Tuesday, October 18, 2011

အစိုးရက KIA ကို ဆက်၍ ထိုးစစ်ဆင်နေ

ဘကောင်း on October 18, 2011


ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရဘက်က လတ်တလော ထိုးစစ်ဆင်နေမှုများသည် ၎င်းတို့ အမာခံနယ်မြေများကို သိမ်းယူရန် အတွက် ဖြစ်သည်ဟု KIA ကပြောသည်။


ပြီးခဲ့သည့် ကြာသပတေးနေ့ကစတင်သည့် တိုက်ပွဲများအတွင်း KIA စစ်ဌာနချုပ် လိုင်ဇာနှင့် ပါဂျောင်သို့သွားရာ လမ်းတလျှောက်ရှိ KIA ခြေကုတ် စခန်းများကို အစိုးရတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပါဂျောင်သို့ သွားရာလမ်းရှိ ၀ိုင်းမော်မြို့နယ်အနီး Lung Zep Kong တောင်ကုန်း၊ နမ်ဆန်ရန်ရွာနှင့် ရှမ်းပြည်နယ် ကွတ် ခိုင်မြို့နယ်အနီး တာမိုးညဲဒေသများတွင်လည်း တိုက်ပွဲများကြိုးကြား ကြိုးကြား ဖြစ်နေသည်ဟု KIA ကပြောသည်။

“အစိုးရတပ်တွေက သောကြာနေ့ကတည်းက အဓိက နေရာ သုံးခုကို သဲသဲမဲမဲတိုက်နေတာ၊ တပ် အင်အား ၆၀၀
လောက်ထပ်ပြီး ပို့နေတယ်လို့လည်း အခုနောက်ဆုံး သိရတယ်”ဟု KIA မှ ဗိုလ်မှူးကြီး ဇောရော် က ဧရာဝတီ သို့ ပြော သည်။

“အခုစစ်ဆင်ရေးဟာ ပါဂျောင် ကို သိမ်းဖို့ လုပ်တာလို့ ယုံကြည်ရတယ်”ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါနယ်မြေများ၌ ယမန်နေ့ကအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရဘက်က ဒဏ်ရာပြင်းပြင်း ထန် ထန်ရရှိမှုများ ရှိကြောင်း၊ KIA တပ်သားများက ယင်း Lung Zep Kong တောင်ကုန်းကို ထိန်းထားနိုင်ခဲ့ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ပြောခွင့်ရ ဦးလနန်က ပြောသည်။

KIA တပ်သားများက Lung Zep Kong တောင်ကုန်းပေါ်မှ အစိုးရ တပ်သားများကို ပစ်ချနိုင်ခဲ့ကြောင်း၊ ပြန့်ကျဲနေ သော အစိုးရ တပ်သား အလောင်း ၃၀ ခန့်ကို ပြီးခဲ့သည့်ရက် တိုက်ပွဲအပြီးတွင် တွေ့ရှိရကြောင်းလည်း ၎င်းက ဆို သည်။

တရုတ်နိုင်ငံက ဆောက်လုပ်နေသည့် ဗန်းမော်မြို့နယ်ရှိ ရေအားလျှပ်စစ် စီမံကိန်းအနီး ပြီးခဲ့သည့် ဇွန်လက စတင် ဖြစ် ပွားခဲ့သော တိုက်ပွဲပေါင်းမှာ အနည်းဆုံး ၈၂ ကြိမ်ခန့်ရှိပြီး လွန်ခဲ့သော ၁၇ နှစ်က အစိုးရနှင့် ပြုလုပ်ခဲ့သည့် အပစ် အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ရသည်။

အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့ရန် တောင်းဆိုမှုအား KIA က ငြင်းဆန်ခဲ့ရာမှ ယခုကဲ့သို့ အစိုးရနှင့် KIA အကြား တင်းမာမှုများ တိုးပွားလာခဲ့ခြင်းဖြစ်သည်။

KIA နှင့် အစိုးရသည် ငြိမ်းချမ်းရေးအတွက် ၂ ကြိမ်တွေ့ဆုံခဲ့သည်။ အစိုးရဘက်က ၁၉၉၄ ခုနှစ်က ပြုလုပ်ခဲ့သည့် အပစ် အခတ်ရပ်စဲရေးကို ပြန်လည်အသက်သွင်းရန် ကမ်းလှမ်းခဲ့သော်လည်း KIA က ငြင်းဆန်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနှင့် နေပြည်တော်၌ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန် အစိုးရကို တောင်းဆို ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ လဆန်းပိုင်းက ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ ၀ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA)နှင့် မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်(NDAA)အဖွဲ့တို့နှင့် ပဏာမ ငြိမ်းချမ်းရေး သဘော တူညီချက်ယူရာတွင်မူ အစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ထည့်သွင်းဆွေးနွေးခြင်း မရှိခဲ့ပေ။ UWSA သည် တပ်အင်အား ၂၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

အစိုးရက UWSA နှင့် ငြိမ်းချမ်းရေး သဘောတူချက် ယူသကဲ့သို့ အဘယ်ကြောင့် မပြုလုပ်နိုင်သလဲဟု မေးရာတွင် KIA အနေဖြင့် ယာယီအပတ်အခတ် ရပ်စဲရေးအတွက် မပြုလုပ်လိုကြောင်း၊ နိုင်ငံရေးနည်းဖြင့်သာ ထာဝရငြိမ်းချမ်းရေး အတွက် ပြုလုပ်သွားလိုကြောင်း ဦးလနန် က ပြောဆိုသည်။

လက်ရှိအခြေအနေအရKIA နှင့် အစိုးရ တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ တရုတ်ပြည်ဘက်သို့ ထပ်မံရောက်ရှိလာမည်ကို စိုးရိမ်၍ ရာချီသော တရုတ်စစ်သားများကို တရုတ်-မြန်မာ နယ်စပ်၌ လုံခြုံရေးချထားကြောင်း သိရသည်။

No comments: