ကိုထွေး
ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP)က ဦးဆောင်ပြီး ရခိုင်ပြည်နယ်မှာ လျှပ်စီးမီးရရှိရေး လှုပ်ရှားမှုကို ရန်ကုန်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ကနေ ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေ နိုင်ငံရပ်ခြားကို တင်ပို့ ရောင်းချခဲ့ပေမယ့် ရခိုင်ပြည်သူတွေက တစုံတရာ အကျိုးခံ စားခွင့် မရတဲ့အတွက် ဒီလှုပ်ရှားမှုကို လုပ်ဆောင်ရတာလို့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP)က အထွေထွေ အတွင်းရေးမှူး ဦးလှစောက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့နိုင်ငံမှာ သဘာဝဓာတ်ငွေ့တွေ ရှိတယ်။ ဒါတွေကို နိုင်ငံတကာကို အရင်တုန်းက စစ်အစိုးရက ရောင်းခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ အခုထက်ထိ လွှတ်တော်မှာလည်း မေးခွန်းတွေ မေးခဲ့ကြပြီးပြီ။ တရားဝင်အနေနဲ့ ပါတီက မူဝါဒတွေအနေနဲ့လည်း ပြောခဲ့ပြီးပြီ။ ကျနော်တို့ ရခိုင်ပြည်သူတွေဟာ ဘာခံစားခွင့်မှ မရဘူးဆိုတဲ့ဟာ ဖြစ်နေတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က လွတ်လပ်ရေးရလာတာ နှစ်ပေါင်း ၆၀ ရှိပြီ ခုထက်ထိ ရခိုင် ကျေးရွာတွေမှာ လျှပ်စစ်မီးဆိုတာကို မမြင်ရဘူး။ မီးခွက်တွေ မှိတ်တုတ်မှိတ်တုတ်နဲ့ပဲ နေခဲ့ရတယ်။ အဲဒီတော့ မြန်မာပြည်မှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုရင် ဒီတိုင်းရင်းသား ပြဿနာတွေထဲမှာ တိုင်းရင်းသားတွေ ရဲ့ ကျေးလက်ဖွံ့ဖြိုးမှု ပြဿနာ၊ တန်းတူရေး ပြဿနာတွေ အပါအဝင် ဒီလျှပ်စစ်မီး ရရှိရေးဆိုတာ ပြဿနာ ပေါင်းစုံရဲ့ တခုပေါ့။ အဲဒါကို ကျနော်တို့က ဒီဗမာပြည်မှာ ရှိတဲ့ နိုင်ငံရေးပါတီတွေ၊ တခြားမီဒီယာ အင်အားစုတွေ၊ နိုင်ငံတကာမှာရှိတဲ့ တခြားဒီမိုကရေစီ စိတ်ဝင်စားတဲ့သူတွေ အားလုံးကို သိစေချင်တာကြောင့် ရန်ကုန်မှာ ကန်ပိန်းတခုအနေနဲ့ စာတမ်းဖတ်ပွဲ လုပ်တယ်။”
ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ ရွှေဂုံတိုင်က ‘ပျို့’ ရိုးရာစားသောက်ဆိုင်မှာ ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်တာဖြစ်ပြီး ရခိုင်တိုင်းရင်းသားဝန်ကြီးတွေ အပါအဝင် ရခိုင်ခေါင်းဆောင်တွေ တက်ရောက် ဟောပြော ဆွေးနွေးခဲ့ကြပါတယ်။
RNDP က ဒု-ဥက္ကဋ္ဌလည်းဖြစ် လျှပ်စစ်အင်ဂျင်နီယာလည်းဖြစ်သူ ဦးတင်ဝင်း ကတော့ ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရေး စာတမ်းကို ဖတ် ကြား သွားတယ်လို့ သိရပါတယ်။
တိုင်းရင်းသားဒေသက ထွက်ရှိတဲ့ သံယံဇာတတွေကို တိုင်းရင်းသားတွေ အနေနဲ့ တစုံတရာ ခံစားပိုင်ခွင့်ရှိရေး ဥပဒေအရ ပြဌာန်းဖို့ လို သလို ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ ဓာတ်ငွေ့ကို ရခိုင်ပြည်သူများ ခံစားခွင့်မရတာဟာလည်း တရားမျှတမှု မရှိဘူးလို့ ဦးလှစောက ပြောပါ တယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော် အစည်းအဝေးတွေမှာ ရခိုင်အမတ်တွေက ဆွေးနွေးခဲ့ကြပေမယ့် တိကျရေရာတဲ့ အဖြေမရသလို ပထမ အကြိမ် မေးခွန်းတွေ တင်သွင်းစဉ်ကလည်း အပယ်ခံရ ဖူးပါတယ်။
အခုပြုလုပ်တဲ့ ရခိုင်ပြည် မီးလင်းရေးလှုပ်ရှားမှုကနေ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေး တောင်းဆိုချက်တွေကို ပြည်တွင်းပြည်ပက အင်အားစုတွေ သဘောပေါက်ပြီး အစိုးရရဲ့ မူဝါဒတွေ အလှည့်အပြောင်းဖြစ်စေဖို့ တွန်းအား ဖြစ်စေလိမ့်မယ်လို့ ရခိုင်ပြည်နယ်အရေး လှုပ် ရှားသူတွေက ပြောပါတယ်။
No comments:
Post a Comment