Saturday, February 25, 2012

ကချင် ဒုက္ခသည်ရန်ပုံငွေ အနုပညာပြပွဲ ရန်ကုန်တွင် ပြုလုပ်မည်

KNG


“SAVE THE WAR VICTIMS” ဟူသောခေါင်းစဉ်ဖြင့် စစ်ဘေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေး အနုပညာပွဲတော်ကို လာမည့် ဖေ ဖော်ဝါရီလ ၂၆ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ပြုလုပ်သွားမည်ဟု သိရသည်။

“ရှမ်းပြည်နယ်မှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ကချင်ပြည်နယ်မှာရှိတဲ့စစ်ပြေးဒုက္ခသည်တွေ သူတို့တွေဆီ မသွားရောက်နို်င်ပေမယ့်လို့ လက်တွေ့ ကူညီရာမှာ ရှိတဲ့အစွမ်းနဲ့ သဲတပွင့်အုတ်တချပ်ပါဝင်ချင်လို့၊ သုတို့နဲ့အတူ ခံစားနေရတာ၊ သတိရနေတာကို ပြချင်လို့ ရည်ရွယ် လုပ်ဆောင်တာဖြစ်တယ်။” ဟု ထိုအနုပညာပွဲတော်အစီအစဉ်တွင် ပါဝင်သူ Ah Lung ပြောသည်။

လူငယ်အနုပညာရှင် နောနော်(Zumzang Dau Dai)နှင့် စန္ဒာ(Sandar) တို့က ၎င်းတို့နီးစပ်ရာ ပန်းချီ၊ ဒီဇိုင်နာ၊ ကဗျာဆရာ၊ စာရေးဆရာ အနုပညာရှင် မိတ်ဆွေများပူးပေါင်း၍ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် စီစဉ် ဆောင်ရွက်ကြ ခြင်းဖြစ် သည်ဟု ဆိုသည်။

ထိုနေ့ နေ့ပိုင်း အစီအစဉ်တွင် ပန်းချီ၊ ဓါတ်ပုံနှင့် အနပညာလက်ရာများ၊ ကဗျာရွတ်ပွဲ၊ ပါဖောင်းမန့်စ်ပြပွဲ၊ တိုင်းရင်းသား လူမှုဘ၀ဇာတ် လမ်း တိုရုပ်ရှင် ၄ ကားများ ပြသသွားမည်ဟု ကြော်ငြာထားသည်။

ဒုတိယပိုင်း ညပိုင်းအစီအစဉ်တွင် နောနော်(blaze)၊ ဂျီလတ်၊ စိုင်းအောင်ထီးခမ်း၊ အောင်းလာ၊ လင်းနစ်၊ ချိုပြုံး၊ ကေဂျာနူး၊ ချစ်သုဝေ၊ ဂီ တမိတ်၊ the Nature, the Myth, the Outsider တို့၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ တိုင်းရင်းသား လူငယ်အဖွဲ့ များ၏ အဆို အက များ ဖြင့် တင်ဆက်သွားမည်ဟု သိရသည်။

ယခုချိန် ၉ လ ကြာ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြား လက်နက်ကိုင်ပဋိပက္ခကြောင့် ရှမ်းပြည်မြောက်ပိုင်းနှင့် က ချင်ပြည်နယ် တွင် ဒေသခံပြည်သူ အနည်းဆုံး ၇၀၀၀၀ အိုးအိမ်စွန့်ခွာခဲ့ရသည်။

ယနေ့ထုတ် မြန်မာအစိုးရသတင်းစာတွင် ရပ်ရွာရွှေ့ပြောင်းရသူ လူဦးရေ ၁၈၀၀၀ ကျော်ကို စခန်း ၆၉ ခု၌ ကချင်ပြည်နယ်အစိုးရက စောင့်ရှောက်ထားရာ ၎င်းတို့အား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP (World Food Program)နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အခြားအစားအစာ များင့် ငွေသားများ ထောက်ပံ့မှုသည် ယခုအချိန်အထိ စုစုပေါင်းငွေတန်ဖိုးအားဖြင့် ကျပ်သိန်း ၂၅၀၀ ခန့်ရှိသည်ဟု ဆိုထားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဆလန်ကဘား ဒွဲပီဆာ က ယခုအချိန် ၎င်းတို့ဒေသရှိ ဒုက္ခ သည် ၄၆၀၀၀ ကျော်အတွက် ငွေသားအားဖြင့် ကျပ်သိန်း ၅၀၀၀ ခန့် အသုံးပြု၍ ကူညီစောင့်ရှောက်ထားသည်ဟု ဆိုသည်။

ထက်ဝက်မှာ KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီသို့ လှူဒါန်းကြသော အလှူငွေများဖြစ်သည်ဟု သိရသည်။ သို့သော် ကုလ သမဂ္ဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အကူအညီများရရှိခြင်း မရှိဟု ဆိုသည်။

မြန်မာနိုင်ငံတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းများသည် KIO ဒေသရှိဒုက္ခသည်များကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်း၌ တစ်ကြိမ် လာ ရောက်ကူညီနိုင်ခဲ့သေးသည်။

နှစ်ဖက်စစ်ရေးအရှိန်များကို ထိန်းသိမ်းသွားရန် ဇန်န၀ါရီလတွင် နောက်ဆုံးအကြိမ်ပြုလုပ်သည့် တရုတ်နိုင်ငံ ရွှေလီမြို့ ဆွေးနွေးပွဲအပြီး ကြေညာချက် ထုတ်ပြန်ထားသည်။

No comments: