Wednesday, January 11, 2012

ဆင်းရဲမွဲတေမှု ပပျောက်ရေး ကြိုးပမ်းချိန် သံတွဲတွင် လူထုထံမှ ငွေကောက်ခံဆဲ

အေး​နိုင်

ရခိုင်ပြည် နယ် သံတွဲမြို့ နယ်မှာ နယ်မြေခံ အာဏာပိုင် တွေဟာ ဒေသ ခံတွေ ထံကနေ တအိမ်ထောင် ကျပ် ၄၅၀၀ ကောက်ခံ သွားလို့ ပေးလိုက်ကြ ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်​။

တပ်မတော်​ နယ်လှည့်ဆက်ဆံရေး​ ကဇာတ်အတွက် ဒီဇင်ဘာ လကုန်ပိုင်း တုန်းက ရခိုင်ပြည်နယ် သံတွဲမြိုနယ်ရပ်ကွက်တွေမှာ တအိမ် ထောင်ကို ကျပ်ငွေ ၁၅၀၀ ကောက်ခံသွားပုံကို သံတွဲမြို့ခံတဦးက ပြောပါတယ်​။

“ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ကလာပြီးတော့ နယ်လှည့်ဆက်ဆံရေးအဖွဲ့အတွက် ဆိုပြီး တအိမ်ထောင်ကို ၁၅၀၀ ကောက်တယ်ဆိုတော့ အိမ်တိုင်း ၁၅၀၀ စီ ထည့်လိုက်ရတာပေါ့။ မြို့ထဲက ဘောလုံးကွင်းနားလေးမှာ တရက် ကသွားတယ်။ နောက် ပင်လင်ကမ်းခြေမှာပဲ သူတို့ ၂ ရက်လောက် ကသွားတယ်။ ငပလီမှာက တပ်ရင်းတွေ ရှိတယ်လေ။ ခလရ ၅၅၊ ခမရ ၅၆၆ တို့ သွားကတယ်လေ။”

မြို့နယ်အုပ်ချုပ်ရေးမှူးက ကောက်ခံခိုင်းတယ်ဆိုပြီး မြို့ပေါ်က ရပ်ကွက် ၇ ခုမှာ လာရောက် ကောက်ခံသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ နယ်လှည့်ဇာတ်ဟာ မြို့ပေါ်မှာ တညကပြပြီး ငပလီကမ်းခြေမှာ နှစ်ည ကပြတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ အားကစားလအတွက်လည်း တအိမ်ထောင်ကို ကျပ် တထောင့်ငါးရာ ကောက်ခံသွားတယ်လို့လည်း ပြောပါတယ်။ ဒီလဆန်း ပိုင်းကလည်း မီးကင်းကြေးဆိုပြီး တအိမ်ထောင်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးက ကျပ်ငွေ တထောင့်ငါးရာ ကောက်ခံ သွားပြန်တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေဟာ ခုလို ငွေအတင်းအကျပ် ကောက်ခံတာမျိုး အရင် နှစ်တွေကလည်း လုပ်ခဲ့ကြပေမယ့် ဒီမိုကရေစီစနစ်သွားမယ့် ခုလို အချိန်မျိုးမှာတော့ မလုပ်သင့်တော့ဘူးလို့ အဲဒီမြို့ခံက ပြောပါတယ်။

“ဘယ်ကြည်ဖြူမလဲ။ တကြိမ်လည်း မဟုတ်။ နှစ်ကြိမ်လည်း မဟုတ် ဆိုတော့ ကျနော်တို့တောင် ၄၅၀၀ ဖြစ်သွားပြီလေ။ ဒီငွေက မိသားစု တစုအတွက် စားသောက်လို့ရတယ်လေ။ တော်တော်တန်တန် အိမ်တွေဆို ဘယ်တတ်နိုင်မလဲ။ ညည်းကြတာပေါ့။ အစိုးရလည်း ပြောင်း လဲ သွားပြီ။ ဘာကြောင့် ငွေတွေ ထည့်နေကြတာလဲဆိုတာ လူတိုင်းလိုလို ပြောနေကြပြီ။”

သမ္မတဦးသိန်းစိန်က ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ကြိုးပမ်းနေတယ်လို့ ကတိပြု ဆောင်ရွက်ပေမယ့် အောက်ခြေမှာ ပြည်သူ တွေ ဟာ တပ်မတော်နဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ အပါအ၀င် ဒေသခံ အာဏာပိုင်တွေရဲ့ ကောက်ခံတဲ့ ငွေကို ပေးဆပ် နေရဆဲ ဖြစ်ပါတယ်။

No comments: