Friday, October 21, 2011

လွတ်ငြိမ်းချမ်းသာအမိန့်နဲ့ နိုင်ငံရေးအကျဉ်းသား

လင်းသန့်

မြန်မာနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာအမိန့်တွေကို အကြိမ်များစွာ ပေးခဲ့ဖူးပါတယ်။

တော်လှန်းရေးကောင်စီ စစ်အစိုးရလက်ထက်က အစပြုပြီး မဆလ၊ န၀တ၊ နအဖ အစိုးရ အဆက်ဆက် လွတ်ငြိမ်းချမ်းသာအမိန့်တွေ ထုတ်ပြန်ကာ အကျဉ်းသားတွေကို လွှတ်ပေးတာတွေ လုပ်ခဲ့ကြပါတယ်။

လွတ်ငြိမ်းချမ်းသာ အမိန့်တိုင်းဟာ နိုင်ငံတော်မှာ လိုအပ်နေတဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးထက်စာရင် နိုင်ငံရေးအရ အကျိုး အမြတ် တခုခုကို လိုလား လို့သာ ထုတ်ပြန်ခြင်း ဖြစ်တယ်။ အထူး သဖြင့် ပြည်တွင်း ပြည်ပ မျက်နှာစာ တွေမှာ မြန်မာစစ် အစိုးရဟာ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ ပြုပြင်ပြောင်း လဲနေကြောင်း လုပ်ပြတဲ့ နည်းလမ်း တခု အဖြစ်လည်း အသုံးပြု လေ့ရှိတယ်။

စစ်အစိုးရလက်ထက်မှာတော့ လွတ်ငြိမ်းချမ်းသာအမိန့် ထုတ်ပြန်လိုက်တိုင်း နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကတော့ လွတ် မြောက်လေ့ရှိတာတွေ့ရပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား တဦးစ နှစ်ဦးစကို လွှတ်ပေးပြီး နိုင်ငံတကာ သံတမန်မျက်နှာစာတွေမှာ အစိုးရ ရပ်တည်ရေး ပိုခိုင်မာဖို့အတွက် အသိအမှတ်ပြု ခံရဖို့အတွက် အသုံးချလေ့ရှိတယ်။ သေချာတာက နိုင်ငံရေး အကျဉ်းသား အများစုနဲ့ လွတ်ရက်များစွာလိုနေသူတွေအတွက် လွတ်ငြိမ်းချမ်းသာအမိန့်ဟာ မသက်ဆိုင်သလို ဖြစ်နေတာပါပဲ။

အခုလည်း လမ်းဟောင်းလျှောက် လွတ်ငြိမ်းချမ်းသာအမိန့်ကို သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း ပထမတကြိမ် ပြစ်ဒဏ်ကျခံရတဲ့ ကာလကနေ ၁ နှစ် လျှော့ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာအမိန့်နဲ့ သတင်းကျွတ် လပြည့်နေ့ မတိုင်ခင် ထုတ်ပြန်လိုက်တဲ့ စည်းကမ်းလိုက်နာသူ၊ သက်ကြီး၊ မကျန်းမာသူတွေအတွက် ဒုတိယအကြိမ် လွတ်ငြိမ်း ချမ်းသာအမိန့်ဆိုပြီး ၂ ကြိမ် ရှိခဲ့တာတွေ့ရပါတယ်။

အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်၂ ခုနီးပါးနေခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် နေခဲ့ဖူးတဲ့ကျနော်ဟာ လွတ်ငြိမ်းချမ်းသာ အမိန့်များစွာကို ဖြတ်သန်းခဲ့ဖူးပါတယ်။

လွတ်ငြိမ်းချမ်းသာအမိန့်တိုင်းဟာ အကျဉ်းထောင်တွေထဲရှိ နိုင်ငံရေးအကျဉ်းသားတွေအပါအ၀င် လွတ်မြောက်ခွင့်ရအနည်း ငယ်သော အကျဉ်းသား၊ အကျဉ်းသူတွေကို ၀မ်းသာမှုတွေ ပေးသလို ကျန်ရစ်သူအများစုအတွက် ၀မ်းနည်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုကို ပေးစမြဲဖြစ်တာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတာပါ။

လွတ်ငြိမ်းချမ်းသာအမိန့်တိုင်းဟာ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားကို နိုင်ငံရေးကုန်ပစ္စည်းအဖြစ် အလျော်အစားလုပ်တဲ့ ဈေး ခေါ်ချိန်လို့ ပြောရမှာပါပဲ။

မြန်မာအစိုးရအဆက်ဆက်က နိုင်ငံရေးအရ နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ယုံကြည်မှုရရှိစေဖို့အတွက် ပြုပြင်ပြောင်းလဲ မှုတွေ လုပ်ဆောင်နေတယ်လို့ ပြသတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာအမိန့်ဟာ အဓိကကျတဲ့ လှည့်ကွက်တခုဖြစ်ပါတယ်။

၁၉၈၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်ကောင်စီရုံး ရဲ့ အမိန့် အမှတ် ၂/၈၀ လွတ်ငြိမ်းချမ်းသာခွင့် ပေး ခဲ့စဉ်က အကျဉ်းထောင်တွေမှာရှိတဲ့ ဖမ်းဆီးထိန်းသိမ်း အပြစ်ပေးခံနေကြရတဲ့ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င် အားလုံးသောနိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးခဲ့ပါတယ်။

အဲဒီတကြိမ်သာ နိုင်ငံရေးအကျဉ်းသားတွေအတွက် အားလုံးခြွင်းချက်မရှိ လွတ်မြောက်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာအမိန့် ဖြစ်ခဲ့ဖူး တယ်။

၁၉၈၈ ခုနှစ် စစ်အစိုးရ တက်လာပြီးနောက်ပိုင်း လွတ်ငြိမ်းချမ်းသာအမိန့်အမှတ် ၄/၈၉၊ ၁၁/၉၂ ၊ ၁/၉၃ စသဖြင့် ထုတ် ပြန်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ လွတ်ငြိမ်းချမ်းသာအမိန့်တိုင်းဟာ နိုင်ငံရေးအကျဉ်းသားလွတ်သူ မရှိသလောက်နည်းပါးပြီး လွတ်ရက်အလွန် နီးနေတဲ့ အကျဉ်းသား အနည်းငယ်လောက်ကိုသာ လွှတ်ပေးခဲ့တယ်။ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ရက်စေ့ ပေမယ့် ပြန်လည်မလွှတ် ပေးခဲ့ဘဲ ပုဒ်မ ၁၀(က)နဲ့ ထပ်မံချုပ်နှောင်ခံရတာတွေလည်း ရှိပါတယ်။

န၀တ စစ်အစိုးရ လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် အမှတ် ၁/၉၃ နဲ့ သေဒဏ်ကနေ တသက်တကျွန်း ပြစ်ဒဏ်ကို ပြောင်းလဲ သတ်မှတ်ခံခဲ့ရတယ်။ ၁၀ နှစ် နဲ့အထက် ပြစ်ဒဏ်ကျခံနေရသူတွေကို ထောင်ဒဏ် ၁၀ နှစ် သတ်မှတ်စေပြီး ကျန်နှစ် တွေကို လျှော့ပေါ့ပေးခဲ့တယ်။ လွတ်မြောက်သူ မရှိသလောက်သာဖြစ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာ အမိန့်လို့ ဆိုရမှာ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ် နိုဝင်လာလ ၁၅ ရက်နေ့ က န၀တ စစ်အစိုးရက နအဖ စစ်အစိုးရ အဖြစ် အမည်ပြောင်းလဲပြီးနောက် အမိန့် ၁/၉၇ နဲ့ အလားတူ သေဒဏ်မှ တသက်တကျွန်းပြောင်းလဲသတ်မှတ်ပြီး ၁၀ နှစ်အထက် ထောင်ဒဏ်ကျခံနေရသူတွေအတွက် ၁၀ နှစ် အတည်ပြု သတ်မှတ်ကာ ကျန်ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးခဲ့ပြန်တယ်။

အဲဒီအချိန်က အမိန့်အမှတ် ၁/၉၃ နဲ့ သေဒဏ်မှ အနှစ်၂၀ နဲ့ ညီမျှတဲ့ ထောင်ဒဏ်ပြောင်းလဲကျခံနေရတဲ့အတွက် အမိန့်အမှတ် ၁/၉၇ အရ ကြိုးလွတ် ကျွန်းပြောင်း (သေဒဏ်မှ တသက်တကျွန်း ပြစ်ဒဏ် ပြောင်းလဲ ကျခံရသူ)တွေဟာ အမိန့်အရ ထောင် ဒဏ် ၁၀ နှစ် အတည်ပြုသတ်မှတ်ခံရတဲ့အတွက် အမိန့်ကြေညာပြီး နောက်တရက်မှာ လွတ်မြောက်ခွင့်ရကြတယ်။

ဒါပေမယ့် ကျနော်အပါအ၀င် ကြိုးလွတ်ကျွန်းပြောင်း နိုင်ငံရေးအကျဉ်းသားတွေအတွက်ကတော့ လွတ်ငြိမ်းချမ်းသာ အမိန့်ကို ၂ ကြိမ်ခံစားခွင့် မရ ဆိုပြီး ချန်လှပ်ထားခြင်း ခံခဲ့ရပါတယ်။

အကျဉ်းသားတိုင်း ထောင်ထဲမှာ မနေလိုကြပါ။ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း ပြန်လည် လွတ်မြောက်လိုကြပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေအတွက် ကန့်သတ်ထားတဲ့လွတ်ငြိမ်းချမ်းသာအမိန့်တွေအပေါ်မှာ နိုင်ငံရေးအကျဉ်း သားတွေဟာ ခံနိုင်ရည်ရှိလာကြပါတယ်။

လွတ်ငြိမ်းချမ်းသာအမိန့်တွေကို စစ်အစိုးရအဆက်ဆက်က မရိုးသားတဲ့နည်းလမ်းအနေနဲ့ ပြည်တွင်း ပြည်ပမှာမျက်နှာသာရဖို့အစဉ်တစိုက်အသုံးပြုလေ့ရှိတတ်ပါတယ်။ အခုလည်း ထို့အတူပါပဲ။

အစိုးရအဆက်ဆက်က နိုင်ငံရေးအကျဉ်းသား မရှိပါဘူး အမြဲငြင်းဆိုလေ့ရှိပြီး နိုင်ငံရေးအရ မျက်နှာရလိုတဲ့ အခါတွေမှာတော့ နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာရှိတယ်လို့ ပြောတတ်ပြန်တယ်။

အထင်ရှားဆုံး သာဓကမှာ ၁၁/၉၂ အမိန့်ထုတ်ပြန်ခဲ့တဲ့ န၀တ စစ်အစိုးရက နိုင်ငံရေးအရ ထိန်းသိမ်းထားသူတွေလို့ သုံးနှုန်းပြီး အမျိုးသားညီလာခံကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်လာရေးအတွက် နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို လွှတ်ပေး ခဲ့ သေးတယ်။

အဲဒီနောက်၂၀၀၄ ခုနှစ်က စစ်တပ်တွင်း အာဏာလွန်ဆွဲပွဲမှာ အရေးနိမ့်သွားခဲ့တဲ့ စစ်ထောက်လှမ်းရေးအကြီးအကဲနဲ့ ၀န်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ စစ်ထောက်လှမ်းရေးတွေ၊ သူတို့နဲ့ဆက်နွယ်သူတွေကို ဖမ်းဆီးအရေးယူပြီးနောက် တပ်ချုပ်ကြီးရဲ့ဇယားကွက် အရ အမျိုးသားထောက်လှမ်းရေးကို ဖျက်သိမ်းခဲ့ပြီး အမျိုးသားထောက်လှမ်းရေး၊ စစ် ထောက်လှမ်းရေးတွေက မှားယွင်းဖမ်းဆီး ထားသူတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲဒီအချိန်က အခု ထောင်ဒဏ် ၆၅ နှစ်ကျော်စီကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စတဲ့သူတွေကို အကျဉ်းထောင်တွေကနေ ပုဒ်မ ၁၀(က)နဲ့ ဆက်လက်ထိန်းသိမ်ထားရာက သက်တမ်းကုန်ထားပြီး တာနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

အခုလည်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ၂ ကြိမ်တိုင် ပေးခဲ့တယ်။

ဒါပေမယ့် ဒီလွတ်ငြိမ်းချမ်းသာခွင့်၂ ကြိမ်လုံးဟာ အခုအထိ စိတ်ရင်းစေတနာမှန်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေ မဟုတ်တာ ကတော့ သေချာပါတယ်။

တကယ်လို့ သမ္မတ ဦးသိန်းစိန်အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုးအတွက်၊ အမျိုးသားရင်ကြားစေ့ရေး အတွက် သမ္မတရဲ့လုပ်ပိုင်ခွင့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်နိုင်ပါသေးတယ်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့အတွက် အဓိကအခန်းကပါဝင်တဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခြင်းဖြင့် နိုင်ငံတကာရဲ့ အမှန်တကယ် အသိအမှတ်ပြုမှုကို ရရှိမှာ မလွဲပါလို့ ပြောလိုပါတယ်။ ။

No comments: