ဒီဗွီဘီ
ရှမ်းပြည်နယ်မှာ အက်စ်အက်စ်အေ (ရှမ်းပြည်တပ်မတော်) နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေဖြစ်ပြီး ရွာသားတွေကို အစိုးရတပ်က ရိုက်နှက်ခြိမ်းခြောက်မှုတွေ ဖြစ်နေတယ် လို့ သတင်းရရှိပါတယ်။
ဒီလ ၁၁ ရက်နေ့က မိုင်းရှူးမြို့နယ် နမ့်စိုင်ကျေးရွာအုပ်စုထဲမှာ အစိုးရတပ် ခမရ ၅၂၈ နဲ့ ခလရ ၂၄၇ ပူးပေါင်းတပ်ကို အက်စ်အက်စ်အေ တပ်မဟာ ၉၇၂ တပ်ရင်း ၃၆ က ချုံခိုတိုက်ခိုက်ပါတယ်။ နာရီဝက်လောက် အပြန်အလှန်ပစ်ခတ်ပြီး အစိုးရတပ်ဘက်က ၃ ဦးကျဆုံးပြီး ၈ ဦး ဒဏ်ရာရသွားတယ်လို့ အက်စ်အက်စ်အေက ပြောပါတယ်။
ရှမ်းပြည်တပ်မတော်ဘက်က ပြောက်ကျားချုံခိုတိုက်ခိုက်တဲ့အတွက် တိုက်ပွဲဖြစ်တဲ့ဒေသက ရွာသားတွေကို အစိုးရတပ်က စွပ်စွဲရိုက်နှက်၊ ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ရှမ်းပြည်တပ်မတော် ရှမ်းပြည်တိုးတက်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလက ပြောပါတယ်။
“တိုက်ပွဲဖြစ်တိုင်း သူတို့နီးရာရွာကိုဝင်ပြီး ရွာသားတွေကို ဖမ်းပြီးတော့ ရိုက်နှက်စစ်ဆေးတယ်လေ။ ပြီးတော့ ရွာထဲမှာရှိတဲ့ စားသောက်ရိက္ခာတွေကိုလည်း သူတို့ယူတယ်။ ကျနော်တို့ကတော့ ဒေသခံလူထုတွေ အထိနာမှာစိုးလို့ တတ်နိုင်သလောက် ရွာထဲမှာပစ်ခတ်တာမျိုးတော့ ရှောင်တယ်၊ တောထဲမှာပဲ ခိုအောင်းတယ်၊ သူတို့က ကျနော်တို့ကိုတောနင်းရှာပြီး တိုက်ဖို့လှုပ်ရှားတဲ့အတွက် ကျနော်တို့ကလည်း တိုက်ရတာပေါ့။”
ခုလ ၈ ရက်နေ့မှာ အက်စ်အက်စ်အေ တပ်မဟာ၁ နဲ့ အစိုးရတပ် ခလရ ၃၂၅ တို့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ဝမ်နောင်မိုင်းကျစ်ဒေသမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပါတယ်။ ဒီတိုက်ပွဲမှာ အစိုးရတပ်ဘက်က တဦးကျဆုံးပြီး တဦးဒဏ်ရာရတယ်လို့ အက်စ်အက်စ်အေက ပြောပါတယ်။ အက်စ်အက်စ်အေဘက်က နယ်မြေကျွမ်းကျင်မှု၊ ပြောက်ကျားတိုက်ခိုက်မှုတို့ကြောင့် အထိအခိုက်နည်းတယ်လို့လည်း ဆိုပါတယ်။
ခုလ ၇ ရက်နေ့ကလည်း အစိုးရတပ် ခလရ ၃၂၅ က ဗိုလ်ကြီးနိုင်ဝင်းဇော်နဲ့ တပ်ဖွဲ့ဝင် ၄ ဦးဟာ မိုင်းရယ်မြို့နယ် ဝမ်ပုံရွာက အိမ် ၂ အိမ်ကို ဝင်ပြီး အက်စ်အက်စအေစစ်သားသတင်းမေးရာမှာ သတင်းမရလို့ အသက် ၅၀ အရွယ်လူကြီးတဦးနဲ့ လူငယ် ၃ ဦးကို သေနတ်ဒင်နဲ့ ရိုက်နှက်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။ ဟိုလန်းရွာမှာတော့ အစိုးရ ခလရ ၃၂၅ နဲ့ ခမရ ၅၀၄ တပ်တို့က စားနပ်ရိက္ခာတွေ ယူသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
မိုင်းရယ်မြို့နယ် ခိုလောင်းကျေးရွာအုပ်စုက ရွာသားတွေကလည်း သူတို့ လယ်ထဲအလုပ်ဆင်းမယ်ဆိုရင် လယ်ကွက်အမည်၊ လယ်သမားဦးရေတွေကို အစိုးရတပ်ကို စာရင်းကြိုပေးရပြီး ပေးထားတဲ့စာရင်းထက် ပိုနေရင် ပစ်ခတ်မယ်လို့ ခလရ ၂၂ က ခြိမ်းခြောက်ထားတယ်လို့ ဒေသခံရွာသားက ပြောပါတယ်။
ဌာနေပြည်သူ့စစ်အသွင်ပြောင်းရေးကို ငြင်းဆန်ခဲ့တဲ့ ဝမ့်ဟိုင်းအခြေစိုက် ရှမ်းပြည်တပ်မတော်ကို အစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ၆ လကျော်အတွင်း မြို့နယ် ၉ ခုက လူ ၃၀,၀၀၀ ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးကြရပါတယ်။ တိုက်ပွဲကြောင့် ကျေးသီးမြို့နယ်က စာသင်ကျောင်း ၁၅ ကျောင်းကိုလည်း ပိတ်ထားရတယ်လို့ နယ်မြေခံ ကျောင်းဆရာတဦးက ပြောပါတယ်။
No comments:
Post a Comment