Wednesday, January 25, 2012

အီး​ယူပိတ်ဆို့​မှု ​ဖြေ​လျှော့​သည့်​အ​ပေါ် ပြုပြင်​ပြောင်း​လဲမှုကို တွန်း​အား​ဖြစ်​စေသည်ဟု အန်အယ်လ်ဒီ ​ပြောကြား

အံ့ဘုန်းမြတ်

ဥ​ရောပ အဖွဲ့​ဝင် နိုင်ငံ​ တွေက အ​ရေး​ယူ ဒဏ်ခတ်မှု အချို့​ကို ​ဖြေ​လျှော့ ​လိုက်တဲ့​ အ​ပေါ် အမျိုး​သား ​ဒီမို က​ရေစီ အဖွဲ့​ချုပ်က ပြုပြင်​ ပြောင်း​လဲမှု​ တွေကို တွန်း​အား​ ဖြစ်​စေ တယ်လို့​ ​ပြောကြား​ လိုက်ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်​နေ့​က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ် ဆဲလ်မြို့​မှာ အီး​ယူ နိုင်ငံခြား​ရေး ​ဝန်ကြီး​တွေ ​တွေ့​ဆုံ​ ဆွေး​နွေး​ပြီး​ မြန်မာ နိုင်ငံ အ​ပေါ် ပိတ်ဆို့​ ဒဏ်ခတ် အ​ရေး​ယူ မှု​တွေ စတင်​ ဖြေ​လျှော့​ ပေး​ဖို့​ နိုင်ငံခြား​ရေး​ ဝန်ကြီး​တွေ သ​ဘောတူ ခဲ့​တဲ့​ အ​ပေါ် အဖွဲ့​ချုပ် ဗဟို ဦး​စီး​အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က ကြား​လိုက် တာပါ။

“ကျ​နော်တို့​ လက်ရှိအစိုး​ရက ပြုပြင်​ပြောင်း​လဲမှု​တွေ လုပ်​နေတာ​ပေါ့​ဗျာ။ အမြင်အမျိုး​မျိုး​တော့​ ရှိ​နေတာ​ပေါ့​။ နည်း​တယ် များ​တယ်​ပေါ့​။ အလုပ်လည်း​ဖြစ်ချင်၊​ လုပ်သမျှ​ပေါ်မှာ တန်ပြန်ပြီး​တော့​ ပိတ်ဆို့​ ဒဏ်ခတ်မှု ​တွေကလည်း​ ​ဖြေ​လျှော့​သွား​မယ်ဆိုတဲ့​ အဓိပ္ပာယ်​တွေ ​တွေ့​ပါတယ်။ ဒီလို​ဖြေ​လျှော့​သွား​ခြင်း​အား​ဖြင့်​လည်း​ လက်ရှိအစိုး​ရရဲ့​ ပြုပြင်​ပြောင်း​လဲမှုကို တွန်း​အား​ပေး​ရာ ​ရောက်တယ်လို့​လည်း​ ကျ​နော်တို့​မြင်ပါတယ်။ တဘက်ကလည်း​ ​ဖြေ​လျှော့​တယ်။ တဘက်ကလည်း​ ​ပြောင်း​လဲမှု ပိုမို မြင့်​မား​အောင်လုပ်မယ်။ ပိုမိုပြီး​တော့​မှ ဒီဘက်က လည်း​ ပိတ်ဆို့​ ဒဏ်ခတ်မှု​တွေက ကဏ္ဍအလိုက် အဆင့်​အလိုက် ရုတ်သိမ်း​သွား​မှာလို့​ ကျ​နော် အဲ့​လိုပဲ ယုံကြည်ပါတယ်။”

အီး​ယူအဖွဲ့​ဝင်​တွေထဲမှာ​တော့​ မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ ဒဏ်ခတ်မှု​တွေ အား​လုံး​ ရုပ်သိမ်း​ရေး​နဲ့​ ပတ်သက်ပြီး​ သ​ဘောထား​ကွဲလွဲမှု ရှိ​နေပြီး​ တချို့​က ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ပြီး​တဲ့​အချိန်ထိ ​စောင့်​ချင်​နေကြပါတယ်။

အီး​ယူ နိုင်ငံခြား​ ရေး​ရာ မူဝါဒ အကြီး​အကဲ ကတ်သရင်း​ အက်ရှတန်က “သမ္မတ အပါအဝင် အစိုး​ရ အဖွဲ့​ဝင်​တွေကို ပြည်ဝင်ခွင့်​ဗီဇာ​တွေ ပြန်လည် ခွင့်​ပြုဖို့​ သ​ဘောတူ ခဲ့​ကြ ပါတယ်။ လာမယ့်​ ဧပြီလမှာ​တော့​ မြန်မာနိုင်ငံကို သွား​ရောက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​ဖို့​ရှိပြီး​ လုပ်ဖို့​ရှိ​နေတဲ့​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ ဘယ်​လောက်အထိ ရိုး​သား​ပွင့်​လင်း​မှု ရှိ မရှိဆိုတာ​တွေ​ပေါ် မူတည်ပြီး​ ထပ်မံ ​ဖြေ​လျှော့​သွား​ဖို့​ စဉ်း​စား​သွား​မယ်လို့​ ​ပြောခဲ့​တာပါ” လို့​ ​ပြောပါတယ်။

အီး​ယူက အခုလို စီး​ပွား​ရေး​ပိတ်ဆို့​မှု ​ဖြေ​လျှော့​လိုက်တဲ့​အ​ပေါ် အမျိုး​သား​ဒီမိုက​ရေစီ အင်အား​စုပါတီရဲ့​ ​ခေါင်း​ဆောင် တဦး​ဖြစ်တဲ့​ ဦး​ခင်​မောင်​ဆွေက အခုလို​ပြောပါတယ်။

“​ဖြေ​လျော့​မှု စပြီဆိုရင်​တော့​ မြန်မာနိုင်ငံရဲ့​ ဖြစ်​ပေါ်တိုး​တက်မှု အသစ်​တွေကို ကြည့်​ပြီး​တော့​ ​ပြောင်း​လဲ​ပေး​ရ​တော့​မယ်ဆိုတဲ့​ သ​ဘောထား​ကို ​သေချာသွား​ပြီ။ မြန်မာနိုင်ငံက သူတို့​ထင်သလို ဟိုတုန်း​ကလို ဖြစ်မ​နေ​တော့​ဘူး​။ တစတစ ​ကောင်း​တဲ့​ဘက်ကို မြှင့်​လာပြီဆိုတာကို သူတို့​လက်ခံလိုက်ပြီဆိုတာ ထင်ရှား​ပြီ​ပေါ့​။ အဲ​တော့​ အခုစပြီး​ လုပ်တဲ့​ဟာက ​နောင်ကို စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေ လွတ်ကင်း​အောင် ဖယ်ရှား​ဖို့​အတွက် ပထမ ထင်ရှား​တဲ့​ ​ခြေလှမ်း​ကြီး​ ဖြစ်တယ်လို့​ပဲ ​ပြောချင်ပါတယ်။”

မြန်မာ့​အ​ရေး​ ပူး​ပေါင်း​ ​ဆောင်ရွက်သူများ​အဖွဲ့​ (Burma Partnership) ရဲ့​ တာဝန်ခံ ​ဒေါ်ခင်ဥမ္မာက “ဦး​သိန်း​စိန်အစိုး​ရက ​နောက်ပြန် မဆွဲ တဲ့​ တကယ်တမ်း​မှန်ကန်တဲ့​ ​ပြောင်း​လဲမှု​တွေကို လုပ်နိုင်တဲ့​အချိန်မျိုး​ ကျမှသာလျှင် လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်တဲ့​ဟာမျိုး​တွေကို ရပ်တန့်​မှု​တွေ ဖြစ်သွား​ပြီး​တဲ့​ အခါမှသာလျှင် စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေကို ရုပ်သိမ်း​ဖို့​ကို ကျမတို့​အ​နေနဲ့​ အား​ပေး​တာ အသင့်​လျော်ဆုံး​ ဖြစ်မယ်လို့​ ကျမမြင်ပါတယ်” လို့​ ​ပြောပါတယ်။

မကြာ​သေး​ခင်က အကျဉ်း​ထောင်က​နေ ပြန်လွတ်လာတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်​တွေထဲက ကိုကိုကြီး​က “ပြည်တွင်း​ပြုပြင်​ပြောင်း​လဲမှု​တွေ ဘယ်​လောက်လုပ်သလဲဆိုတဲ့​ အ​ခြေအ​နေ​ပေါ်မှာမူတည်ပြီး​တော့​ ဒီပိတ်ဆို့​အ​ရေး​ယူမှု​တွေက တဖြည်း​ဖြည်း​ချင်း​ ရုတ်သိမ်း​သွား​မှာပါ။ အဲ​တော့​ အဓိကက ဒီပိတ်ဆို့​မှုရုတ်​အောင် ကြိုး​စား​တဲ့​ပုံစံမျိုး​ မဟုတ်ပဲ ကိုယ့်​နိုင်ငံသား​တွေရဲ့​ လွတ်လပ်ခွင့်​၊​ ကိုယ့်​နိုင်ငံသား​တွေရဲ့​ အခွင့်​အ​ရေး​ကို ​ရှေ့​ရှုတဲ့​ပြုပြင်​ပြောင်း​လဲမှု​တွေလုပ်ရင် ဒီကိစ္စက သီး​ခြား​ကြီး​ပိတ်ဆို့​မှု​တွေကို ရုတ်သိမ်း​ဖို့​ ​တောင်း​ဆို​နေစရာ မလိုပါဘူး​။ တဖြည်း​ဖြည်း​ချင်း​ ​ပြေ​လျော့​သွား​မယ့်​ကိစ္စလို့​ပဲ မြင်ပါတယ်” လို့​ ​ပြောပါတယ်။

အီး​ယူ ဥ​ရောပသမဂ္ဂအဖွဲ့​ဝင် နိုင်ငံ​တွေအ​နေနဲ့​ မြန်မာနိုင်ငံအ​ပေါ် နိုင်ငံ​ရေး​နဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ​ကြောင့်​ စစ်လက်နက်ပစ္စည်း​ ဝယ်ယူခွင့်​၊​ ကုန်သွယ်​ရေး​နဲ့​ ဘဏ္ဍာ​ရေး​ဆိုင်ရာ​တွေကို ၁၉၉၆ ခုနှစ်က စတင်ချမှတ်ခဲ့​တာ ဖြစ်ပါတယ်။

ပိတ်ဆို့​ဒဏ်ခတ်မှု​တွေထဲက ပထမဆုံး​အ​နေနဲ့​ အစိုး​ရအဖွဲ့​ဝင်​တွေနဲ့​ သူတို့​နဲ့​ ဆက်နွယ်သူ​တွေကို အီး​ယူ နိုင်ငံ​တွေမှာ ခရီး​သွား​လာခွင့်​ ကန့်​သတ်ထား​တာ​တွေကို လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ပြန်လွှတ်​ပေး​အပြီး​ စတင် ​ဖြေ​လျှော့​လိုက်တာပါ။

No comments: