Monday, February 27, 2012

သံတွဲစည်ပင် မီး​ဘေး​သင့်​ ​ဈေး​သည်များ​ကို ဖယ်ရှား

နော်နိုရင်း

ဒီလအ​စောပိုင်း​က သံတွဲမြို့​ ဒွါရာဝတီ​ဈေး​မီး​လောင်မှုမှာ ဆိုင်ခန်း​ဆုံး​ပါး​ခဲ့​လို့​ တဲထိုး​ရောင်း​ချ​နေတဲ့​ ​ဈေး​သည်​တွေကို စည်ပင်သာယာက ဖယ်ခိုင်း​လို့​ အခက်အခဲကြုံ​နေကြပါတယ်။

ဒီ​နေ့​ ဒု-သမ္မတ သီဟသူရ တင်​အောင်မြင့်​ဦး​ လာ​ရောက်တဲ့​အတွက် လူကြီး​လမ်း​ကြောင်း​ ရှိလို့​ဆိုပြီး​ ​ဈေး​သည်​တွေရဲ့​ ယာယီတဲကို မ​နေ့​ညက ဖျက်တာလို့​ သံတွဲမြို့​ခံက ​ပြောပါတယ်။

“ဒု-သမ္မတ သီဟသူရတင်​အောင်မြင့်​ဦး​လာမယ်ဆိုပြီး​ စည်ပင်က သံတွဲ ဒွါရာဝတီ တံတား​ဦး​မှာ ရှိတဲ့​ ပျံကျ ယာယီ​ဈေး​မှာ ​ဈေး​သည်​တွေ က ကိုယ့်​အစီအစဉ်နဲ့​ကိုယ် ရုံ​လေး​တွေထိုး​ပြီး​တော့​ တာ​ပေါ်လင်အမိုး​လေး​တွေနဲ့​ လုပ်ထား​တာကို မ​နေ့​ညက လူကြီး​ခရီး​စဉ် ရှိတယ်ဆိုပြီး​တော့​ ​ဈေး​သူ​ဈေး​သား​တွေကို ​ပြောကြား​ခြင်း​ မရှိဘဲနဲ့​ အား​လုံး​ကို ဖျက်ပြီး​တော့​ သစ်​တွေ၊​ဝါး​တွေ ပုံထား​တယ်။ ​ဈေး​သူ​ဈေး​သား​တွေမှာ အခက်အခဲ​တွေနဲ့​ ရင်ဆိုင်​နေရပါတယ်။ တချို့​က အိမ်ဆိုင်​တွေ ဖွင့်​ထား​တာဆို​တော့​ ပြသာနာမရှိပါဘူး​။ ကျ​နော်တို့​ပြောချင်တာက​တော့​ ပြည်သူလူထု​တွေရဲ့​ အခက်အခဲ​တွေကို လျစ်လျူရှုပြီး​တော့​ ပြည်သူလူထုအတွက် ဘာမှမစဉ်း​စား​ဘဲနဲ့​ ဒီလိုလုပ်တာဟာ အ​တော်​လေး​ မြင်မ​ကောင်း​ပါဘူး​။”

ဒု-သမ္မတ ဦး​တင်​အောင်မြင့်​ဦး​က မီး​ဘေး​သင့်​ဈေး​သည်​တွေကို လာ​ရောက်ကြည့်​ရှုဖို့​ဆို​ပေမယ့်​ အခုလို တဲဖျက်ပြီး​ ဖယ်ခိုင်း​တာ​ကြောင့်​ ဒီလုပ်ရပ်ဟာ ​ဈေး​သည်​တွေအ​နေနဲ့​ ဒုသမ္မတနဲ့​ ​တွေ့​ခွင့်​ ပိတ်ပင်ခံရတာဖြစ်သလို ​ဈေး​သည်​တွေရဲ့​ အခက်အခဲကိုလည်း​ တင်ပြနိုင်ခွင့်​မရ​တော့​တဲ့​ အ​ခြေအ​နေ ဖြစ်တယ်လို့​ ဆိုပါတယ်။

ပြီး​ခဲ့​တဲ့​ ၁၁ ရက်​နေ့​က မီး​လောင်ကျွမ်း​မှုမှာ ဆိုင်ခန်း​ပေါင်း​ ၇၄၀ ​လောက် ​လောင်ကျွမ်း​သွား​ခဲ့​ပါတယ်။ မီး​ဘေး​သင့်​ ​ဈေး​သည်​တွေကို ​ဘောလုံး​ကွင်း​ဟောင်း​မှာ ယာယီ​ဈေး​ ​ဆောက်​ပေး​ဖို့​ဆိုပြီး​ သက်ဆိုင်ရာက ဆိုင်ခန်း​တခန်း​ကို တသိန်း​ ​တောင်း​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ယာယီ​ဈေး​ဆိုင်ခန်း​တွေ မပြီး​သေး​တဲ့​အတွက် ​ဈေး​သည်​တွေဟာ ကိုယ့်​အစီအစဉ်နဲ့​ကို လွတ်တဲ့​နေရာမှာ တဲထိုး​ပြီး​ ​ဈေး​ရောင်း​နေကြ တာပါ။

No comments: