Wednesday, February 29, 2012

ဒီမိုကရေစီ နိုင်ငံရေးအလေ့အထ ကာကွယ်ကြ

ဧရာဝတီ

လတ်တလော လွှတ်တော်များ အတွင်း ဆွေးနွေး ငြင်းခုန်မှုများနှင့် လာမည့်ဧပြီ ကြားဖြတ် ရွေးကောက်ပွဲ အကြောင်းပြု၍ လှုပ်ရှား နေ သော မြန်မာနိုင်ငံရေး အခြေအနေသည်ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် အရေးပါလာသည့် ခြေလှမ်းများအဖြစ် မြင်တွေ့လာရသည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ ပျောက်ကွယ်နေသည့် တွေ့ဆုံဆွေးနွေး အဖြေရှာသော နိုင်ငံရေး ယဉ်ကျေးမှုအလေ့အထ ပြန်လည် ခေတ်စားလာသည်ကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေဆုံဆွေးနွေးပြီးနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှတ်ပုံတင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခြင်း၊ အ ကျဉ်း ကျ နိုင်ငံရေးခေါင်းဆောင်များ လွတ်လာခြင်း စသည့် နိုင်ငံရေးနောက်ခံ အခင်းအကျင်းသစ်ကလည်း အားပေးနေသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ်၊ ဖျာပုံခရီးစဉ်နှင့် ကချင်ခရီးစဉ်တို့တွင် အထစ်အငေါ့များ ဖြစ် ခဲ့သော်လည်း နောက်ဆုံး အဆင်ပြေအောင် ဖြေရှင်းသွားနိုင်သည်ကို တွေ့ရသည်။ ယခုအခါ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စု ကြည် အနေဖြင့် အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင်ပါ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွက် ပြင်ဆင်ထားပြီးဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးများကို အားပေး အသိအမှတ်ပြုသည့်အနေဖြင့် အနောက်နိုင်ငံများကလည်း အထီးကျန် မထားတော့ဘဲ ပြန်လည်ဆက်ဆံလာခဲ့သည်။ မကြာမီတွင် နိုင်ငံတကာအလှူရှင်များ၏ အစည်းအဝေးတရပ်ကို နေပြည်တော်တွင် ကျင်းပ ဖွယ်ရှိနေသည်။ နိုင်ငံရေး လူမှုရေးနှင့် စီးပွားရေးတွင် အခွင့်အလမ်းနှင့် အထောက်အပံ့များ ပိုရလာမည်ဟု မျှော်လင့်နေကြသည်။

ထို့အပြင် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့၊ ရုပ်သိမ်းမှုများ ပြုလုပ်လာမည်ဟူသော မျှော်လင့် ချက်နှင့်အတူ အိမ်နီးချင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ စတင်ရန် အလားအလာများလည်း မြင်တွေ့ရသည်။

ယင်းသို့ အလားအလာကောင်းများနှင့်အတူ ယခင်က ရပ်တည်ရန် ခက်ခဲခဲ့သည့် လူထုအဖွဲ့အစည်းများလည်း အသက်ဝင် လာပြီဖြစ် သည်။ စစ်အစိုးရ အဆက်ဆက် ချိုးနှိမ်ခံထားခဲ့ရသော စာနယ်ဇင်းလောကသည်လည်း အထိုက်အလျောက် လွတ်လပ်လာသည့်အပြင် သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်သူ ပညာရှင်များ၊ စိတ်ပါဝင်စားသူများ၏ စုစည်း ဆွေးနွေးပွဲများကိုလည်း တွေ့မြင်လာရသည့် အခြေအနေဖြစ်သည်။

မကြာသေးမီကပင် သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်၊ စီးပွားရေးနိုဗဲလ်ဆုရှင် ဒေါက်တာ စတစ်ဂလစ်ဇ်၊ ဒေါက်တာ ဦးလှမြင့်၊ ဒေါက်တာ ဖင်ဒလေ စသည့် ပညာရှင်များ၊ လေ့လာသူများ ၁၅၀၀ ကျော် တက်ရောက်သည့် ညီလာခံတခုကျင်းပပြီး မြန်မာနိုင်ငံတွင် တင် ရှိနေသည့် အကြွေးများ၊ အကျင့်ပျက်ချစားမှုများ စသည့်ကိစ္စများကို ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

ထို့အပြင် နေပြည်တော် အစိုးရအဖွဲ့ဝင်များ၊ ကုလသမဂ္ဂမှ ကိုယ်စားလှယ်များ ၊ ပညာရှင်များ ၄၀၀ ခန့် တွေ့ဆုံ၍ အစိုးရက ချပေးထား သည့် ဘတ်ဂျက်များ၊ ပညာရေးအသုံးစရိတ် နည်းပါးနေခြင်းစသည်တို့ကို ဝေဖန်ပြောကြားခဲ့ကြသေးသည်။ လူ့စွမ်းအားအရင်းအမြစ်များ မြှင့်တင်ရေး၊ ပြည်ပရောက် မြန်မာပညာရှင်များ ရှင်သန်နိုင်မည့် ပတ်ဝန်းကျင် ဖန်တီးပေးရေး စသည်တို့ကိုလည်း အစည်းအဝေး ရပ်နား ချိန် အလွတ်သဘော ဆွေးနွေးကြသည်ဟု သိရသည်။

ထို့အတူ ယခင်နှစ် လွှတ်တော်အစည်းများနှင့် မတူဘဲ ယခုနှစ်တွင် ပြန်လည်ကျင်းပနေသည့် လွှတ်တော်အသီးသီး၌ ဆွေးနွေး ငြင်းခုန် မှု များ အရှိန်မြင့်ပြီး အသက်ဝင်နေသည်။ လွှတ်တော်အမတ်များ၏ မေးမြန်းမှုများကို အစိုးရဝန်ကြီးများက ခုခံဖြေရှင်းရင်း ယခင်က ပြည် သူလူထု မသိခဲ့ရသည့် ကိန်းဂဏန်းအချက်အလက်များကို ထုတ်ဖော်ပြောဆိုလာကြသည်။ လွှတ်တော်တွင် တင်သွင်းသည့် ကိစ္စရပ်များ၌ ဝန်ထမ်းများ လစာတိုးရေးမှအစ၊ စာနယ်ဇင်းသင်တန်းများ ဖွင့်ပေးရေးအလယ်၊ မီးသတ်ကားများ အသစ်ဝယ်ယူရေးအထိ ပါဝင်သည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ဝန်ထမ်းများ လစာတိုးပေးရေးအဆို တင်သွင်းမှုကို ဗဟိုအစိုးရမှ ပယ်ချခြင်း၊ သမ္မတ ဦးသိန်း စိန် ၏ ကျေးရွာအုပ်ချုပ်ရေးမှူးကို သင့်လျော်သလိုခန့်ထားရေး တင်ပြချက်ကို လွှတ်တော်က မဲခွဲပြီး ပယ်ချခြင်း၊ လွှတ်တော်တွင် ပယ်ချချက်တချို့အပေါ် ဆက်လက်ဆွေးနွေးရန် ထပ်ဆင့်တင်ပြခြင်း စသည့် လွှတ်တော်သွင်ပြင် ပီသစပြုလာသော အခြေအနေများကို မြင်တွေ့လာရသည်။ ဦးရွှေမန်းကလည်း သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ လုပ်သင့်သည်ကို လုပ်ကြရန် တိုက်တွန်းသည်ဟု သိရသည်။

လူထုအတွင်း၊ အထူးသဖြင့် အင်တာနက်သုံးစွဲသူများ၊ လူမှုကွန်ရက် ဆိုဒ်များအကြားတွင်လည်း ကြားဖြတ်ရွေးကောက်ပွဲကိစ္စ၊ လွှတ် တော် တွင်း တင်ပြသည့် ကိစ္စများအပေါ် အပြင်းအထန် ဆွေးနွေးငြင်းခုန်ပွဲများ ဖြစ်နေသည်ကို တွေ့မြင်နေရသည်။ ဆွေးနွေးချက်များ၊ သတင်းအချက်အလက်များ အလွန်များပြားသဖြင့် တချို့က အမီမလိုက်နိုင်အောင်ပင် သတင်းပိနေသည်ဟု ဆိုကြသည်။ ရန်ကုန်မြို့မှ အနောက်တိုင်း သံတမန်တဦးက မြန်မာနိုင်ငံတွင် ရှေ့အနာဂတ်၌ မည်သို့ဆောင်ရွက်မည်ဆိုသည့် ကိစ္စများအတွက် ဆွေးနွေး ငြင်း ခုန် ကြသော “ကွန်ဖရင့်ရောဂါ” စွဲကပ်နေပြီဟုလည်း Financial Times သတင်းစာသို့ ပြောကြားခဲ့သေးသည်။

အလားတူ ဧပြီလတွင် ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်ထွက်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ခရီး စဉ်တိုင်းတွင် ကြားမြင်နေရသည့် လူထုစည်းဝေးပွဲများမှ ဒီမိုကရေစီစနစ်လိုလားကြောင်း ပြသတောင်းဆိုသံများကိုလည်း မျက်ကွယ်ပြု၍ ရနိုင်မည်မထင်ပေ။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အသံတိတ်ဆိတ်သွားခဲ့ရာမှ ယခု နိုင်ငံရေးအခင်းအကျင်းတွင် နိုင်ငံရေးသမားများ၊ တက်ကြွ လှုပ်ရှား သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင် စသူတို့ထံမှ အသံများ ပြန်ကြားလာခဲ့ရသည်။ ကဏ္ဍအသီးသီးအပေါ် မိမိ၏ အမြင်များကို ထုတ်ဖော်ဆွေးနွေးသည့် နိုင်ငံရေးအလေ့အထ ပြန်လည် နိုးထလာခဲ့ပြီ။ ဆက်လျှောက်ရမည့် ဒီမိုကရေစီလမ်းမပေါ်တွင် ပြန်လည် ပေါ် ထွန်းလာသည့် နိုင်ငံရေးယဉ်ကျေးမှု အလေ့အထကို ကာကွယ်စောင့်ရှောက်ဖို့ လိုသည်။ မည်သူမျှ အကြောက်တရားကြီးစိုးသည့် အ သက် မဲ့ အမှောင်ခေတ်သို့ နောက်ကြောင်း မပြန်လိုကြတော့ပေ။

No comments: