ထိုင်းနိုင်ငံ ဝန်ကြီး ချုပ်သစ် ယင်လပ် ရှင်နာဝပ် သည် မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် ၏ ဖိတ်ကြား မှုဖြင့် မကြာခင် ကာလ အတွင်း မြန်မာ နိုင်ငံသို့ ပထမ ဆုံးအကြိမ် တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် သွားရောက် လည်ပတ် မည်ဟု တနင်္ဂနွေ နေ့ထုတ် နိုင်ငံပိုင် မြန်မာ့ အလင်း သတင်း စာတွင် ဖော်ပြ ထားသည်။သြဂုတ်လ ၅ ရက်နေ့တွင် ထိုင်း ဝန်ကြီး ချုပ်ဖြစ် လာသည့် ယင်လပ် ရှင်နာဝပ်၏ ခရီးစဉ်သည် အိမ်နီး ချင်းနှစ် နိုင်ငံ၏ ဆက်ဆံ ရေးနှင့် စီးပွါးရေး ကုန်သွယ် မှုများ မြှင့်တင်ရန် အားထုတ်မှု ဖြစ်သည်ဟု သိရသည်။
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာနမှ ယခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် စာရင်း အရ ထိုင်း နိုင်ငံသည် မြန်မာ နိုင်ငံ အတွင်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်သည်။ ၂ဝ၁၁ -၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် တရုတ် နိုင်ငံက အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံဖြင့် မြန်မာ နိုင်ငံ အတွင်းတွင် ရင်းနှီး မြှုပ်နှံမှု အများဆုံး နိုင်ငံဖြစ်ပြီး ထိုင်း နိုင်ငံက အမေရိကန် ဒေါ်လာ ၂.၄၉ ဘီလီယံဖြင့် ဒုတိယ လိုက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံသည် စွမ်းအင်ကဏ္ဍ အထူးသဖြင့် သဘာဝဓာတ်ငွေ့ စွမ်းအင်အတွက် မြန်မာနိုင်ငံကို မှီခိုနေရခြင်းကြောင့် မကြာသေးမီ နှစ်များအတွင်း ထိုင်းနိုင်ငံသည် မြန်မာအစိုးရနှင့် ပိုမိုနီးစပ်သော စီးပွါးရေး ဆက်ဆံမှုများပြုလုပ်ခဲ့သည်။
ဗြိတိသျှအစိုးရ၏ ယူကေ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုရုံး (UKTI) ၏ အဆိုအရ ဂျပန်နိုင်ငံတွင် မတ်လက ငလျင် လှုပ်ခတ်ပြီးနောက် ထိုင်းနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အရေးတကြီး လိုအပ်နေသည့် အိမ်နီးချင်းနိုင်ငံနှင့် ပိုမိုနီးစပ်သော ဆက်ဆံရေးထူထောင် ဖွယ် ရှိသည်ဟု သိရသည်။
ဂျပန်နိုင်ငံတွင် ဖူကူရှီးမား နူကလီးယား ဓာတ်အားပေး စက်ရုံ ငလျင် လှုပ်ခတ်မှုကြောင့် မပျက်စီးခင်က ထိုင်းနိုင်ငံသည် ၂ဝ၂ဝ ခုနှစ်တွင် နူကလီးယား ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် အစီအစဉ် ရှိခဲ့သည်ဟု UKTI က ဆိုသည်။ ဂျပန်နိုင်ငံတွင် နူကလီးယား အန္တရာယ် တွေ့ကြုံရပြီးနောက် ထိုင်းနိုင်ငံအနေနှင့် သဘာဝ ဓာတ်ငွေ့အပေါ် ပိုမိုအားထား မှီခိုလာဖွယ် ရှိသည်ဟုဆိုသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က မကြာမီက ပြောကြားရာတွင် ထိုင်းနိုင်ငံအနေဖြင့် လိုအပ်သည့် ဥပဒေများ မပြဋ္ဌာန်းနိုင်မှုနှင့် နိုင်ငံတကာ စံနှုန်းများကို မလိုက်နာနိုင်မှုကြောင့် ၂ဝ၁ဝ-၂ဝ၃ဝ နှစ်နှစ်ဆယ် စွမ်းအင် ဖွံ့ဖြိုးရေး စီမံကိန်းကို ဆက်လက် လုပ်ဆောင်ရန် အသင့် မဖြစ်သေးဟု ဆိုသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ အနေဖြင့် စွမ်းအင်အတွက် အဓိကအားဖြင့် သဘာဝ ဓာတ်ငွေ့ကိုသာ မှီခိုရလိမ့်မည်ဟု UKTI က ဆိုထားသည်။
ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် အကျိုးစီးပွါးဆိုင်ရာ စိတ်ဝင်စားမှုသည် မြန်မာ့ လူ့အခွင့်အရေး ကိစ္စရပ်များ အပေါ် ထိုင်းနိုင်ငံ၏ ပါဝင်ပတ်သတ်မှုကို ရှုပ်ထွေးစေသည်ဟု မြန်မာ့အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့(AIPMC) ဥက္ကဋ္ဌ Kraisak Choonhavan ကဇူလိုင်လ အတွင်းက မဇ္ဈိမသို့ ပြောကြားခဲ့သည်။
ထိုင်းအစိုးရသစ် အနေဖြင့် ထိုင်းနိုင်ငံ၏ အကျိုးစီးပွါးကိုသာ ပထမ ဦးစားပေးလိမ့်မည်ဖြစ်ပြီး ထိုင်းအစိုးရ ပေါ်လစီ သည် မြန်မာ နိုင်ငံသား များကို မျက်နှာသာ ပေးလိမ့်မည် မဟုတ်ဟု သူက ဆိုခဲ့သည်။
“ဒီ (ထိုင်း) အစိုးရဟာ မြန်မာနိုင်ငံအတွက် အရမ်းအန္တရာယ် ရှိပါတယ်။ ဘာလို့လဲဆိုတော့ အကျိုးစီးပွါးကိုသာ အဓိက ထားပြီးတော့ မြန်မာနိုင်ငံက ဒေသခံ လူထုရဲ့ အသံကို နားထောင်ပြီး ဘယ်လိုပူးပေါင်း ဆောင်ရွက် ရမယ် ဆိုတာ စဉ်းစားဖို့နဲ့သတင်း အချက် အလက် တွေကို နားထောင်ဖို့ ငြင်းဆန်လို့ပါပဲ။ ဥပမာ သံလွင်မြစ်ပေါ်မှာရေကာတာ တခု တည်ဆောက်တဲ့ ကိစ္စရပ်လိုပေါ့” ဟု Kraisak က ဆိုခဲ့သည်။
“ထိုင်းနိုင်ငံကို သွယ်တန်းမယ့် ရတနာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် မြန်မာနိုင်ငံမှာ လူပေါင်းများစွာ သူတို့နေရပ် ဒေသတွေကနေ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင့် လက်ထက်တုန်းက ထားဝယ်မှာ ရေနက်ဆိပ်ကမ်း ဆောက်ဖို့ အလိုရှိခဲ့ပါတယ်။ အခု (ထိုင်း) အစိုးရသစ်ကလည်း သက်ဆင့်မူဝါဒ အတိုင်းကျင့်သုံးဖွယ်ရာ ရှိပါတယ်” ဟု သူကဆိုသည်။ လေ့လာသူများကလည်း ရင်လပ် သည် သူမ၏ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ မူဝါဒများအတိုင်း ဆောင်ရွက်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။
ယခုလောလောဆယ်တွင် ယခင် ထိုင်းဝန်ကြီးချုပ် အဘီဆစ် အစိုးရ၏ လက်ထက်က အလေးပေး ဆောင်ရွက်ခဲ့သော ထိုင်းနိုင်ငံ နယ်စပ်တွင် နေထိုင်နေသည့် သောင်းနှင့်ချီသော မြန်မာ ဒုက္ခသည်များအား နေရပ်ဒေသသို့ပြန်လည် ပို့ဆောင်ရေး စီမံချက်နှင့် ပတ်သတ်၍ ထိုင်းအစိုးရသစ်မှ မှတ်ချက် တစုံတရာ ပေးခြင်း မရှိသေးပေ။
မြန်မာ့လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် ပိုမို
ပြင်းထန်သည့် နည်းလမ်းကို ရွေးချယ်ကာ ဆောင်ရွက်ရန် တိုက်တွန်းမှုများ ရှိနေစဉ်တွင် UKTI က “စီးပွါးရေးနဲ့ စွမ်းအင်ဆိုင်ရာ မှီခိုမှုတွေက ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်း နိုင်ငံအပေါ် ဖိအားပေး လွှမ်းမိုးနိုင်မယ့် အနေအထားကို ထိခိုက်လိမ့်မယ်လို့ ကျနော်တို့ သံသယ ဖြစ်မိပါတယ်” ဟု ဆိုသည်။
စွမ်းအင်ဆိုင်ရာ လေ့လာသူများက ထိုင်းနိုင်ငံ အနေဖြင့် ကျောက်မီးသွေး တင်သွင်းခြင်း၊ နူကလီးယား စွမ်းအင်ကို အသုံးပြုနိုင်ရန် ကြိုးပမ်းခြင်းတို့ဖြင့် သဘာဝဓာတ်ငွေ့အပေါ် မှီခိုနေရမှုကို လျှော့ချရန် ဆယ်စုနှစ် တခုကျော်ခန့် ကြာအောင် ကြိုးစားခဲ့သည် ဟုဆိုသည်။ Chiang Rai Times သတင်းဌာန၏ ဆောင်းပါးအရ ထိုင်းနိုင်ငံ၏ လျှပ်စစ် ထုတ်လုပ်သုံးစွဲမှု၏ ၇၂ ရာခိုင်နှုန်းမှာ သဘာဝ ဓာတ်ငွေ့အပေါ် မှီခိုနေရသည်ဟု သိရသည်။
ဂျပန်နိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် ထိုင်းနိုင်ငံ အနေဖြင့် မီဂါဝပ် ၅,ဝဝဝ ထုတ်လုပ်နိုင်မည့် နူကလီးယား စီမံကိန်းကို မူလထက် သုံးနှစ် နောက်ဆုတ်၍ ၂ဝ၂၃ ခုနှစ်သို့ ရွှေ့ဆိုင်းရန် မေလက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
ထိုင်းနိုင်ငံသည် နူကလီယား စီမံကိန်းကို ၁၉၆၆ ခုနှစ်တွင် စတင်ခဲ့ပြီး IAEA က ၁၉၇ဝ ခုနှစ် တွင် ထောက်ခံ အတည်ပြုခဲ့သည်။ သို့သော် ၁၉၇၈ ခုနှစ်တွင် ထိုင်းပင်လယ်ကွေ့၌ သဘာဝ ဓာတ်ငွေ့များ တွေ့ရှိမှုကြောင့်နူကလီးယား စီမံကိန်းကို ရပ်ဆိုင်းထားခဲ့သည်။
No comments:
Post a Comment