း
• လိုအပ်သလောက်လည်း ကြော်ငြာတွေကို ချဲ့ထွင်နိုင်ခြင်း
အလုပ်လက်မဲ့ တိုးပွားလာနိုင်တာကိုပါ ထည့်တွက်ပြီး၊ အဖက်ဖက်ကနေ တိုင်တိုင်ပင်ပင်၊ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ကြပါဦးလို့ ဆန္ဒပြုရပါတော့တယ်။
No comments:
Post a Comment