Monday, February 27, 2012

ဖွဲ့စည်းပုံခြေခံဥပဒေကို ပြင်ရမည်ဟု RNDP ပြော

ဧရာဝတီ on February 27, 2012


ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လျှင် ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်ရေး အလှမ်းဝေးနေဦးမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက် ရေး ပါတီ (RNDP) က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ဒို့ရိုးရာ စားသောက်ဆိုင်တွင် ယမန်နေ့က ကျင်းပသော “ရခိုင်သယံဇာတ ရွှေသဘာဝ ဓာတ်ငွေ့ကို အသုံးပြု၍ ရ ခိုင်ပြည်နယ် တခုလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေးအဖွဲ့၏ စာတမ်းဖတ်ပွဲ” တွင် RNDP အထွေထွေ အတွင်းရေးမှူး ဦးလှ စော က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လိုအပ်ချက်အရ ပြုပြင်ရမည်ဖြစ်ကြောင်း၊ ဥပဒေပြင်ဆင်ခြင်းသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု တခုအဖြစ် RNDP က ခံယူကြောင်း၊ တိုင်းရင်းသားများအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးနှင့် ဒေသထွက် သယံဇာတများကို ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုခွင့်ရှိရေး အပါအ၀င် တန်းတူအခွင့်အရေးများ ရရှိစေရေးအတွက် အခြေခံဥပဒေကို ပြင်ဆင် သွားရ မည်ဖြစ် ကြောင်း ဦးလှစောက ပြောသည်။

ဦးလှစောက “ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်ဘူး။ ဒါပေမယ့် စစ်အာဏာရှင်စနစ် ကျဆုံးဖို့ ရခိုင်ပြည်သူတွေက ကျ နော်တို့ကို မဲပေးခဲ့တယ်။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုရမယ်၊ ပြဋ္ဌာန်းပေးရမယ်။ ဒီနေရာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ပြည်ထောင်စုထဲက သီးခြားခွဲထွက်ပြီးတော့ ရခိုင်သမ္မတနိုင်ငံ၊ ရှမ်းသမ္မတနိုင်ငံ ထူထောင်ဖို့ ပြောတာမဟုတ်ဘူး။ တိုင်း ရင်းသားအချင်းချင်း ချစ်ကြည်တဲ့၊ စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုသစ်ကြီးကို မျှော်မှန်းပါတယ်” ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် NLD ၏ မူဝါဒ တခုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းအစိုးရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသား များ ဘဝသည် နိမ့်ကျလျက်ရှိကြောင်း လွတ်လပ်ရေး အရစောသော်လည်း အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင့် ယခုကဲ့သို့ နိုင်ငံ ဆင်းရဲ နေရခြင်း ဖြစ်ကြောင်း ထုတ်ဖော်ဝေဖန်လိုက်သည်။

“လွတ်လပ်ရေးရရင် ပိုပြီးချမ်းသာလာရမယ်၊ ပိုပြီး တိုးတက်လာရမယ်၊ ပိုပြီးအောင်မြင်လာရမယ်၊ ဒါလေးတွေက အင်မတန် သုံးသပ်စ ရာလေးတွေ ဖြစ်ပါတယ်။ လွတ်လပ်ရေးအပြစ် မဟုတ်ပါဘူး။ အုပ်ချုပ်တဲ့သူ စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့လို့ပဲ ကျနော်ခံယူပါတယ်။ အခုဟာက ကောင်းမွန်တဲ့ စနစ်တခုကို Democratization သွားနေပါပြီ။ ဒီ Democratization ကို ကျနော်တို့တွေက မှန်ကန်တဲ့ လမ်းကြောင်းကို ရောက်ရှိအောင် အားလုံးက ၀ိုင်းဝန်းပြီးတော့ တွန်းအားပေးဆောင်ရွက်ဖို့လိုနေ ပါပြီ” ဟု ဦးဇော်အေးမောင်က ပြောသည်။


No comments: