Sunday, January 8, 2012

ဥရောပငွေကြေး ပြဿနာ (အပိုင်း ၃)

ဘိုဘိုကျော်ငြိမ်း


ငွေပုံအောတိုင်း အန္တရာယ်ကလွတ်မှာလား

စာရေးသူရဲ့ ပုဂ္ဂိုလ် ရေးအမြင်အရတော့ ငွေကိုငွေနဲ့လိုက်တဲ့နည်းဟာ လမ်းမှန် မဟုတ်ဘူး။ လောလောဆယ်ကဈေးကွက် ယုံကြည်မှု ရအောင် လုပ်နိုင်ရုံ သက်သက်ပဲ ရှိတယ်။ အမှန်က Systemic Problem လို့ခေါ်တဲ့ စနစ်အတွင်း က ပြဿနာဖြစ်တာကြောင့် စနစ်ကို မပြင်နိုင်ရင် အပေါ်ယံ ထုံးသုတ်တာပဲရှိမယ်။ ဒါကြောင့် အပေါ်ထပ် အဆောက်အအုံ ပြောင်းလဲမှု (Structural change တွေရော ၊ အတွေးအခေါ်တွေပါ ပြင်မှရမယ်လို့ ထင်မိတယ်။

ဥပမာ ဂရိကို ဝင်ကယ်ရတာ နှစ်ခါရှိပြီ။ ယူရို သန်း ၃ဝဝ ကျော်ပြီ။ ဂရိတွေကိုယ်တိုင် ခါးစည်း အနစ်နာခံပြီး ပြင်မှ ရမှာ။ သုံးမရတဲ့ အစိုးရဝန်ထမ်းတွေ မဖြုတ်ဘဲ ခံစားခွင့်တွေ ဆက်ပေးနေရင် ဂျာမဏီပါ ဒေဝါလီ ခံသွားရမယ်။ လူတွေလျော့ ခံစားခွင့်တွေလျော့ အခွန်တိုးကောက် သူများတွေလို ကြိုးကြိုးစားစားလုပ်မှ ဝင်ငွေတိုးလာ သုံးငွေ သိသိသာသာကြီးလျော့မှ ဝင်ငွေထွက်ငွေမျှလာပြီး တိုင်းပြည်ပြန် ဦးမော့လာမှာ။

အရင်းရှင်စနစ်နဲ့ အတွေးအခေါ် နှစ်ခု

အရင်းရှင်စနစ်မှာ အရေးပါတဲ့ အတွေးအခေါ် နှစ်ခုရှိပါတယ်။ တခုက အရင်းရှင်စနစ်ရဲ့ ဖခင်လို့ တချို့က သတ်မှတ် ကြတဲ့ အမ်ဒန်စမစ် (Adam Smith)။ သူက ဈေးကွက်ကို မမြင်ရတဲ့လက် (Invisible Hand) က ထိန်းကျောင်းပေးလိမ့်မယ်။ ဈေးကွက်ကပဲ ဦးဆောင် သွားလိမ့်မယ်လို့ ဆိုတယ်။

ကိန်း (Keynes) ကတော့ မိုင်ခရိုအီကော်နမီ (Micro Economy) အရ လူတွေ အဆုံအဖြတ် မှားကြလို့ ထုတ်ကုန်တွေ ပိုလျှံလာပြီး စီးပွားရေးဆုတ်ယုတ်မှု Recession ဖြစ်တဲ့အခါ၊ ဝယ်အားလျော့ သွားတာကြောင့် အလုပ်မရှိဖြစ်ကုန်ရတဲ့ စီးပွားရေး အရင်းအမြစ်တွေကို အလကား မဖြုန်းပစ်ရအောင် အစိုးရကငွေသုံးကာ ဝယ်အားပေါ်လာအောင် လုပ်ဆောင်နိုင်တယ်လို့ မိန့်ဆိုခဲ့ပါတယ်။ အတိုချုပ်ကတော့ စီးပွားရေး ကျဆင်းချိန်မှာ အစိုးရက ငွေသုံးပြီး ဆုံးရှုံးသွားတဲ့(အလုပ်) နဲ့ ထုတ်ကုန်တွေပြန်ဖေါ်။ စီးပွားရေး ပြန်တက်လာတော့ အခွန်ပိုရ ချေးထားတဲ့ငွေတွေပြန်ဆပ်ပေါ့။ အစိုရရဲ့ကဏ္ဍရှိတယ်လို့ ဆိုတာပါ။ အယ်ဒန်စမစ်ကတော့ အစိုးရက ဝင်ရှုပ်စရာမလို ဈေးကွက်က ရှင်းလိမ့်မယ်လို့ ယုံကြည်တယ်။

စမစ်က သူ့အတွေးအခေါ်ကို Wealth of Nations မှာ ရေးပြခဲ့သလို ကိန်းက General Theory of Employment, Interest and Money ကိုရေးပြီး နာမည်ကျော်ခဲ့တာပါ။ အတိုကောက် General Theory လို့ပဲ ခေါ်ကြပါတယ်။ မာ့က်စ်ကတော့ Das Kapital နဲ့ ရာဇဝင် တွင်ခဲ့ကြ တာပါ။

သမ္မတဘုရှ် ပေါ်လစီ

၂ဝဝဝ ခုနှစ် အကုန်ကျော်ကျော်မှာ သမ္မတဘုရှ် လက်ထက်မှာ အတတ်ပညာလေပူဖေါင်း (Technical Bubble)ဖြစ်တော့ သမ္မ ရော်နယ် ရီဂင် လမ်းစဉ်လိုက်ပြီး Supply-Side Economics ဒါမှမဟုတ် Trickledown economics သက်သက်ကို မကျင့်သုံးခဲ့ဘူး။ Keynesian Light လို့ ပြောလို့ရနိုင်တဲ့ အလုပ်လက်မဲ့နဲ့ စီးပွားရေး ကျဆင်းမှု (Recession) ကို ထိပ်တိုက် ရင်ဆိုင်ဖို့ အတိုးနှုန်းကို ဗဟိုဘဏ်က လျော့ပေးပြီး ပြည်သူတွေ လက်ထဲကို ငွေထည့်ပြီးပြည်သူတွေ အသုံးငွေတိုးမြှင့်ဖို့ အရေးပေါ် အခွန်လျော့ပေးခဲ့တယ်။ မကြာဘူး စီးပွားရေး ပြန်ဦးထောင်လာခဲ့တယ်။

ကိန်းအတွေးအခေါ်

ကိန်းအတွေးအခေါ်မှာ ကုန်သွယ်မှု မညီမျှမှုလိုငွေ (သို့) ပိုငွေ မရှိစေဖို့ Large trade deficits or surpluses ကို အလေးပေး ရေးခဲ့တယ်။ အခု အမေရိကန်က လိုငွေ ပြနေပြီး တရုတ်က ပိုငွေ ပြနေပြီ မဟုတ်လား။ နိုင်ငံတကာငွေသားငွေရင်း ရွှေ့ပြောင်းမှုကို ကိုင်တွယ်ဖို့ Capital Control လို့ ခေါ်တဲ့ ငွေအဝင်အထွက် ထိန်းချုပ်မှုကို အသားပေးခဲ့ပြန်တယ်။ အာရှငွေကြေးပြဿနာဟာ ဒီက စတာပဲ။ ဒါကြောင့် နောက်ပိုင်း နိုင်ငံတွေဟာ Capital Control ကို ဖေါ်ထုတ်လာကြရတာပဲ မဟုတ်လား။ ထိန်းချုပ်မှုလွန်ကဲရင် အန္တရာယ်ရှိပေမယ့် Capital Control မရှိရင် ငွေကစားတဲ့ Speculators တွေရဲ့ (အစာ) ဖြစ်သွားမှပေါ့။

Stimulus Plan စီးပွားရေးတွန်းပို့မှု အစီအစဉ်

ကိန်းရဲ့ သင်ကြားချက်ကို လိုက်နာပြီး အိုင်အမ်အက် IMF က ကမ္ဘာ့စီးပွားရေး ချုံ့ဝင်မှုကို တန်ပြန်နိုင်ဖို့ တိုးတက်တဲ့နိုင်ငံ တွေကို မိမိရဲ့ GDP နှစ်ရာခိုင်နှုန်းကို Stimulus Plan အတွက်သုံးကြဖို့ နှိုးဆော်လာတယ်။ ၂ဝဝ၈ သမ္မတဘုရှ် လက်ထက် မှာ ၁၅၇ ဘီလျံ ဖိုးရှိတဲ့ ၂ဝဝဂ စတီးမြူလပ် ဥပဒေကို ပြဋ္ဌာန်ခဲ့ပြီး အသင့်အတင့် ဝင်ငွေရှိသူနဲ့ ဝင်ငွေ နည်း ပြည်သူတွေကို တယောက် ဒေါ်လာ ၆ဝဝ စီ ပြန်အမ်းခဲ့တယ်။ ၂ဝဝ၉ ခုနှစ် အိုဘားမားလက်ထက်မှာ ဒေါ်လာ ၇၈၇ ဘီလျံတန်ဖိုးရှိတဲ့ Stimulus အစီအစဉ်ကို ဖေါ်ထုတ်ခဲ့ပြန်တယ်။

တရုတ်က ၂ဝဝ၈ မှာ ဒေါ်လာတန်ဖိုး ၅၈၆ ဘီလျံ ရှိတဲ့ အစီအစဉ်၊ ဂျပန်က ဒေါ်လာ ၁၅၃ ဘီလျံ တန်ဖိုးရှိတဲ့ အစီအစဉ်နဲ့ ဥရောပက ယူရိုဘီလျံ ၂ဝဝ ရှိတဲ့ အစီအစဉ် အသီးသီးချမှတ် ငွေသုံးစွဲ ခဲ့ကြတယ်။

သတိပြုစရာ

၂ဝဝ၇ ငွေကြေး ဒုက္ခကို ကျော်လွှားနိုင်ဖို့၊ နိုင်ငံ အသီးသီးဟာ အခုလို Stimulus အစီအစဉ်တွေ တွေချမှတ်ကြပြီး အစိုးရတွေက ဝင်ရောက်ကြိုးပမ်းကြပေမယ့် အောင်မြင်မှုခြင်း မတူညီခဲ့ကြဘူး။ အောင်မြင်ဖို့ရာ စီးပွားရေး အဆောက်အအုံကောင်းတွေ ရှိရမယ်၊ တိုင်းပြည်ချစ်တဲ့ အစိုးရဝန်ထမ်းတွေ ရှိရပါမယ်။ ထို့ပြင် ကျစ်လစ်ခိုင်မာတဲ့ အစီအစဉ်တွေကို ရေးဆွဲနိုင်ရပါမယ်။ တရုတ်နိုင်ငံရဲ့ Stimulus အစီအစဉ်ဟာ အောင်မြင်သလောက် အောင်မြင်ခဲ့
ပေမယ့် အမေရိကန်နိုင်ငံရဲ့ အစီအစဉ်ကတော့ မအောင်မြင်ဘူးလို့ ငြင်းချက်ထုတ်နိုင်ပါတယ်။

ဒါကြောင့် အိုဘားမားက နောက်နှစ် ဒီလိုအချိန်မှာ အလုပ်လက်မဲ့ ရာခိုင်နှုံးဟာ ရှစ်ရာခိုင်နှုန်းလောက်ပဲ ရှိတော့မယ် လို့ ရဲရဲကြီး ထုတ်ပြောလာပေမယ့် တကယ်တော့ ကိုးရာခိုင်နှုန်းက မကျနိုင်ဘူး။ အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ၁၄ သန်း ပတ်ဝန်းကျင်ရှိတယ်။ ဒါက အိုဘားမားဟာ တက်ကြွလှုပ်ရှားသူကနေ တက်လာပြီး အမေရိကန် ကွန်ကရက်မှာ ဆီနိတ်တာဖြစ်တာ သက်တမ်း မပြည့်သေးဘူး။ တခြား သမ္မတတွေလို ပြည်နယ် အုပ်ချုပ်ရေးမှူး Governor လည်း မလုပ်ဘူး၊ ကုမ္ပဏီကြီးတွေမှာလည်း အကြီးအကဲ မလုပ်ခဲ့ဘူးတော့ အုပ်ချုပ်ရေးနဲ့ စီးပွားရေးမှာ အားနည်းတယ်လို့ ငြင်းချက် ထုတ်နိုင်ပြန်တယ်။ လမ်းလွဲသွားမှာစိုးတာမို့ နောက်မှ အသေးစိပ် ဆွေးနွေးပါ့မယ်။

တရုတ်ခေါင်းဆောင်တွေကို ပါတီက တသက်လုံး ပိုးမွေးသလို မွေးလာတာမို့ နိုင်ငံခေါင်းဆောင် တာဝန်ယူတဲ့အခါ အုပ်ချုပ်ရေးရော စီးပွားရေးမှပါ အံတိုနေပြီ။ နိုင်ဝင်ဘာ ဒုတိယအပတ်ထဲမှာ အဲဂျာဇီးယားက သတင်းထောက်နဲ့ ကမ္ဘာလုံးဆိုင်ရာ တရုတ်ငွေကြေး ကုမ္ပဏီ တခုက လူကြီး (CEO) နဲ့ တွေဆုံမေးမြန်း ကဏ္ဍကိုနားဆင်လိုက်ရတာ ဘယ်လို စိတ်ဝင်စားစရာ ကောင်းမှန်းမသိ။ အရင်က ကမ္ဘာမှာ ငွေရင်းဈေးကွက် (Capital Market) ကို အကျွမ်းဆုံး က အမေရိကန်တွေပဲ။ Wall Street နဲ့ လန်ဒန် ငွေကြေးဈေးကွက် (The City) ကို မကျော်နိုင်ဘူး။ တရုတ်က အမေရိကန်ပြန်၊ Wall Street ပြန်၊ တွေကို နေရာပေး ခေါ်ယူရုံ မကဘူး၊ ကွန်မြူနစ်ပါတီမှာထည့်ပြီး အာဏာပါ
ပေးပစ်လိုက်တာ။ အခု တရုတ်ကွန်မြူနစ်ပါတီ အတွင်းမှာ လူငယ်အုပ်စုနဲ့ လူကြီးသားသမီး အုပ်စု (Princelings)
တွေ အပြင် နိုင်ငံခြားပြန်အုပ်စုဆိုတာပါ ပေါ်လာရပြီ။


အစိုးရတွေက ဝင်ကူသင့်သလား

စာဖတ်သူများကို အထူးသတိပြုစေချင်တာရှိတယ်။ အရင်းရှင်စနစ် ကောင်းတာ၊ မကောင်းတာ၊ မျှတတာ။ မမျှတတာ အပထားလို့ အရင်းရှင်စနစ်ဟာ ဆိုရှယ်လစ်စနစ်လို မကျဆုံးခဲ့ရတာက လူအားလုံး မဟုတ်သော်လည်း လူအများစု ကို ဆင်းရဲတွင်းက (မ) ထုတ်နိုင်စွမ်းရှိလို့ပဲ။ တနည်းအားဖြင့် လူအများစုကို လူလတ်တန်းစားဘဝ (middle class)
ရောက်အောင် ဆွဲခေါ်နိုင်တယ်။

အမှန်က အရင်းရှင်စနစ်ကို ကျွမ်းကျွမ်းကျင်ကျင် ကျင့်သုံးတတ်ရင် ဒီလူတန်းစားကို ချဲ့ပြီး ပြည်သူတွေ အနေချောင်အောင် စွမ်းဆောင် နိုင်ပါတယ်။ တိန်ရှောက်ပိန်နဲ့ သူ့လူတစုဟာ တရုတ် သန်း ၃ဝဝ ကို ဆင်းရဲတွင်းက ဆွဲတင်နိုင် ခဲ့တယ်။ အနှစ် ၃ဝ အတွင်း ကမ္ဘာ့ အချမ်းသာ ဆုံးနိုင်ငံဘဝကို ရောက်တော့မယ်။ စင်ကာပူ၊ ဗီယက်နမ် တို့ကို ကြည့်ပါ။

အရင်းရှင်စနစ်ရဲ့ အဓိကသော့ချက်နဲ့ အသက်သွေးကြောက လောဘပဲ။ လောဘကို စွမ်းအား၊ တွန်းအား အဖြစ် အသုံးပြု နိုင်တာ ကြောင့် ပြိုင်ဆိုင်မှုတွေကြားက တီထွင်မှု ဆိုတွေပေါ် လာပြီး အောင်မြင်မှု၊ တိုးတက်မှုတွေ ရှိလာတယ်။ လောကဓမ္မတာ Survival of the fitness အရ၊ ဒီအထဲမှာ ပျက်စီးမှုတွေလည်း ရှိပါတယ်။

အရင်းရှင်ရဲ့ အသက် ဖြစ်တဲ့ လောဘ ဆိုတာ ဘယ်က လာတာလဲ။ ပိုင်ဆိုင်မှု က လာတာပါ။ ငါ့ အိမ်၊ ငါ့ကား၊ င့ါမိသားစု၊ င့ါတိုင်း ပြည်၊ ငါ့လူမျိုး စတာကို အခြေခံတာပဲ။ ငါ ဆိုတဲ့ စိတ် ကို ဖယ်လိုက်ရင် လိုချင်မှု မရှိတော့ရင်၊ ပြိုင်ဆိုင်မှုတွေ၊ တွန်းအားတွေ၊ စွမ်း အားတွေ၊ အနိုင်ရလိုမှုတွေ၊ အသာရလိုမှုတွေမရှိတော့ရင် လူဆိုတာ အရုပ်ကြိုးပြတ် ဖြစ်ပြီး “မလုပ်၊ မရှုတ်၊ မပြုတ်” စိတ်ဓါတ်တွေ ဝင်လာပြီး လူပျင်း၊ လူဖျင်း တွေဖြစ်ကုန်ကြရော မဟုတ်လား။ ငါ အစား အများ ဆိုတာနဲ့ အတင်း အစားထိုး ခိုင်းလို့ နိုင်ငံတိုင်းမှာ ဆိုရှယ်လစ် စနစ်ဟာ ကျဆုံးခဲ့ရတာ။

အရင်းရှင်နဲ့ ဆိုရှယ်လစ်

စာရေးသူအမြင်မှာ တချို့တတွေဟာ အရင်းရှင်စနစ်ကို ဆိုရှယ်လစ် မျက်စိနဲ့ကြည့်ပြီး အမြင်လွဲ နေကြပုံပေါက်တယ်။ အရင်းရှင်ရဲ့ အဓိက တာဝန်က ချမ်းသာမှုကို ဖေါ်ထုတ်ဖို့ ။ Wealth Creation မျှတမှု (Fairness) ကို ရှေ့ရှုနေတာ မဟုတ်။ မျှတမှု (Fairness) ကို ရှေ့ရှုတာက ဆိုရှယ်လစ်စနစ်။ သူကမှ Wealth Distribution အစိုးရအပေါ် မူတည် ပြီး မျှတမှု (Fairness) ရှိမရှိ ဖြစ်ပေါ်တာပဲ။ အစိုးရက အုပ်ထိန်းသူ၊ ထိန်းချုပ်ရသူကိုး။ အရင်းရှင်စနစ်ကို အာဏာရှင် စနစ် အောက်မှာ ကျင့်သုံးရင် လက်ရင်းအရင်းရှင်စနစ် (Crony Capitalism) ရပါတယ်။

အမေရိကန်နဲ့ ဥရောပ ကွာခြားချက်

အမေရိကန်က အရင်းရှင်စစ်စစ်။ သနားတာ၊ မျှတတာ သိပ်နားမလည်ဘူး။ အမေရိကန်က အနှစ် တရာကျော်ကျော် ချမ်းသာမှုကို ဖေါ်ထုတ်ခဲ့ပြီးပြီ။ ဒါကြောင့် သူက သူ့စီးပွားရေးရဲ့ သုံးပုံနှစ်ပုံဟာ ပြည်တွင်း သုံးစွဲမှုကလာတာ။

ဒါကြောင့် လူတွေများများ သုံးနိုင်အောင် အကြွေး လွယ်လွယ်ပေးတယ်။ Easy Credit လို့ ခေါ်ပါတယ်။ ဒါကြောင့် အမေရိကန်တိုင်း မချမ်းသာရင်နေမယ် အကြွေးဝယ်ဖို့ Credit Card အနည်းဆုံး ငါးခုထက်မနည်း ရှိကြတယ်။ပြည်သူတွေသာမက ကုမ္ပဏီတွေ၊ အစိုးရ အားလုံး ဒီ Easy Credit ကို ဘိန်းစွဲသလို စွဲနေကြတယ်လို့ ဝေဖန် စွပ်စွဲသူတွေ ရှိတယ်။ နောက်ဆုံးတော့ ငွေချေး ပြီး သူဌေး လုပ်နေကြ တာပါ။

အမေရိကန် စီးပွားရေးပုံစံက လေပူပေါင်းကို လေထိုးသလို၊ “ဖူး” ဆို ဖေါင်းတက်လာပြီး တော်ကြာတော့ “ဗေါင်း” ဆို ပေါက်သွားရော။ ဒါကို Boom & Bust လို့ ခေါ်ပါတယ်။ Boom မှာ စားကြဝါးကြသောက်ကြ၊ ပျော်ကြပါးကြနဲ့ဗေါင်းဆို ဗူဗေါင်း Bust ဖြစ်ရင် ရှုံးသူရှုံး ၊ ငိုကြယိုကြ၊ ဘဝပျက်သူပျက်၊ လွင်ထွက်သွားသူက လွင့်သွားနဲ့ အစိုးရက ဝင်ကူပြီး၊ ဖုတ်ဖက်ခါ တခါပြန်ထ Boom ဖြစ်ရင် ထပ်ပြေး ကြပြန်၊ နောက်တခါ Bust ဖြစ်နဲ့ ဒီလိုပဲ သံသရာ လည်နေ ကြလေရဲ့။

အမေရိကန်က ငါ နဲ့၊ လောဘ ဟာ အခရာပဲ။ မိမိကိုယ်မိမိ ယုံကြည်မှုဟာ အမေရိကန်တွေရဲ့ ယဉ်ကျေးမှုပဲ။ မသိသူတွေက အမေရိ ကန်တွေဟာ လူပါးဝတယ် (Arrogant) ဖြစ်တယ်လို့ ထင်ကြတယ်။ အမေရိကန် အရင်းရှင်ရဲ့ ဝရဇိန် လက်နက်က စီးပွားရေးတိုးချဲ့နိုင်မှု (Growth) ပဲ။ Bust ဖြစ်ပြီး ထပြေးတာနဲ့ growth နဲ့ အနိုင်ယူတာပဲ။

ဥရောပ

ဥရောပသားတွေက ဆိုရှယ်လစ် စစ်စစ်တော့မဟုတ်။ လူတယောက်စကားကို ငှားသုံးရရင် “လိုလို” သမားတွေပါ။ ဆိုရှယ်လစ် ယောင် ယောင် သမားတွေ။ ဒါကြောင့် ငါ ချည်းပဲလည်း မဟုတ်၊ အများ သက်သက်လည်း မဟုတ်။

ဆိုရှယ်လစ်စိတ် မကင်းတော့ Wealth Creation ချမ်းသာမှုဖေါ်ထုတ်ခြင်းတော့ လုပ်ပါရဲ့တခါ Wealth Distribution ဆိုတဲ့ ချမ်းသာမှု မျှဝေခြင်းလည်း လုပ်ပြန်ရော။ ဒီတော့ အခွန် တွေတိုးကောက်၊ ဆိုရှယ် အစီအစဉ်တွေလိုက်လုပ်နဲ့ ရွာလည် နေကြသူတွေပါ။ ဥရောပ သားတွေက ”ပက်ကျိ”။ တအိအိနဲ့ ရွေ့နေတာ။ တရုတ်ကြီးက ”လိပ်”။ ဒါပေမယ့် ” စူဠ လိပ်ကြီး”။

ဥရောပ ပြဿနာ

ဥရောပရဲ့ပြဿနာက အရင်းရှင်စနစ်ကို ကျင့်သုံးပေမယ့် တဘက်က “မျှတမှု” လည်း လိုချင်တော့ “မျှတမှု” နာမည်အောက်မှာ လူမှုရေး အစီအစဉ်တွေ ဖေါ်ထုတ်ပြီး အစိုးရက ကြီးကြပ်အုပ်ချုပ်လေတော့ အစိုးရ ဝင်လာတာ နဲ့ ပြုန်းတီးမှု ဆိုတာပါလာတာပဲ။ နောက် ဒီအစီအစဉ် အများစုဟာ နံမည်ကျော် ဗစ်စမတ် (Bismarck) အစပြုခဲ့တဲ့ (Pay as you go) စနစ်လို့ ခေါ်ပါတယ်။ ပုံစံက အစိုးရအာဏာနဲ့ လူတိုင်းမဖြစ်မနေ ပါဝင်ရမယ်ဆိုပြီး ထည့်ဝင်ခိုင်း၊ အခု “ပေး” တဲ့လူတွေရဲ့ ပိုက်ဆံ “ဝင်ငွေ” နဲ့ “အရင်” လူတွေကို ပေးပေါ့။

ဥပမာ ပင်စင်ပုံသဏ္ဍန်တွေ၊ လူတိုင်းအတွက် ကျန်းမာရေးအာမခံ Universal Health Programs) အများစုဟာ ဒီပုံစံအတိုင်း လိုက်ကြ တာပဲ။ ပြဿနာက ပါဝင်သူတွေနည်းလာရင် ဝင်ငွေနဲ့ထွက်ငွေ မမျှတော့ရင် ကြာရှည် မရပ်တည်နိုင်ဘူး။ ဒီကြားထဲမှာ အစိုးရ ပြုန်းတီး မှုတွေကြောင့် ကုန်ကျမှု ဝန်ထုပ်ကပိုလာရင် အခြေအနေ ပိုဆိုးလာတတ်ပါတယ်။

ဒီ ဆိုရှယ် အစီအစဉ်တွေတွေကို ပံ့ပိုးဖို့ ပြည်သူတွေအပေါ် အခွန် ပိုတိုးကောက်ရတော့ လူတွေ အလုပ်လုပ်ချင်တဲ့ စိတ်ဓါတ်ကို လျော့နည်းစေတာကြောင့် စီးပွားရေးတိုးတက်မှု growth မရှိတော့ အိပဲ့အိပဲ့နဲ့ ပက်ကျိလို တလိမ့်လိမ့်ရွေ့နေရတာပဲ။

အမေရိကန်စနစ်လို growth ရှိရင် လူတွေအလုပ်ရှိ၊ ငွေရွှင်နေတော့၊ အခွန်ကောက်ခံမှုပိုရ၊ အစိုးရလည်း ဝင်ငွေ ပိုတိုး လာတော့၊ များများပိုချေး နိုင်သလို၊ ချေးငွေကို ပြန်ဆပ်ချင်ရင် ပြန်ဆပ် နိုင်တာပေါ့။

၂ဝဝ၇ ငွေကြေးပြဿနာ ပေါ်တော့ ကုမ္ပဏီကြီး တခု ပြိုကျရင် နောက်ဆက်တွဲ ကုမ္ပဏီတွေ အများကြီး ပြိုလဲမယ်၊ လူအများ အလုပ် ပြုတ် ဒုက္ခရောက်ပြီး လမ်းပေါ်ရောက်ကုန်ရင် တိုင်းပြည် ဆူမယ်ဆိုတဲ့ “ကြောက်စိတ်”နဲ့ အစိုးရတွေက ငွေချေးပြီး ကုမ္ပဏီတွေရဲ့ အမှားကို ပြည်သူတွေက လည်စင်း ခံခဲ့ကြရတယ်။

အခုလည်း ဂရိပြိုရင် ယူရိုပြိုမယ်ဆိုတဲ့ ကြောက်စိတ် နဲ့ ငွေချေးပြီး ဂရိနဲ့ GIIPS နိုင်ငံတွေကို ဝိုင်းဖို့ နေကြရပြန်ပြီ။ ဒီတော့ နိုင်ငံ ငယ် တွေရဲ့ အကြွေးက နိုင်ငံကြီးတွေရဲ့ အကြွေး လာဖြစ်ရတယ်။ ၂ဝဝ၈ က အကြွေး အပေါ် ၂ဝ၁၁ အကြွေးက လာပုံလာထပ် ရတာပဲ။ Growth မရှိတဲ့ ဥရောပ နိုင်ငံတွေ ဒီလောက် အကြွေး ထူနေရင် ဘယ်လိုပြန်ဆပ်နိုင်ခြေ ရှိကြမှာလဲ။ ဒါကြောင့် စီးပွားရေး နားလည် သူတွေက (Structural Change) အပေါ်ထပ် အဆောက်အအုံ ပြောင်းလဲမှု လုပ်ကိုလုပ်မှ ရမယ်လို့သတိပေးကြတယ်။ ဒီလို အပြောင်း အလဲလုပ်ဖို့ ပြည်သူတွေက နားလည်ပါဝင်မှဖြစ်မှာ အကြောင်းက ဆေးအလကားး ကုသခွင့်တွေ လျော့ရမယ်၊ ပင်စင်တွေ လျော့ယူ ရမယ်။ တခြား လူမှုရေးရပိုင်ခွင့်တွေ လျော့ချရမယ်။

တချိန်တည်းမှာ လူ့အခွင့်ရေးသမားတွေက ရွှေ့ပြောင်းဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကိုလည်း တန်းတူ အခွင့်အရေး ပေးရမယ်၊ ခိုးဝင်လာသူတွေဟာလည်း လူသားတွေပါဆိုပြီး တိုက်ပွဲဝင်ကြတော့ လက်ရှိ အစီအစဉ်တွေဟာ သံလိုက်ဓာတ်လို ဆွဲဆောင်မှုဖြစ်ပြီး နိုင်ငံခြားသားတွေ ပိုဝင်လာတော့ ကုန်ကျစရိတ်က ပိုများလာ။ တခါ စိတ်ကူးယဉ်ဆန်တဲ့ ဥရောပလုံးဆိုင်ရာ တရားရုံးက လူအခွင့်အရေးကို ဦးစားပေးပြီး ခိုးဝင်လာတဲ့သူတွေ ရာဇဝတ်မှု ကျူးလွန်ရင်တောင် ပြန်မပို့နိုင်ဘူး ဆိုတဲ့ အီးယူလို Supranational Union အဖွဲ့အစည်းက နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ပိုင်ခွင့် Sovereign Rights ကိုကျော်ပြီး အမိန့်ပေး အာဏာဖြန့်လာတော့ ပြဿနာရှိတယ်။ ဒါကြောင့် ယူကေ အင်္ဂလန်က တရားသူကြီးတွေတောင် အော်နေကြရပြီ။

တာဝန်ယူမှုမရှိတဲ့ အဖွဲ့အစည်းတွေက စိတ်ကူးယဉ် အမိန့်တွေချမှတ်တော့ ဘယ်သူက ငွေ လာပေးမှာလဲ။ ဝင်ငွေ ဆိုတာ အတိုင်းအတာ တခုအထိပဲ ရှိပါတယ်။ စည်းကမ်းမရှိ၊ လက်လွတ်စပယ် သုံး နေကြတာ အမှန်က ချောက်ထဲ ကျမယ့် လမ်းပဲ။

No comments: