Monday, September 12, 2011

တိုင်းပြည်အကျိုးအတွက် တူညီတာတွေကို အမြန်ဆုံးပူးပေါင်းလုပ်ဆောင်ရန် သခင်ချန်ထွန်း တိုက်တွန်း

အံ့ဘုန်းမြတ်

အစိုးရသစ်နဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကနေ နှစ်ဘက်သဘောတူညီ ချမှတ်ခဲ့တဲ့ တိုင်းပြည်နဲ့လူမျိုး အကျိုးအတွက် တူညီတာတွေကို တွဲဘက်လုပ်ဆောင်ဖို့ ဆိုတာကို အမြန်ဆုံး လက်တွေ့ကျကျ အကောင်အထည်ဖော် လုပ်ဆောင်ဖို့ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ အသက် ၉၀ နှစ်ပြည့် မွေးနေ့မှာ သခင်ချန်ထွန်းက တိုက်တွန်းလိုက်​တာ​​ ​ဖြစ်ပါတယ်​။

“တကြိမ် နှစ်ကြိမ် တွေ့ရုံနဲ့ ပြေလည်သွားမှာမှ မဟုတ်ဘဲ။ အမှန်တော့ ပူပေါင်းဆောင်ရွက် လုပ်ကြကိုင်ကြမှ လုပ်ငန်းတွေက အောင်မြင်နိုင်မယ်လို့ ယုံကြည်တယ်လေ။ အခုဟာက တဆင့်တော့ မြင့်သွားတာပေါ့လေ။ အခုတော့ နိုင်ငံတော် သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေး ရတယ်ဆိုတော့ တဆင့်မြင့် သွားတာပေါ့။ ဒါပေမယ့်လို့ တွေ့ဆုံ​ ဆွေးနွေးပြီးတော့ ပူးပေါင်းဆောင်ရွက်မှု ပါရှိလာမှ တိုင်းပြည်ရဲ့ အခြေအနေဟာ တိုးတက်လာနိုင်မယ်။ တိုင်းပြည်ရဲ့ ထူထောင်ရေးလုပ်ငန်းတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်အောင် အမှန်တော့ ကြိုးစားဆောင်ရွက်ဖို့လိုတယ်လို့ မြင်ပါတယ်။”

သခင်ချန်ထွန်းရဲ့ အသက် ၉၀ နှစ်ပြည့် မွေးနေ့အခမ်းအနားကိုတော့ ဒီမနက် ၉ နာရီကနေ ၁၁ နာရီအထိ ရန်ကုန်မြို့၊ ကျောက်ကုန်း၊ မိုးကောင်းလမ်းမှာရှိတဲ့ မဟာဗောဓိ ပတ္တိရတိစာသင်တိုက်မှာ ကျင်းပပြုလုပ်ပြီး နိုင်ငံရေးအင်အားစုအသီးသီးက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး အခမ်းအနားတက်ရောက်ခဲ့တဲ့ ကိုဖြိုးမင်းသိန်းက အခုလို ပြောပြပါတယ်။

“အဓိကကတော့ နိုင်ငံရေးအင်အားစုတွေ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ လူငယ်မျိုးဆက်သစ်တွေ တက်ရောက်တယ်ဆိုတဲ့ သဘောပါ။ တွေ့ဆုံကြတဲ့သဘောပါ။ တခြားနိုင်ငံရေးအရ ဆွေးနွေးတာတို့ ဘာတို့ မရှိပါဘူး။ ဘဘဦးတင်ဦးတို့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ အမျိုးသားဒီမိုကရေစီအဖွဲချုပ်က ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေတို့ ဒီမိုကရေစီ ကွန်ရက်တွေထဲက ၇၄-၇၅ ကျောင်းသားတွေ ၈၈ ကျောင်းသားတွေ တော်တော်များများ လာတက်ကြပါတယ်။”

သက်ရှိထင်ရှား အနည်းငယ်ပဲ ကျန်ရှိတော့တဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ ထဲက သခင်ချန်ထွန်းကို ၁၉၂၁ စက်တင်ဘာလ ၁၁ ရက်နေ့မှာ အဖ ဦးဘိုးဆင်၊ အမိ ဒေါ်မြကြီးတို့က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် မဲထီးရွာမှာ မွေးဖွားခဲ့ပါတယ်။

၁၉၄၀ ခုနှစ်မှာ မန္တလေး ဗဟိုအမျိုးသား အထက်တန်းကျောင်းက ဆယ်တန်းအောင်ပြီး ၁၉၄၀-၄၁ ခုနှစ်မှာ မန္တလေးဥပစာ ကောလိပ်မှာ ကောလိပ်မဂ္ဂဇင်း မြန်မာစာ အယ်ဒီတာဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးရအပြီး ဖဆပလ အစိုးရလက်ထက်မှာ လွှတ်တော်အမတ်ဖြစ်ပြီး ကနေဒါနဲ့ တရုတ်နိုင်ငံတွေမှာ သံအမတ်အဖြစ် အမှုထမ်းခဲ့ပါတယ်။ အဲ့ဒီနောက် အငြိမ်းစားယူပြီး မန္တလေးအသင်း (ရန်ကုန်)မှာ နာယက အဖြစ် ဆောင်ရွက်ပါတယ်။

အင်္ဂလိပ်ခေတ်ကနေ စစ်အစိုးရခေတ်အထိ မြန်မာနိုင်ငံ အမျိုးသား သင့်မြတ်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေအတွက် ကိုယ်ကျိုးမဖက် တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်ကြီးတဦး ဖြစ်ပါတယ်။

No comments: