Monday, January 2, 2012

သေနတ် သမားများ လက်ချက်ဖြင့် တုံခန်ရွာ ဥက္ကဋ္ဌ သေဆုံး

သျှမ်းသံတော်ဆင့်

အမည် မသိ သေနတ် သမား များ၏ ပစ်ခတ် မှုကြောင့် သျှမ်း ပြည် (မြောက်ပိုင်း) မူစယ်မြို့ နယ်အောက်တုံ ခန်ကျေးရွာ ဥက္ကဋ္ဌ နှင့် ဧည့်သည် တစ်ဦး သေဆုံးသွား သည့် ဖြစ်ရပ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းက ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

၎င်းနေ့ ညပိုင်း ၈ နာရီခန့်က အဆိုပါရွာဥက္ကဋ္ဌ ဦးစံမောင်နေအိမ်ခြံဝင်းအတွင်းသို့ သေနတ်သမားနှစ်ဦး ဆိုင်ကယ်ဖြင့် ၀င်ရောက်လာပြီး နေအိမ်အတွင်း ထိုင်နေသည့် ဦးစံမောင်နှင့် ဧည့်သည်တစ်ဦးအား သေနတ်ဖြင့် ၅ ချက်ခန့် ပစ်ခတ် ခဲ့ရာ နှစ်ဦးစလုံး သေဆုံး သွား ကြောင်း ဒေသခံ တစ်ဦးက သျှမ်း သံတော်ဆင့် သို့ ပြောသည်။

“အိမ်ထဲမှာ ကျည်ဆံ ၅ တောင့်တွေ့တယ် ဥက္ကဋ္ဌကတော့ အသက် ၄၀ ကျော်လောက်ရှိပြီ ဦးစံမောင်ပေါ့သူ့ရင်ဘတ် ကို ၄ ချက်မှန်တယ် နောက်တစ်ဦးက ဧည့်သည် သူတို့နှစ်ယောက်စလုံးသေသွားတယ် ဦးစံမောင်ကတော့ အရင် စစ်မှုထမ်း ဟောင်းပဲ ဘယ်အဖွဲ့က ဘာ ကြောင့် လာပစ်တယ် ဆိုတာတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ တုံခန်ရွာအနီး ကျိန်းစမ်းကျော့လမ်းတွင် ကျောက်တောင်ဖြိုချ၍ ကျောက်ထုတ်ရောင်းနေသည့်လုပ်ကွက် များရှိ ပြီး အဖွဲ့အစည်း တစ်ခုခုမှ ငွေရေးကြေးရေးကိစ္စဖြင့် လာရောက်လုပ်ကြံခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတချို့က သုံးသပ် ပြောဆိုသည်။

၎င်းနေ့ နေ့လည်ပိုင်း ၁ နာရီခန့်က မူစယ်နှင့်ကွတ်ခိုင်မြို့နယ် အကြားတွင် KIA နှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွား ခဲ့ရာ မူစယ် - မန္တလေး ပြေးဆွဲနေသည့် ကားများ အသွားအလာ ခေတ္တရပ်ဆိုင်း သွားကြောင်းလည်း သိရသည်။

No comments: