Saturday, September 10, 2011

အစိုးရသစ် ညှိနှိုင်းချက် မိုင်းလားနှင့်ဝ သဘောတူလက်မှတ်ထိုး

မွေခေါဝ်

အမျိုးသား ဒီမို ကရက်တစ် မဟာမိတ် တပ်ပေါင်းစု သျှမ်းပြည် အရှေ့ပိုင်း NDAA – ESS ၊ ဝပြည် သွေးစည်း ညီညွှတ်ရေး ပါတီ UWSP တို့ တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် တွေ့ဆုံရသည့် နေ့၌ပင် ဆွေးနွေး အကြံပြု ချက်များအား နှစ်ဦး သဘောတူ လက်မှတ် ရေးထိုးခဲ့ ကြောင်း သိရှိရ ပါသည်။

“ဦးသိန်းဇော်ပြောတဲ့အချက်တွေက ကောင်းတဲ့လက္ခဏာတွေဘဲလေ။ ကျနော်တို့ဘက်ကလဲ ဘာမှဆုံးရှုံးတာ မဟုတ်ဘူး။ ဒါကြောင့် သဘောတူလက်မှတ်ထိုးခဲ့ပြီးပါပြီ။ ဝ ဘက်ကလဲ လက်မှတ်ထိုးတယ်။ ကျနော်တို့လဲ အစိုးရဖက်က ညှိနှိုင်းချက် ဟာ ဝ နဲ့တူရင် လက်မှတ်ထိုးမယ်လို့ သဘောတူထားပြီးတား” ဟုမိုင်းလားအရာ ရှိတစ်ဦးက ပြောပါသည်။

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်မှ ညှိနှိုင်းဆွေးနွေးသည့် အချက် ၄ ချက်မှာ-

၁. နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုမရှိခြင်း။
၂. နှစ်ဖက်ဆက်ဆံရေးရုံးများ နဂိုမူလအတိုင်း ပြန်လည်ဖွင့်လှစ်ခြင်း။
၃. အစိုးရဖက်မှ မိုင်းလားနယ်မြေထဲသို့ ဝင်ရောက်သည်ဖြစ်စေ၊ မိုင်းလားဖက်မှ အစိုးရနယ်မြေထဲသို့ ဝင်ရောက် သည်ဖြစ်စေ လက်နက်ယူဆောင်လာပါက ကြိုတင်အကြောင်းကြားပြီး ဝင်ခွင့်ပြုမှ ဝင်ရောက်ခြင်း။
၎. မိမိနယ်မြေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် နေပြည်တော်သို့ အကြောင်းကြား၍ ပူးတွဲကော်မတီ ဖွဲ့ကာ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ခြင်း - တို့ဖြစ်သည်။

တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ခိုင်းဖြိုးပါတီ အထွေ ထွေအတွင်းရေးမှူး ဦးအောင်သောင်း တို့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP မှကိုယ်စားလှယ်များ နှင့် စက်တင်ဘာ ၆ ရက်၌လည်းကောင်း၊ မိုင်းလားတပ်ဖွဲ့ ကိုယ်စားလှယ်များနှင့် စက်တင်ဘာ ၇ ရက်နေ့၌ လည်းကောင်း တွေ့ဆုံခဲ့ကြသည်။

စက်တင်ဘာ ၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်မူ အစိုးရဖက်မှ သျှမ်းပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် သျှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးဗိုလ်မှူးကြီး အောင်သူ၊ သျှမ်းပြည်နယ် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှဒုဗိုလ်မှူးကြီး ဇော်ထွန်းမြင့်၊ သျှမ်းပြည်နယ် နယ်စပ် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖွံ့ဖြိုးရေးမှူး ဦးအောင်ကျော်မြင့် တို့တက် ရောက်ခဲ့ကြသည်ဟုဆို၏။

“အရင်တုန်းက ငြိမ်းချမ်းရေးအဖွဲ့တွေကို နယ်ခြားစောင့်တပ်တို့၊ ပြည်သူ့စစ်တို့ လုပ်ခိုင်းတယ်။ လက်နက်မချရင် မတရားအ သင်းဖြစ်သွားမယ် စသဖြင့်ပေါ့။ အခုတော့ ၁၉၈၉ ငြိမ်းချမ်းရေး စယူတုန်းကလို ပြန်ဖြစ်နေတယ်။ အဲဒါကို ဦးသိန်းဇော် က နယ်ခြားစောင့်တပ် ပြည်သူ့စစ် ပြောင်းခိုင်းတာ စစ်တပ်က လုပ်သွားတာ။ အခု ပြည် သူလူထုက တင်မြောက်ထားတဲ့ အစိုးရသစ်ကနေ ငြိမ်းချမ်းရေးကိစ္စ လုပ်ဆောင်တာဖြစ်တယ်လို့ ဖြေတယ်ဗျ” ဟု ၎င်းကဆက်လက်ပြောပါသည်။

ယမန်နေ့ သြဂတ်စ် ၈ ရက် မိုင်းလား၌ ပြုလုပ်သော အစည်းအဝေးသည် ဗဟိုကော်မတီအတွင်းပြန်လည်ရှင်းပြ သည့် အစည်းအဝေးတစ်ရပ်သာဖြစ်ကြောင်း သိရှိရပါသည်။

သြဂတ်စ် ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ကြေငြာချက် ကြောင့်နေပြည် တော်သို့ ငြိမ်းချမ်း ရေး ကိစ္စ ဆွေးနွေးရန် သြဂတ်စ် ၂၇ ရက်၌ စာရေး အကြောင်းကြား ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်နယ် အစိုးရနှင့် မဆွေးနွေး ရဘဲ နေပြည်တော်မှ တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော် ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ချက်ချင်းတွေ့ဆုံ ဆွေးနွေး ရခြင်း ဖြစ်ကြောင်း ဆို၏။

No comments: