Monday, June 13, 2011

ရခိုင်အမျိုးသမီး တစ်ဦးထံမှ ကျပ်သိန်း ၅၀ ကျော်ဖိုးရှိ ဖုံးကဒ်များကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ဖမ်းဆီး

ထွန်းထွန်း

ရခိုင်အမျိုးသမီး တစ်ဦးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံသုံး မိုဘိုင်း တယ်လီဖုံး Sim ကဒ် အမြောက်အများနှင့် အတူ ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့်တပ်ဖွဲ့မှ ဇွန်လ ၁၀ ရက်နေ့က နယ်စပ်မြို့ တက်ကနက်တွင် ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးခံရသူ အမျိုးသမီးမှာ အသက် ၂၅ နှစ် အရွယ် မနုနုစိုး ဖြစ်ပြီး သူ့ထံမှ ဘင်္ဂလာဒေခ်ျ့တွင် အသုံးပြုသည့် မိုဘိုင်း တယ်လီဖုံး ဆိမ်းကဒ် ၁၄၅၀၀ ခုကို ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသော ဖုံးကဒ်များမှာ ဘင်္ဂလာဒေခ်ျ့တွင် အသုံးများနေသော Grameen , Robi (Aktel), Taletalk တို့ဖြစ်ကြပြီး တာကာငွေ ၄၃၅၀၀၀ ဖိုးရှိပြီး မြန်မာငွေနှင့် ငွေနှင့် ဆိုလျှင် ကျပ် ၅၂၂၀၀၀၀ ဖိုးခန့် ရှိကြောင်း သိရသည်။

မနုနုစိုးအား တက်ကနက်မြို့ ကူးတို့ ဆိပ်ကမ်းမှ နတ်မြစ် ဖြတ်ကာ မောင်တောသို့ ကူးရန် ပြင်ဆင်နေချိန်တွင် ဘင်္ဂလာ နယ်ခြားစောင့် တပ်ဖွဲ့ BGB မှ သင်္ကာမကင်းဖြစ်၍ ရှာဖွေရာမှာ အဆိုပါ Sim ကဒ်များကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

" တက်ကနက်ကနေ ညနေ ၅ နာရီ ၀န်းကျင်မှာ သူက မြန်မာဘက်ကို ကူးမလို့ လုပ်နေတဲ့ အချိန်မှာ ဖမ်းခံရတာ ဖြစ်ပါတယ်။ ဒီမှာ ဖြစ်နေတဲ့ သတင်းက သူ့ကို လူတိုက်တယ်လို့ ပြောပါတယ်။ ဒါကြောင့် BGB တပ်ဖွဲ့ ဖမ်းမိသွားတာ ဖြစ်ပါတယ်။" ဟု တက်ကနက်တွင် နေထိုင်သူ ရခိုင်အမျိုးသား တစ်ဦးက ပြောသည်။

မနုနုစိုးအား ဘီဂျီဘီမှ Sim ကဒ်များကို သိမ်းဆည်းပြီးနောက် ပြန်လွှတ်ပေး လိုက်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ Sim ကဒ်တခု၏ တန်ဖိုးမှာ Grammeen ကဒ် တစ်ခုကို ၁၃၀ တာကာ ၊ Robi ၁၃၀ တာကာနှင့် Teletalk ၁၇၀ တာကာ ဈေးရှိပြီး မောင်တောတွင် အဆိုပါ Sim ကဒ် တစ်ခုကို ကျပ် ၄၀၀၀ ( တာကာ ၃၅၀) အထိ ဈေးရှိကြောင်း သိရသည်။

မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ် မောင်တောနှင့် ဘူးသီးတောင်တွင် ဈေးပေါပြီး နိုင်ငံခြားနှင့်ပါ ဆက်သွယ်ရေး လွယ်ကူသော ဘင်္ဂလာဒေခ်ျ့ လက်ကိုင်ဖုံးများကို ပြည်သူများမှ တရားမ၀င် ကိုင်တွယ် အသုံးပြုနေကြသည်။

မြန်မာ အစိုးရမှ ထုတ်ပေးသော CDMA ဖုံးတစ်လုံးကို အသုံးပြုရန် အတွက် ကျပ်ငွေ (၇) သိန်း အထက်ပေးရသော်လည်း ဘင်္ဂလာဒေခ်ျ့မှ လက်ကိုင် မိုဘိုင်းတလုံးကို အသုံးပြုရန်မှာ ကျပ် သုံးသောင်းခန့်သာ လိုအပ်သဖြင့် မြန်မာနိုင်ငံမှ ပြည်သူများ အနေဖြင့် နားလည်မူဖြင့် ဘင်္ဂလာဒေခ်ျ့မှ ဖုံးများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြခြင်း ဖြစ်သည်။

အဆိုပါ ဘင်္ဂလာဒေခ်ျ့ လက်ကိုင်ဖုံးများကို သာမန် ပြည်သူများသာမက ခရိုင်အဆင့် အစိုးရ ၀န်ထမ်းများ၊ တရားရေး အဖွဲ့ဝင်များ၊ နစက အရာရှိများ၊ ဆရာဝန်များ၊ ဆရာ ဆရာမများနှင့် ဘုန်းကြီး ရဟန်းများက အစ အသုံးပြုနေကြသည်ဟု သိရသည်။

No comments: