Wednesday, February 29, 2012

အင်ဒီယာနာပိုလစ်မြို့ ကချင်စစ်ပြေး ဒုက္ခသည် ရန်ပုံငွေရှာဖွေပွဲ

KNG


ကချင်စစ်ပြေးဒုက္ခသည်များအတွက် ရန်ပုံငွေဈေးပွဲတော်တခုကို အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် အင်ဒီယာနာပိုလစ်မြို့ရောက် ကချင်အမျိုးသားက ဖေဖော်ဝါရီလ ၄ ရက်တွင် ပြုလုပ်ခဲ့သည်။

အင်ဒီယာနာပိုလစ်မြို့ရှိ ကချင်အမျိုးသားများ ၅၀ ခန့်က မြန်မာ့ရိုးရာ မုန့်ဟင်းခါး၊ ကြာဆံခေါက်ဆွဲ၊ ကြက်ပေါင်းခေါက်ဆွဲ၊ အကြော်စုံ ရောင်းချခြင်းနှင့် ကံစမ်းမဲ ရောင်းချခြင်းများပြုလုပ်ရာ ညီအစ်ကို ချင်းအမျိုးသားများ အဓိက တက်ရောက်အားပေးခဲ့သည်။

“မလုပ်ခင်စဉ်းစားကြည့်ရင် လုံးဝမဖြစ်နိုင်ဘူး။ ကျွန်တော်တို့အားနဲ့သူတို့ကို ကျွေးမွေးနိုင်ဖို့က။ လုပ်တောင် မလုပ်ရဲဘူး။ ပွဲမတိုင်ခင်က လူအယောက် ၁၅၀ အတွက်ပဲ တွက်တားကြတာ။ နောက်ဆုံးတော့ အကြီးအကျယ်ဖြစ်လာတယ်။ သူတို့ (ညီအစ်ကို ချင်းအမျိုးသားများ)အနေနဲ့ကူညီကြလို့သာ။ သူတို့အသင်းတော်တွေမှာ လိုက်ပို့တယ်။ လမ်းပြတယ်။” ဟု ဒေသခံ ကချင်အမျိုးသား လထော်ထောင်းလွမ်း (Lahtaw Htawng Lum) က ပြောသည်။

ထိုမြို့တွင် ချင်းခရစ်ယာန်အသင်းတော် ၃၀ ကျော်ရှိ၍ ညီအစ်ကို ချင်းအမျိုးသားများ ၂၀၀၀၀ ခန့်ရှိနိုင်သည်ဟု လထော်ထောင်းလွမ်း က ဆိုသည်။

အစားအသောက်လက်မှတ် တစ်စောင်အတွက် ဒေါ်လာ ၁၀ နှုန်းနှင့် ကံစမ်းမဲလက်မှတ်တစ်စောင်အတွက် ၅ ဒေါ်လာနှုန်းဖြင့် ရောင်းချ ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

၎င်းရန်ပုံငွေရှာဖွေပွဲမှ အမေရိကန်ဒေါ်လာ ၁၁၀၀၀ ခန့် အသားတင်ရှာဖွေနိုင်ခဲ့ပြီး စစ်ပြေးဒုက္ခသည်များ အတွက် ပေးပို့ကူညီနိုင်ခဲ့ သည် ဟု ပွဲဖြစ်မြောက်ရေးကော်မတီဝင် ဆရာလဖိုင်ဇော်လောတ် (Lahpai Zau Lawt) က ကချင်သတင်းဌာနသို့ပြောသည်။

No comments: