Monday, January 2, 2012

မဲဆောက်တွင် အထူးစီးပွားရေးဇုန် ဆောက်မည်

ပြည်တော်မြင့် on January 2, 2012


မြ၀တီမြို့ တဘက် ကမ်းရှိ မဲဆောက် ဒေသကို အထူး အုပ်ချုပ်ရေး ဒေသနှင့် အထူး စီးပွားရေး ဇုန်အဖြစ် လွှတ်တော်တွင် သတ်မှတ် အတည်ပြုနိုင်ရန် ထိုင်း အောက်လွှတ်တော် ဥက္ကဋ္ဌ နိုင်ဆုမ်ဆတ် ကေယဉ် တီစူရနန် (Somsak Kiatsuranont) သည် သောကြာနေ့က မဲဆောက်မြို့သို့ လာရောက် လေ့လာ ခဲ့သည်။

စီမံကိန်းနယ်မြေများတွင် ဆက်စပ်နေသည့် နယ်စပ်မြို့ သုံးမြို့ ဖြစ်သော မယ်လမတ်၊ မဲဆောက်၊ ဖုတ်ဖရ တို့ ပါဝင်သည်။

“မြန်မာနိုင်ငံ နယ်စပ် မြ၀တီမှာလည်း အထူးစီးပွားရေးဇုန် ဖွင့်ထားသလို ထိုင်းဘက်မှာလည်း အထူးစီးပွားရေးဇုန် ရှိဖို့ လိုတယ်။ ဒီလို နှစ်ဘက် အထူးစီးပွားရေးဇုန် ရှိခြင်းအားဖြင့် နှစ်နိုင်ငံအပြင် ဒေသတွင်းမှာ ရှိတဲ့ အာဆီယံနိုင်ငံတွေ အတွက်ပါ အကျိုးရှိမယ်။ ဒီလုပ် ငန်းစဉ်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ အတွက် လာရောက်တာဖြစ်တယ်” ဟု အောက်လွှတ်တော်ဥက္ကဋ္ဌက ဒေသခံ သတင်းထောက်များကို ပြောသည်။

စီးပွားရေးဇုန် အတွက် မဲဆောက်တွင် တနှစ်ခန့် အချိန်ယူ တည်ဆောက်မည့် နေရာမှာ နယ်ခြား သောင်ရင်းမြစ်အနီးရှိ ၀မ်းဖာကျေးရွာ ဖြစ်သည်ဟု သိရသည်။

စီမံကိန်းကြောင့် မြန်မာနှင့်ထိုင်းကုန်စည်များကို လက်ရှိအနေအထားထက် အဆပေါင်းများစွာ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်မည်ဟု ထိုင်းကုန်သည်ကြီးတဦးဖြစ်သည့် နိုင်ဆူချိုင်းက ပြောသည်။

“နှစ်ဘက်လုံး တိုးတက်မှုတွေ ပိုရှိလာမှာ သေချာတယ်၊ အခုဆိုရင် မြန်မာဘက်ကလာတဲ့ ကဏန်းတွေ ဆိုရင် ထိုင်းကနေတဆင့် ဗီယက် နမ်အထိ သွားတယ်၊ ကဏန်းလိုပဲ အခြား မြန်မာစားသောက်ကုန်တွေ သွားတာ အမယ် စုံသလို၊ ထိုင်းက ကုန်စည်တွေလည်း မြန်မာ နိုင်ငံကနေ တဆင့် အခြား အိမ်နီးချင်းနိုင်ငံ တွေကို ရောက်တာတွေ အများကြီး ရှိတယ်” ဟု ထိုင်းကုန်သည်ကြီးက ပြောသည်။

ထိုင်းနိုင်ငံ၏ အနောက်ဘက် တံခါးပေါက် အဖြစ် တင်စားကြသည့် ဤစီမံကိန်းကို ၂၀၀၄ ခုနှစ်က ထိုင်းဝန်ကြီးချုပ်ဟောင်း ထပ်ဆင်ရှင်န၀ပ် လက်ထက် အကောင်အထည်ဖော်ရန် အစပြုခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရပြီး လက်ရှိ ထိုင်းအစိုးရက ထပ်မံ အကောင်အထည်ဖေါ်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

စီမံကိန်းတွင် မြန်မာနိုင်ငံနှင့်ဆက်သွယ်မည့် တန်ချိန် ၁၀၀ ခန့် ယာဉ်အလေးချိန်ကို ခံနိုင်ရည်ရှိသည့် တံတား၊ ခေတ်မီလေယာဉ်ကွင်း အပါအ၀င် အထူးစီးပွားရေးဇုန်တခု၏ အင်္ဂါရပ်များ ဖြစ်သည့် အအေးခန်း၊ ကုန်စည် သိုလှောင်မည့် ဂိုဒေါင်များ၊ ထုတ်ကုန် သွင်းကုန် ၀န်ဆောင်မှု ဌာနများ၊ တည်းခိုဆောင်များ နှင့် ကားရပ်နားရန် နေရာများ တည်ဆောက်ရန် စီစဉ်ထားသည်။

မဲဆောက်တွင် ရှိသော လေယာဉ်ကွင်းမှာ သေးငယ်ပြီး၊ နယ်စပ်ချစ်ကြည်ရေးတံတားသည်လည်း ကြံ့ခိုင်မှုအားနည်းလာသဖြင့် ၂၀၀၆ ခုနှစ် နောက်ပိုင်းမှ အစပြုပြီး ၁၂ တန်အောက် ကုန်တင်ကားများကိုသာ သွားလာခွင့်ပြုခဲ့သည်။

No comments: