ဒေါက်တာညို
AIDS ရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားလာရပြီး လိင်ဆက်ဆံရာက တဆင့် ကူးနိုင်တယ်လို့ ကျန်းမာရေးဌာနက သတိပေးခဲ့တာဟာ ရောဂါကို စတင်သိရှိပြီးကတည်းက ဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် လိင်ဆက်ဆံရင် ကွန်ဒုန်းကို သုံးကြပါလို့ အကြံပေးခဲ့ပါ တယ်။ ဒါပေမယ့် အများစုကတော့ မယုံကြည်ကြပါဘူး။ ဒီလိုနဲ့ပဲ ဒီရောဂါဟာ ကမ္ဘာအနှံ့ ကူးစက်သွားတော့တယ်။ နှစ်ပေါင်း နှစ်ဆယ် အ တွင်း လူသန်းပေါင်း လေးဆယ်ကျော်ကို ကူးစက်သွားခဲ့ပါတယ်။
ဒီအတိုင်းပါပဲ။
ဒိုင်ယာဘိတိစ်လို့ခေါ်တဲ့ ဆီးချို၊ သွေးချိုရောဂါဆိုလည်း ကိုယ်ခန္ဓာက အင်ဆူလင် မထုတ်ပေးတာလို့ ဆရာဝန်တွေက ပြောပြီး အင်ဆူလင်ထိုးဖို့ ပြောတာပဲ။ အများစုကတော့ ကျနော့် ရောဂါ အင်ဆူလင် အဆင့် မရောက်သေးပါဘူးဆိုပြီး သောက်ဆေးနဲ့ ကုတယ်။ တိုင်းရင်းဆေးသုံးတယ်။ ဒီအခါ ကျောက်ကပ်နဲ့ နှလုံး ထိခိုက်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရလာတာပဲပေါ့။
အချို့က ပျောက်စေဆရာလို ဆရာတွေနဲ့ ကုကြရာကနေ အသက် ဆုံးပါးရတဲ့အထိ အကျိုးနည်းရပါတယ်။
ပညာရှင်တွေ သတိပေးတာကို အလေးမထားတဲ့အတွက် အဖြစ်ဆိုးတွေ ကြုံကြရတာ မဆန်းပါဘူး။ မြန်မာတနိုင်ငံတည်းမှာသာမကဘဲ တကမ္ဘာလုံး ကြုံနေခဲ့ရတာပါ။
ခုလည်း ဘာထူးပါသလဲ။
ကျနော်တို့တတွေ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေကြပါတယ်။ ဒါကြောင့်လည်း ဥတုရာသီတွေ ဖောက်လွဲ ဖောက်ပြန် ပြောင်းလဲနေပြီ။ ကမ္ဘာကြီး ပူနွေးလာပြီ၊ ရေခဲတောင်က ရေခဲမြစ်တွေပျော်ပြီး အာတိတ်စက်ဝန်းက ရေခဲတွေ ပျော်ကုန်ပြီလို့ ပြောတော့ လက်မခံ နိုင်သူတွေ အများကြီးပါပဲ။ အဲဒီအထဲမှာ သိပ္ပံပညာရှင်တွေတောင် ပါသေးတယ်။
သိပ္ပံပညာရှင် အချို့ကပြောတယ်။ “ခင်ဗျားတို့ Ice Age ဆိုတာကို ကြားဖူးကြရဲ့လား။ ရေခဲ ခေတ်ပေါ့ဗျာ။ ကမ္ဘာကြီးဟာ ရုတ်တရက် အေးခဲသွားတယ်။ ဒိုင်နိုဆောတို့၊ မာမွတ်လို့ခေါ်တဲ့ ဆင်ကြီးတို့တွေတောင် ရေခဲပြီး သေဆုံးကုန်ကြတယ်။ အီကွေတာတဝိုက် ကျွန်းတွေပေါ်မှာ နေတဲ့လူတွေပဲ လွတ်ကြတယ်ဗျ” တဲ့။
အဲဒီရေခဲခေတ်ကြီးဟာ နှစ်အကြာကြီးပဲ။ အဲဒီနောက်မှ ကမ္ဘာကြီးက နောက်တကြိမ် ပြောင်းလဲမှု ဖြစ်လာပြန်တယ်။ . . .ဘာကြောင့် ပူ လိုက်အေးလိုက် ဖြစ်သလဲ သိရဲ့လား။ နေရောင်ခြည်ကြောင့်ပေါ့ဗျာ။ နေရောင်ခြည်ဟာ တခါတခါ မှိန်ဖျော့ သွားတယ်။ ကျနော်တို့အနေနဲ့ ကမ္ဘာကို နှစ်ထောင်ပေါင်းများစွာ ကြာမှ ပြောင်းလဲမှုကို တွေ့ရတယ်ဗျ။ နေရောင်နည်းနည်း လျော့သွား ရင်ပဲ ကမ္ဘာမှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်တယ်။
စောစောက ပြောထားတဲ့ အေးခဲလာတဲ့ ကမ္ဘာကြီးမှာ သက်ရှိအချို့သာ အသက်ရှင်ရပ်တည်နေနိုင်ကြတာပေါ့။ ဒီလိုအချိန်မှာ ကမ္ဘာအတွင်းပိုင်းက ဆူပွက်နေတဲ့ နေရာတွေကနေ ပေါက်ထွက်လာတာတွေ ဖြစ်သွားတယ်လေ။ မီးတောင်တွေပေါက်တာပဲပေါ့။ ငလျင်တွေ လှုပ် တယ်။ ပူနွေးလာပြီး တောတွေ တောင်တွေ ထိုးထိုးထောင်ထောင် ဖြစ်လာတယ်။ ပူနွေးတဲ့ ရာသီဥတုနဲ့ သင့်တော်တဲ့ အကောင်ဗလောင်တွေဟာ မျိုးပွား ဖြစ်ထွန်းလာကြတယ်။
ကျနော်တို့က ကမ္ဘာကြီးဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို ကြားဖူးနားဝရှိကြပါတယ်။ နေစကြဝဠာထဲက အစိုင်အခဲတွေ လွင့်စင်ထွက်လာရာမှာ ကမ္ဘာကြီးလည်းပါတယ်။ ကမ္ဘာကြီးဟာ နေနဲ့ သင့်တော်ရာ အကွာအဝေးကို ရောက်လာတဲ့ တခုတည်းသော ဂြိုဟ်ကြီးဖြစ်တယ်။ ကမ္ဘာကြီးဟာ နေကို လှည့်ပတ်နေတယ်။ အဲဒီတုန်းက မီး တောက်မီးလျှံတွေနဲ့ပေါ့။ နောက်မှ မိုးသည်းထန်စွာရွာတယ်။ ဒါကို ဗုဒ္ဓဘာသာဝင်တွေက ကမ္ဘာပြုမိုးကြီးလို့ ခေါ်တယ်။ အဲဒီအခါ ကမ္ဘာကြီးဟာ နွေးနွေးထွေးထွေးလေး ဖြစ်လာတယ်။ တကမ္ဘာလုံးကို ရေလွှမ်းနေတယ်။ ရေဘယ်လောက် လွှမ်းသလဲဆိုရင် ၆ မီတာလောက် မြင့်တယ်ဆိုပဲ။
ကမ္ဘာ့လေထုကြီး ဖြစ်လာပြီး လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်၊ ငလျင်တွေလှုပ်နဲ့ ဆဲလ်တခုတည်းရှိတဲ့ သတ္တဝါတွေဟာ ပင်လယ်ရေမှာ ပေါ်လာတယ်။ ဒီအကောင်တွေ အများကြီးပဲ။ ဒီအကောင်လေးတွေဟာ သေလိုက်၊ အသစ်ဖြစ်လိုက်နဲ့ပေါ့။ သေတဲ့အကောင်တွေက ရေပြင်အောက်ရောက်ပြီး နောက်ဆုံး ရေနံ ဖြစ်လာတာပါပဲ။
ကျနော်တို့ လူသားအပါအဝင် သတ္တဝါအားလုံး အဆင့်ဆင့်ဟာ evolution ဖြစ်လာကြတာပါပဲ။ အားလုံးဟာ ပင်လယ်ကနေ တက်လာကြတယ်။ ဒါကြောင့် လူတွေရဲ့သွေးဟာ ပင်လယ်ရေငန်နဲ့ သိပ်မကွာလှဘူး။ ကမ္ဘာကြီးဟာ ငလျင်တွေဖြစ်ထွန်း၊ မီးတောင်တွေ ပေါက်ကွဲပြီး မြေနဲ့ ရေ ကွဲသွားတာပါ။ အာတိတ်နဲ့ အတ္တလန္တိတ် စက်ဝန်းတွေမှာ ရေတွေခဲကုန်ပါတယ်တဲ့။ နောက် ရေခဲခေတ်ကို ရောက်ခဲ့တယ်။ နောက် ပူနွေးလာပြန်လေရော။ ဒါကို သဘာဝဖြစ်စဉ်လို့ ပြောတာပေါ့။
ဒါပေမယ့် အဲဒီသိပ္ပံပညာရှင်တွေကို မေးခွန်းထုတ်ကြတယ်။
“ရေခဲခေတ်ကနေ ကမ္ဘာကြီးပူနွေးလာဖို့ ဘယ်လောက် အချိန်ယူရပါသလဲ၊” “နှစ်ပေါင်း ၁ သိန်းလောက်တော့ ကြာတာပေါ့” တဲ့။
မှန်ပါတယ်။ ခု ကမ္ဘာကြီးပူနွေးလာတာဟာ နှစ်ပေါင်း ၁၅၀ အတွင်းမှာ ဖြစ်လာတာပါ။ ကမ္ဘာကြီးရဲ့ စက်မှုတော်လှန်ရေးခေတ်အစကနေ အခုထိကို ပူနွေးလာကြတာပါ။ ပူနွေးမှုနှုန်းဟာ အရင်ခေတ်နဲ့စာရင် အင်မတန် မြန်နေပါတယ်။ နောင် နှစ် ၁၀၀ ကို ကျနော်တို့ တွက်ဆနေပါတယ်။
ပူနွေးမှုဟာ ၂ ဒီဂရီစင်တီဂရိတ် အထက်ကို ရောက်မှာလား။ ၂ ဒီဂရီ စင်တီဂရိတ် အောက်မှာပဲ ထိန်းထားနိုင်မှာလား။၂ ဒီဂရီ စင်တီဂရိတ် အထက်ရောက်ရင်တော့ ပြီးသွားပါပြီ။ အင်္ဂလိပ်စကားနဲ့ပြောရရင် Game Over။ ကမ္ဘာလုံးဝပျက်ပြီး မပြန်လမ်းကို ရောက်မယ်လို့ဆိုတယ်။
ယုံလား . . .။ ကျနော် မမေးရက်ပါဘူး။
လူသားတွေ ပါဝင်ပတ်သက်မှုကို ကောင်းမွန်တဲ့ ရှုထောင့်ကနေ မျှော်လင့်နေပါတယ်။
နောက်တပတ် အင်္ဂါနေ့မှာလည်း ပြောင်းလဲနေတဲ့ ကမ္ဘာကြီး အကြောင်း ဆက်ပြောပါဦးမယ်။
No comments:
Post a Comment