Sunday, October 16, 2011

လွှတ်ရင်လွှတ် … မလွှတ်ရင် ဝတ်မယ်

ဧရာဝတီ

သီတင်းကျွတ် နတ်ရုံးပိတ်ရက် ဘုရားဖူးမည်အကြံနှင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ကို ခေါက်ထားကာ ဦးရုက္ခစိုး ဗုဒ္ဓဂယာသို့ ရောက်နေစဉ် နေပူပူ၌ ပြောင်ပြောင်လက်လက် အရာတခုကို မြင်လိုက်ရသောကြောင့် မျက်စိကျိန်းသွားသည်။ ထိုအရာကား တခြားအရာမဟုတ် ကျွန်ုပ်တို့ သမ္မတကြီး၏ ပြောင်လက်သော နဖူးပင်တည်း။

ရုက္ခစိုး။ ။ ဘယ့်နှယ် သမ္မတကြီးက ဒီရောက်နေသကိုး။

“ရှူးတိုးတိုး … ။ ကျုပ်က ဒီလာပုန်းနေတာဗျ။ သြော် ဒါနဲ့ ကျုပ်နာမည် ပြောင်းလိုက်ပြီ … ဒီနေ့က စပြီး ကျုပ်ကို ဦးသိန်းဇိမ် လို့ ခေါ်နော်” ဟု သမ္မတက ပြန်ပြောသည်။

ရုက္ခစိုး။ ။ ဘာဖြစ်လို့လဲဗျ။

သိန်းဇိမ်။ ။ ဟိုနာမည်က နည်းနည်းဆိုးလို့ ကိုတာတေက ဗေဒင်တွက်ပြီး ပြောင်းပေးထားတာ။ ပြီးတော့လည်း ကျုပ်က သမ္မတပေမယ့် တခြားနိုင်ငံ သမ္မတတွေလို အလုပ်မများဘူး၊ ဇိမ်ကျတယ်လေ။

ရုက္ခစိုး။ ။ ဘာဖြစ်လို့ ဇိမ်ကျတာလဲဗျ။ သမ္မတမှန်ရင် လူရောခေါင်းရော အလုပ်များရမှာလေ။

သိန်းဇိမ်။ ။ ကျုပ်က ခေါင်းလည်းမရှုပ်ဘူး၊ လူလည်း အလုပ်မများဘူး။ နောက်ကခိုင်းတာ လုပ်ရုံပဲ …။ သမ္မတ နာမည်တလုံးနဲ့ ဇိမ်ကိုကျလို့ …။

ရုက္ခစိုး။ ။ သြော် သိပြီ။ ကျုပ်က ဦးသိန်းဇိမ်ကို အကျဉ်းသား လွှတ်တဲ့ကိစ္စနဲ့ အလုပ်များပြီး ဘယ်မှ မသွားနိုင်ဘူး ထင်ထားတာ။ ဇိမ်ကျနေလို့ ဘုရားဖူးပါ အေးအေးဆေးဆေး ထွက်နိုင်တာကိုး။

သိန်းဇိမ်။ ။ အင်း ဒီခရီးစဉ်ကတော့ ဘုရားလည်း ဖူးရင်း လိပ်ဥလည်း တူးရင်းဆိုပါတော့ ဦးရုက္ခစိုးရယ်။

ရုက္ခစိုး။ ။ လိပ်ဥတူးချင်ရင် ပင်လယ်ကမ်းခြေသွားရမှာ ဘယ့်နှယ် ဒီတောထဲမှာ လိပ်ရှိရင်တောင် ဘေးမဲ့လိပ်ပဲ ရှိမှာပေါ့။ တော်ကြာ သမ္မတက လယ်စိုက်ပြီးသွားလို့ ဗုဒ္ဓဂယာမှာ လိပ်ဥတူးတယ်ဆိုပြီး ဖေ့စ်ဘုပေါ် ရောက်သွားမယ်နော်။

သိန်းဇိမ်။ ။ ဟာ … ဦးရုက္ခစိုးကလည်း လွဲပြန်ပြီ။ လိပ်ဥတူးတယ်ဆိုတာ ဥပမာပြောတာဗျ။ ကျုပ်က ဟိုဘက်က ထောင်ကဲ ကြီးကို မြစ်ဆုံကိစ္စနဲ့ ကလန်ထားမိတာဆိုတော့ ဒီဘက်က မာမူကြီးကို နည်းနည်းကပ်ထားရမယ်လေ။ အဲဒါကို ပြောတာ။

ရုက္ခစိုး။ ။ သြော် ဒီလိုလား။ ဒီအတွက်ကော တော်တော်မှ ခေါင်းစားနေသေးလား။

သိန်းဇိမ်။ ။ သိန်းဇိမ်ပါဆို ဦးရုက္ခစိုးရယ်။ ဘာလုပ်ရမယ်ဆိုတာ ချိုကုပ်ဒူးကြီးက အကုန်လုံး ပြောပြလိုက်ပြီးသား။ အဲဒါကို လိုက်လုပ်ရုံပဲ ဟဲဟဲ။

ရုက္ခစိုး။ ။ ဇိမ်ကျပါ့ဗျာ။ ဒါဆို အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ကကော … ခင်ဗျားအကြံမဟုတ်ဘူးပေါ့။

သိန်းဇိမ်။ ။ မြစ်ဆုံကိစ္စ ကတည်းက နောက်ကွယ်က ချိုကုပ်ဒူးကြီး အကြံပါဗျာ။ ဒါပေမယ့် လူတွေက သမ္မတကြီး သိပ်တော်တယ်၊ လိမ်မာတယ်၊ ဘာ ညာ အားပေးတော့ ဟဲဟဲ … ပျော်တာပေါ့ ဟုတ်ဘူးလား။ အဲဒီမှာ အဝှာတက်အောင် ဆက်ကမယ် လုပ်တုန်း … အဟင့် ဟင့် ဟင့် … အီး … အဟင့် …။
ရုက္ခစိုး။ ။ ဟင် … ဘာဖြစ်သွားတာလဲ ဦးသိန်းဇိမ်ရဲ့။

သိန်းဇိမ်။ ။ ဘာဖြစ်ရမှာလဲ … ကျုပ်ရဲ့ အပျော်တွေ သဲထဲ ရှူးရှူးပေါက်ချသလို ဖြစ်သွားတာပေါ့။

ရုက္ခစိုး။ ။ သဲထဲ ရေသွန် လုပ်ပါဗျာ။

သိန်းဇိမ်။ ။ အတူတူပါပဲဗျာ …။ ချိုကုပ်ဒူးကြီးက ပြောတယ်ဗျ။ သိန်းဇိမ်တဲ့ … မင်းအပျော်လွန်တာက အရေးမကြီးဘူး … စကားတော့ လွန်လို့မရဘူးတဲ့။

ရုက္ခစိုး။ ။ အဲဒါ ဘာကိုပြောတာလဲ။

သိန်းဇိမ်။ ။ အလျှော့ အတင်းလုပ်ဖို့ ပြောတာလေ။ ကိုယ့်ဘက်က နည်းနည်းပေးလိုက် … ဟိုဘက်က များများတောင်းလိုက်၊ နည်းနည်းပေးလို့ သူများတွေက လက်ခုပ်တီးလိုက်၊ ရသမျှ လှိမ့်ယူလိုက် …။

ရုက္ခစိုး။ ။ ဟာ ရှင်းပြမှပဲ ပိုရှုပ်သွားပြီ။

သိန်းဇိမ်။ ။ အဲဒီလို ရှုပ်တာကိုက ပညာပဲ။ ရှုပ်မယ်၊ ထွေးမယ်၊ မလှိမ့်တပတ်လုပ်မယ်၊ လိုချင်တာ တောင်းမယ်၊ မရရင် နည်းနည်းလျှော့ပေးမယ်၊ လျှော့ပေးလို့ ဟိုဘက်က နည်းနည်းပေးရင် အတင်းဆွဲယူမယ်၊ မရရင် ဘာမှ ပြန်မပေးဘူး … အဲဒီလို အဲဒီလို။ ကစားတယ် ခေါ်တာပေါ့။ ချိုကုပ်ဒူးကြီးရဲ့ ကစားနည်းက အဲဒီလိုပဲ ရှုပ်တယ်။

ရုက္ခစိုး။ ။ ကစားရအောင် ချိုကုပ်ဒူးကြီးက သူငယ်ပြန်နေပြီလား။

သိန်းဇိမ်။ ။ အောင်မလေး … မေးနေပြီ အမေရဲ့ … အဟီး ….. အီး … အဟင့်။

ရုက္ခစိုး။ ။ ဟာ ဘာဖြစ်ရပြန်တာလဲ ဦးသိန်းဇိမ်ရယ်။

သိန်းဇိမ်။ ။ ငိုတာလေ။ ကျုပ်လည်း သူ့ကို သူငယ်ပြန်စေချင်တာပေါ့ဗျာ … အခုတော့ … အခုတော့ အဟင့် … သူက သူငယ်မပြန်ဘူး … ကျုပ်က ရူးတော့မယ်။

ရုက္ခစိုး။ ။ ဘာဖြစ်လို့လဲဗျ။

သိန်းဇိမ်။ ။ ဘာဖြစ်ရမှာလဲ …။ ကျုပ်က မြစ်ဆုံကိစ္စ ရပ်ပေးလိုက်တော့ ကျုပ်ကို ပြည်သူတွေက ချီးကျူးဂုဏ်ပြုပြီး ချစ်နေကြတာ။

ရုက္ခစိုး။ ။ ဟုတ်တယ်လေ … အဲဒီလို ချစ်နေတာလေးကို ဆက်ထိန်းပြီး နိုင်ငံရေးအကျဉ်းသား တွေကို ခြွင်းချက်မရှိ လွှတ်ပေးလိုက်သင့် တာပေါ့။

ဦးသိန်းဇိမ်က “သိတယ် … သိတယ်။ ကျုပ်စကား ဆုံးအောင် နားထောင်ပါဦး … အဟင့် … ရွှတ်” ဟု ငိုရင်း၊ နှပ်သုတ်ရင်း ပြောလေသည်။

သိန်းဇိမ်။ ။ ဖြတ်မပြောနဲ့နော် … ဆက်ပြောမယ်။ အဲဒီလို လူတွေကချစ်နေတာကို ကျုပ်က … ကျုပ်က သဘောကျတာပေါ့ဗျ။ ပျော်ပြီး မျောနေတာ။ လူတွေ ဆက်ချစ်တာကိုပဲ လိုချင်တာပေါ့။ ဒါပေမယ့် … ဒါပေမယ့်ဗျာ။

ရုက္ခစိုး။ ။ ဖြတ်မပြောနဲ့ ဆိုပေမယ့် မနေနိုင်ဘူးဗျာ။ ကျုပ်လည်း ဝမ်းနည်းလာပြီ။ ဆိုလိုတာက သမ္မတက နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးချင်ပေမယ့် ချိုကုပ်ဒူးကြီးက စတိပဲ လွှတ်ပေးခိုင်းတယ် ဆိုပါတော့။

သိန်းဇိမ်။ ။ မှန်လိုက်လေဗျာ …။ အခုတော့ ကျုပ်ရဲ့ ပြောင်နေတဲ့နဖူးကြီး … အယ် ယောင်ကုန်ပြီ … ကျုပ်ရဲ့ မျက်နှာ ဘယ်ဖျာအောက် သွားထိုးထားမလဲဗျာ။ ကျုပ်ကို လူတွေက အထင်တွေကြီးနေတာ … အခုတော့ အဲဒီကြီးနေတဲ့ အထင်တွေ သေးကုန် တော့မယ် … ။ ကျုပ်ကို လူတွေက မုန်းတော့မှာဗျ။

ရုက္ခစိုး။ ။ သိပ်မငိုပါနဲ့ဗျာ … အရင်က လုပ်နေကျအတိုင်း မျက်နှာပြောင် တိုက်လိုက်ပေါ့။ လွယ်ပါတယ်။

သိန်းဇိမ်။ ။ အရင်ကတော့ လွယ်တယ်။ အခုတော့ မလွယ်တော့ဘူး …။ ကျုပ်က ပြည်သူလူထု အချစ်တော် မင်းသားလေး လုပ်ရတဲ့ အရသာကို စွဲနေပြီဗျ … စွဲနေပြီ။ အဲဒီတော့ ချိုကုပ်ဒူးကြီးက အကုန်လွှတ်ရင်လွှတ် … မလွှတ်ရင်တော့ ကျုပ် … ပြန်တော့ဘူး … ဒီမှာပဲ တသက်လုံးနေလိုက်တော့မယ်။

ရုက္ခစိုး။ ။ ဟင် ဒီမှာ ဘာလုပ်မှာလဲ။

သိန်းဇိမ်။ ။ ဘုန်းကြီးဝတ်မယ်။

ရုက္ခစိုး။ ။ ဆံပင်ဆုံးပါ့မယ် ဗျာ။

သိန်းဇိမ်။ ။ အစကလည်း တဝက်ပဲရှိတာပါဗျာ … အာ … ဆုံးဆုံးဗျာ။ ကျုပ်ကတော့ ဝတ်မှာပဲ။ လွှတ်ရင်လွှတ် မလွှတ်ရင် ဝတ်မယ်။

ရုက္ခစိုး။ ။ တကယ်ပဲလား …။ လုံးဝ ပြန်မစဉ်းစားတော့ဘူးလား။

သိန်းဇိမ်။ ။ မစဉ်းစားတော့ဘူး … အားလုံးကို ပြောလိုက်ပါ။ အဆင်ပြေသလိုသာ နေရစ်ကြပါလို့ … အဟင့်။

မည်သို့မှ ခေါ်မရသောကြောင့် ဦးသိန်းဇိမ်ကို ဦးရုက္ခစိုးက ဗုဒ္ဓဂယာတွင် ထားခဲ့၍ လာလမ်းအတိုင်း ပြန်ခဲ့လေတော့သည်။

မှတ်ချက်။ ။ ပြောချင်ရာပြော၍ လုပ်ချင်ရာလုပ်တတ်သော မြန်မာအစိုးရအကြောင်း သိသူများအနေဖြင့် ဦးသိန်းဇိမ် ပြောသည့်အတိုင်း လုပ်လိမ့်မည်ဟု ယုံချင်လျင် ယုံနိုင်ပြီး မယုံချင်သူများ မယုံပဲ နေနိုင်ပါကြောင်း။ ။

No comments: