လယ်သိမ်း ခံရလို့ နေပြည်တော် သွားရောက် တင်ပြခဲ့တဲ့ လယ်သမားတွေ အရေးကို လွှတ်တော် တာဝန် ရှိသူက လာရောက်တွေ့ဆုံပြီး ဖြေရှင်း ပေးမယ်လို့ ပြောသွား ပါတယ်။ဒဂုံဆိပ်ကမ်းမြို့နယ် လယ်သမား ၄၀ ကျော်ပိုင်တဲ့ ဧက ၂၀၀ ကျော်ပေါ်မှာ ကောင်းမြန်မာကုမ္ပဏီက ပန်းပုရွာတည်ဖို့ဆိုပြီး ပြီးခဲ့တဲ့ ၄ လပိုင်းကတည်းက အလံတွေဝင်စိုက်သွားတဲ့အပေါ် လယ်သမား ၂၀ ကျော်က ဩဂုတ် ၂၉ ရက်နေ့မှာ နေပြည်တော်ကို သွားရောက် တင်ပြခဲ့တာပါ။
ပြည်သူ့လွှတ်တော်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီဥက္ကဋ္ဌဦးအောင်သိန်းလင်းက တောင်သူ လယ်သ မား သုံးရာကျော်ကို စက်တင်ဘာ ၃ ရက်နေ့က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်ကျေးရွာ၊ ဘုန်းကြီးကျောင်းမှာ လာရောက်တွေ့ဆုံပြီး ကတိပြု ပြောကြားခဲ့တာပါ။
တွေ့ဆုံပွဲတက်ခဲ့တဲ့ လယ်သမားကြီး ဦးမြင့်အောင်က “လယ်သိမ်းတဲ့ ကိစ္စတွေဟာ နိုင်ငံတော်က စီမံလုပ်ဆောင်တာမဟုတ်တဲ့အကြောင်း၊ ကုမ္ပဏီတွေက လောဘတတ်ပြီး ဖြစ်ခဲ့တာဆိုပြီး ပြောပါတယ်။ အခု ပြုပြင်ပြောင်းလဲမှု စိစစ်ရေးကော်မတီကနေ အဆင်ပြေအောင် ဆက်လက်ပြီး အကောင်အထည်ဖော်ပေးပါမယ်လို့ ပြောသွားပါတယ်” လို့ ပြောပါတယ်။
ပြုပြင်ပြောင်းလဲရေး ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းနဲ့ လယ်လုပ်သူလယ်ပိုင်ခွင့်ရရှိစေရေး ဆောင်ရွက်ပေးမယ်ဆိုပြီး ရှင်းလင်းပြောကြားသွားတယ်လို့လည်း ဆိုပါတယ်။
ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်နဲ့ ဒဂုံအရှေပိုင်းမြို့နယ်သုံးခုထဲက လယ်ဧကတသောင်းကျော်ကိုလည်း ကုမ္ပဏီ ၁၄ ခုက သိမ်းထားတယ်လို့ လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။
အခုလို လွှတ်တော်ကိုယ်စားလှယ်တဦးက လယ်သမားတွေကို အရေးတယူလာရောက်တွေ့ဆုံတဲ့အပေါ် စောင့်ကြည့်ရမယ်လို့ ဦးဖိုးဖြူက ပြောပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ အခက်အခဲတွေကို တင်ပြဖြေရှင်းပေးတာ ကောင်းမွန်တဲ့လုပ်ဆောင်ချက်ပါ။ သူတို့ကတိတွေအတိုင်း အမှန်တကယ်လုပ်ဆောင်မှု ရှိ မရှိစောင့်ကြည့်သွားမှာပါ။ ကျနော်တို့ဘက်က ကူညီပေးနိုင်တာတွေရှိရင် ကူညီပေးသွားမှာဖြစ်သလို တွန်းအားပေးသင့်တာတွေ ရှိရင်လည်း လုပ်ဆောင်သွားမှာပါ။”
အခုအခါ လယ်မြေနစ်နာ ဆုံးရှုံးမှုတွေအပေါ် မြေပြင်စာရင်းကို ပြည်ခိုင်ဖြိုးပါတီဝင်တွေက လိုက်လံကောက်ယူနေတယ်လို့ ဆိုပါတယ်။
No comments:
Post a Comment