မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) နဲ့အဖွဲ့ဟာ ရန်ကုန်က လူမှုရေးလုပ်ငန်းတွေကို ဒီနေ့ သွားရောက်လေ့လာပါတယ်။မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာမစ်ချဲလ် ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီမနက်ပိုင်းမှာ နာရေးကူညီမှုအသင်း (ရန်ကုန်) နဲ့ HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး ဂေဟာတို့ကို သွားရောက် လေ့လာတာပါ။
ဒဲရက်ခ် မစ်ချဲလ်နဲ့ အဖွဲ့ဟာ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို မနက် ၈ နာရီခွဲအချိန်က ရောက်ရှိပြီးတော့ နာရေးကူညီမှု လုပ်ငန်းတွေ၊ အခမဲ့ဆေးဝါး ကုသပေးမှု အခြေအနေတွေနဲ့ ပညာဒါန အင်္ဂလိပ်စာသင်တန်းတို့ကို လေ့လာကြပါတယ်။
နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ကိုကျော်သူက “အားလုံးက သူမမြင်ဖူးတဲ့ဟာတွေ မြင်ရတယ်ပေါ့လေ။ ကျနော်တို့ရဲ့ နာရေးလုပ်ဆောင်ချက်တွေ ဆေးဝါးကုသမှုတွေ ပညာရေးပိုင်းတွေ တွေ့သွားတယ်” လို့ ပြောပါတယ်။
“လူနာတွေကိုလည်း အံ့ဩတကြီး ဖက်လှဲတကင်းနှုတ်ဆက်တယ်။ ဗမာလို အားလုံးမင်္ဂလာပါဆိုပြီး ပြောသွားတယ်။ ကျနော်တို့ နာရေး လုပ်ဆောင်ချက်တွေကို လည်း သူတို့အနေနဲ့ တအံ့တဩ ဖြစ်ရတယ်ပေါ့။ အမေရိကန်နိုင်ငံဆိုတာ ကမ္ဘာမှာ တကယ့်ကို အင်အားကြီးနိုင်ငံ၊ တကယ့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံ၊ နိုင်ငံကြီးတနိုင်ငံကနေ ကျနော်တို့လို သုဘရာဇာ အလုပ်ကို၊ သူတို့ဆီမှာ မရှိတဲ့ လူမှုရေးလုပ်ငန်းမျိုးကို လာပြီး လေ့လာတယ်။ ဆိုတော့ ကျနော်တို့ အင်မတန်ကို ၀မ်းသာပါတယ်။ ဂုဏ်လည်း ယူပါတယ်။”
အဲဒီနောက် မစ္စတာမစ်ချဲလ်နဲ့ အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဖြူဖြူသင်း တာဝန်ယူဆောင်ရွက်နေတဲ့ တောင်ဒဂုံ ၁၈ ရပ်ကွက်က HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာကို သွားရောက်ပြီး ဝေဒနာရှင်တွေကို အားပေးပါတယ်။
မဖြူဖြူသင်းက HIV/AIDS ကူးစက်ပျံနှံ့မှုနဲ့ ဆေးဝါးရရှိမှု အခြေအနေကို ရှင်းပြလိုက်တယ်လို့ ပြောပါတယ်။
“အဓိကကတော့ HIV နဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ ဆိုးဆိုးဝါးဝါး ဖြစ်နေသလဲ၊ ရောဂါ ဖြစ်ပွားမှုနှုန်း တိုးတက်လာတာ ရှိသလား။ လျော့နည်းသွားတာ ရှိသလား။ အဲဒါမျိုးတွေ လေ့လာတယ်။ နောက် တဦးချင်းစီကိုလည်း တွေ့သွားတယ်။ လက်ရှိ အနေအထားမှာ ဘာအခက်အခဲ ရှိနေသလဲ။ နောက်ပိုင်း အခြေအနေမှာပါ အဆင်ပြေသွားနိုင်တယ်ပေါ့နော်။ အဲလိုမျိုး အားပေး တာရှိတယ်။”
အမေရိကန်အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို စတင်ရောက်ရှိတဲ့ ဒီလ ၉ ရက်နေ့မှာ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ လွှတ်တော်ဥက္ကဌတွေ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပါတယ်။ ဒီလိုတွေ့ဆုံရာမှာ အစိုးရသစ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကနေ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့ လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသွားပါတယ်။
ဒဲရက်ခ်မစ်ချဲလ်နဲ့ အဖွဲ့ဟာ ဒီလ ၁၂ ရက် တနင်္လာနေ့မှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တွေနဲ့ တွေ့ဆုံဖို့ရှိပြီး ၁၃ ရက် အင်္ဂါနေ့မှာ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေနဲ့ အမေရိကန်စင်တာမှာ တွေ့ဆုံဖို့ရှိပါတယ်။
No comments:
Post a Comment