Tuesday, February 28, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်မှု တိုင်းကော်မရှင် အပြီးသတ်ပယ်ချ

အံ့ဘုန်းမြတ်

ဒေါ်အောင်ဆန်း စုကြည် ကို ကိုယ်စား လှယ် လောင်းအရည်အချင်းနဲ့ ပြည့်မီမှုမရှိဘူးလို့ ကန့်ကွက်လွှာ တင်သွင်းမှုကို တိုင်းကော်မရှင်က ပယ်ချလိုက်ပြီး ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုလိုက်ပါတယ်။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ၀င်ရောက်ယှဉ်ပြိုင်မယ့် ညီညွတ်ရေး နှင့်ငြိမ်းချမ်း ရေးပါတီက ကိုယ်စားလှယ်လောင်း ဦးတင်ရီရဲ့ ကန့်ကွက်လွှာကို တိုင်းကော်မရှင်က ဒီကနေ့ အပြီးသတ် ပယ်ချလိုက်တာပါ။

အန်အယ်လ်ဒီ ရွေးကောက်ပွဲဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းက“တိုင်းကော်မရှင်က အဲဒီအယူခံ (ဦးတင်ရီ) ရဲ့ အယူ ခံကို ပယ်လိုက်ပါပြီ။ ခရိုင်ကော်မရှင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို ကြေညာလိုက်ပြီးတော့ ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုလိုက်ပါပြီ” လို့ ပြောပါတယ်။

ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီက ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ပြည့်မီမှု မရှိဘူးဆိုပြီး ကန့်ကွက်လွှာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ခရိုင်ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ကို စတင် တင်သွင်း ခဲ့တာပါ။

ဒါပေမယ့် ဒီကန့်ကွက်လွှာကို ခရိုင်ကော်မရှင်ရုံးက ပယ်ချခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၂၂ ရက် နေ့မှာ ရန်ကုန်တိုင်း ကော်မရှင်ကို ထပ်မံ တင်သွင်းခဲ့ပြီး တိုင်းကော်မရှင်က ထပ်မံပယ်ချလိုက်တာပါ။ ဒီကန့်ကွက်ချက်နဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ ပါတီဘက်က ဖေဖော်ဝါရီ ၂၇ ရက်နေ့ တိုင်းကော်မရှင်မှာ ချေပလွှာ တင်သွင်း ဖြေရှင်းခဲ့တာပါ။

ကန့်ကွက်လွှာတင်ခဲ့တဲ့ ဦးတင်ရီပါဝင်တဲ့ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက ခွဲထွက်ကာ ပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု အန်ဒီအက်ဖ်ပါတီနဲ့အတူ ဒီမိုကရေစီ မိတ်ဆွေပါတီတွေထဲက ပါတီတခုလည်း ဖြစ်ပါတယ်။

ဒီကန့်ကွက်ချက်ဟာ တပါတီတည်းရဲ့ သဘောထားသာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်) ရဲ့ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“ပါတီတရပ်ရဲ့ ကိုယ်စားလှယ်လောင်း တယောက်က ကန့်ကွက်တာဟာ ၁၀ ပါတီမှာ ပါနေတဲ့ ကျနော်တို့အဖို့ နေရထိုင်ရတာ မသက်သာ ဘူးပေါ့။ သဘောကတော့ ကျနော်တို့ ဆန္ဒမရှိဘဲနဲ့ ၁၀ ပါတီထဲက လူတယောက်က ထပြီးကန့်ကွက်လိုက်တော့ ကျနော်တို့ ပါနေသလား။ ၁၀ ပါတီက ဒီကိစ္စမှာ ၀င်ရောက်စွက်ဖက်တာ ရှိသလားဆိုပြီး မဖြစ်အောင် ဒါဟာ ၁၀ ပါတီရဲ့ သဘောထားမဟုတ်ပါဘူး။ အန်ဒီအက်ဖ် ကလည်း သဘောထားမရှိပါဘူးဆိုတာ ပြည်သူတွေအနေနဲ့ ထင်ထင်ရှားရှား သိအောင် သတင်း ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြည်သူလွှတ်တော် မဲဆန္ဒနယ်မြေမှာတော့ ပြည် ခိုင်ဖြိုးပါတီက ဒေါက်တာစိုးမင်းနဲ့ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ဦးတင်ရီတို့ အဓိက ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရ မီဒီယာတွေကနေ မဲဆွယ် စည်းရုံးရေး ဟောပြောချက်တွေကိုတော့ လာမယ့် မတ်လ ၂၂ ရက်နေနဲ့ ၂၄ ရက်နေ့တွေမှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် အန်အယ်လ်ဒီပါတီက ၀င် ရောက် ယှဉ်ပြိုင်မယ့် မဲဆန္ဒ နယ်မြေအားလုံးကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။

No comments: