ဘုန်းခိုင်
ယမန်နေ့ ညနေပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ရှေ့နေကိုဖိုးဖြူသည် ယနေ့မနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ် တောင်သူလယ်သမားများက အာမခံလိုက်ပေးသည့်အတွက် ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။
ကိုဖိုးဖြူအား “မြန်မာဂလိုကို” ကုမ္ပဏီက တောင်ဒဂုံမြို့နယ်တရားရုံးတွင် အသားရေဖျက်မှုနှင့် စွဲဆိုထားသည့် အမှုအတွက် တရားရုံးချိန်းပျက်ကွက်ခဲ့သည့်အတွက် အဆိုပါရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသည့်အခြေအနေနှင့် လွတ်မြောက်လာခဲ့သည့် အခြေအနေများကို ရှေ့နေကိုဖိုးဖြူက “ငွေဆောင်မြို့နယ်မှာ တောင်သူလယ်သမားတွေအတွက် အလုပ်လုပ်ပေးနေတဲ့ နေရာကနေတဆင့် ဒဂုံဆိမ်းကမ်း ရဲစခန်းအထိကို ကားနဲ့ ဖမ်းဝရမ်းပြပြီး ခေါ်လာတာဖြစ်တယ်။ ဒီကနေ့ မနက် (၉) နာရီမှာ ရဲစခန်းကနေ တောင်ဒဂုံတရားရုံးကို လွှဲပြောင်းပို့လိုက်တယ်။ တရားရုံးမှာ ကျနော့်ကို တောင်သူလယ်သမားတွေက သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့ အထောက်အထားတွေနဲ့ အာမခံပေးလို့ အခုပြန်လွတ်လာတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ရှေ့နေကိုဖိုးဖြူအပါအ၀င် စက်ရုံတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရသည့် အလုပ်သမားများအတွက် အလုပ်သမားအခွင့်အရေး လုပ်ဆောင်ပေးခဲ့သည့် (၁၀) ဦးအဖွဲ့ကို ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်တွင် ဖွင့်ထားသည့် “မြန်မာဂလိုကို” အထည်ချုပ်စက်ရုံက ၂၀၁၀ ခုနှစ်၊ ၁၂ လပိုင်းခန့်တွင် အသားရေဖျက်မှုဖြင့် တောင်ဒဂုံမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုအတွက် တရားရင်ဆိုင်ရန် ရုံးချိန်းပျက်ကွက်ခဲ့သည့် ရှေ့နေကိုဖိုးဖြူကို တောင်ဒဂုံတရားရုံးက ထုတ်ပေးသည့် ဖမ်းဝရမ်းဖြင့် ဖမ်းဆီးခဲ့သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့နယ်အတွင်း “အေးရှားဝေါ” ကုမ္ပဏီက သိမ်းဆည်းခဲ့၍ လယ်ယာမြေဆုံးရှုံးသွားသည့် လယ်သမားများ၏ လယ်ယာမှုခင်း ပြင်ဆင်ဆောင်ရွက်မှုများ နှောင့်နှေးခဲ့သည်ဟု ရှေ့နေကိုဖိုးဖြူက ပြောသည်။
ယခုကဲ့သို့ ဖမ်းဆီးလိုက်ရသည့်အတွက် သူဆောင်ရွက်ပေးနေသည့် လယ်အသိမ်းခံ တောင်သူလယ်သမားများအနေဖြင့် စိတ်ပျက်အားငယ်သွားမည်ကို စိုးရိမ်ကြောင်း သူက ဆက်ပြောသည်။
ရှေ့နေကိုဖိုးဖြူသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံဆိပ်ကမ်းမြို့နယ်၊ တောင်ဒဂုံမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်များအတွင်းရှိ လယ်သမားများ လယ်ယာမြေ သိမ်းဆည်းခံခဲ့ရသည့် အမှုအခင်းများအပါအ၀င် လယ်ယာမြေပိုင်ဆိုင်ခွင့် အကြံပြုစာတမ်းကို သြဂုတ်လ (၂၉) ရက်နေ့က နေပြည်တော်ရှိ လွှတ်တော်ရုံးချုပ်နှင့် သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်ထံ တင်သွင်းခဲ့ရာတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။
အဆိုပါ လယ်ယာအသိမ်းခံရသည့် အမှုခင်းများနှင့် အကြံပြုစာတမ်းတင်သွင်းသည့် လှုပ်ရှားမှုကြောင့် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် တောင်ဒဂုံ၊ မြောက်ဒဂုံမြို့နယ်များအတွင်းက လယ်သမားများ၏ လယ်ယာမြေအမှုအခင်းများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်၏ ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေးကော်မတီ ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် တာဝန်ရှိသူများက စက်တင်ဘာ (၃) ရက်နေ့မှစ၍ ယနေ့အထိ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment