Friday, September 9, 2011

နယ်မြေခံတပ်မှူးနှင့် အိန္ဒိယ ဘိန်းကုန်သည် တို့ မူးယစ်ဆေးရောင်း ၀ယ်ရေး ဆွေးနွေး

KHONUMTHUNG NEWS GROUP

အမှတ် (၂) အိန္ဒိယ မြန်မာ လမ်းကြောင်း၊ နယ်စပ် တီချောင်းစပ် ခေါမွဲကျေးရွာတွင် ချင်းပြည်နယ် ၊ ရိဒ်ခေါ်ဒါရ် မြို့သစ် အခြေစိုက် ခလရ ၂၇၄ မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး အောင်အောင်သည် အိန္ဒိယ လူမျိုး ဘိန်းကုန်သည်တဦးနှင့် မူးယစ် ဆေးဝါး ရောင်းဝယ်ရေး ကိစ္စဆွေးနွေးကြသည်ဟု သတင်းရရှိ သည်။

အသက် ၅၀ အရွယ် M. Muniappan ( 50) ၊ Red Hills, Chennai သည် စက်တင်ဘာလ ၅ ရက်ကတည်းက ယနေ့ထိ နယ်စပ်ချောင်းတွင် ရှိနေသေးကြောင်း၊ နယ်မြေခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူရဲက နယ်မြေအတွင်းမှ ထွက်သွားရန် ပြောသော်လည်း ဒုတိယ တပ်ရင်းမှူးက ခွင့်မပြုကြောင်း သိရသည်။

” အဲဒီလူက အိန္ဒိယလုပ် နှာဆေးချောင်းဆိုး ဆေးပြားကို ကားနဲ့ အများကြီး သယ်လာတယ်၊ အခု ဒုတိယ တပ်ရင်း မှူးနဲ့ နယ်စပ်ချောင်းမှာ ဆွေးနွေး နေကြတုန်းပဲ” ဟု အမည်မဖော်လိုသူ ခေါမွဲရွာ သားတဦးက ပြောသည်။

ဒုတိယ တပ်ရင်းမှူးနှင့် အတူ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မှ ကုန်သည် နှစ်ဦးဖြစ်သည့် စိုးနိုင် ( ကုလား) နှင့် မပီအေး တို့လည်း ပါဝင်ပြီး မပီအေးသည် မြန်မာပြည်တွင်းသို့ အိန္ဒိယထုတ်ချောင်းဆိုးဆေးပြားများ တရားမ၀င် တင်သွင်းနေသူဖြစ်သည်ဟု ပြောကြသည်။

အိန္ဒိယ အစိုးရက M. Muniappan ကို ဘိန်းဖြူမှူဖြင့် ၂၀၀၂ ခုနှစ်တွင် ဖမ်းဆီးပြီး ၂၀၀၉ ခုနှစ်အတွင်း အာမခံနဲ့ ပြန်လွတ် ပေးခဲ့သော်လည်း ယနေ့အထိ အမှူ မပြတ်သေးကြောင်း ယခင်က တမူး – မိုးရေး လမ်းကြောင်း ကနေ မြန်မာပြည်ဖက်ကို ဆေးပြားများ တင်သွင်းပြီး မြန်မာပြည်မှ ဘိန်းဖြူများကို ပြန်လည်သယ်ထုတ်နေသူဖြစ်သည်ဟု သတင်းရရှိသည်။

” တမူး – မိုးရေးလမ်းကြောင်းမှာရှိတဲ့ အိန္ဒိယ အရှေ့မြောက်လက်နက်ကိုင်အဖွဲ့တွေနဲ့ အစေးမကပ်တော့လို့ အခု အမှတ် (၂) ကုန်သွယ်ရေးလမ်း ကြောင်းကို ထိုးဖောက်ဖို့လာတာ ဖြစ်မှာပါ ” ဟု တမူးမြို့မှ ကုန်သည်တဦးက ပြောသည်။

No comments: