Wednesday, February 29, 2012

KIO ရှိ ကချင်ဒုက္ခသည် ကူညီရေးကိစ္စ ကုလနှင့် မြန်မာအစိုးရ ညှိနှိုင်းနိုင်

KNG


KIO ကချင်လွတ်မြောက်ရေးအဖွဲ့ဒေသရှိ စစ်ပြေးဒုက္ခသည်များထံသို့ လူသားချင်းစာနာသည့် အကူအညီ ပေးနိုင်ရန် မြန်မာအစိုးရနှင့် သ ဘောတူညီမှုရရှိထားသည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ ဗီဂျေနမ် ဘီးယား (Mr. Vijay Nambiar) က ဖေဖော်ဝါရီလ ၂၄ ရက်က ပြောဆိုလိုက်သည်။

၎င်းသည် ကုလ၀န်ထမ်း လေးဦးပါအဖွဲ့ငယ်ကို KIO ဗဟိုဌာနချုပ် လိုင်ဇာဒေသို့သွားရောက်ကူညီရန် မြန်မာအစိုးရကခွင့်ပြုခဲ့ပြီး နှစ်လ အကြာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်ကြာခရီးစဉ်အတွင်း ကုလအထူးသံတမန်က မြန်မာအစိုးရနှင့် ယင်းသို့ ကူညီရန် ညှိနှိုင်း နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မည်သည့်အချိန်တွင် ဒုက္ခသည် ၄၅၀၀၀ ကျော်ရှိ KIO ဒေသသို့ ကုလအကူအညီများရောက်ရှိလာမည်ကို မသိရသေးပေ။

မြန်မာအစိုးရက ၎င်းတို့အကူအညီများပါ ပေါင်းထည့်လို

ကုလအကူအညီညှိနှိုင်းမှု ကြန့်ကြာနေရခြင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီ၏ တောင်းဆိုချက်ကြောင့် ဖြစ်သည်ဟု မစ္စတာ နမ်ဘီးယား (Mr. Vijay Nambiar) က Inner City Press မှ Matthew Russell Lee ၏ မေးမြန်းချက်ကို ဖြေဆိုထားသည်။

“အခက်အခဲနည်းနည်းရှိနေတာက အစိုးရကသူတို့ အကူအညီပါ တပါးထဲ ပါဝင်စေချင်တယ်” ဟု ဆိုသည်။ “ဆက်ပြီးညှိနှိုင်းနေတယ်။ အ စိုးရနဲ့ ကုလအကူအညီတွေကို နယ်စပ်ဆီ တပါးထဲ သယ်သွားစေချင်တော့ နဲနဲ ပြဿနာရှိတယ်။ ဒါက အစိုးရအကူအညီကို လက်မခံ ရင် ပြန်သယ်လာဖို့ရှိပြီး။ ကုလအကူအညီတော့ လက်ခံဖို့ရှိတယ်။” ဟု သူ ဆက်ဆိုသည်။

ထိုဒီဇင်ဘာ ၁၂ ရက်ကုလခရီးစဉ်တွင် KIO က မြန်မာအစိုးရက ပေးပို့လာသည့်အကူအညီများကို လက်မခံခဲ့ပါ။ ဒုက္ခသည်များထံသို့ အ စိုး ရ၀ါဒ မသက်ရောက်စေလိုသည့် အတွက် ဖြစ်သည်ဟု သိရသည်။

မစ္စတာနမ်ဘီးယား (Mr. Vijay Nambiar) တွေ့ဆုံခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးကောင်စီတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် စစ်အရာ ရှိ ဟောင်းများ အများအပြားပါဝင်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီတို့နှင့် အပစ် ခတ်ရပ်ဆိုင်းရေးကို ရထားဝန်ကြီး ဦးအောင်မင်း အဖွဲ့ဖြင့် ဆွေးနွေးရ၍ အလားတူကိစ္စရပ်အတွက် KIO သည် ဗိုလ်ချုပ် မှူးကြီး ဟောင်း သန်းရွှေ သစ္စာတော်ခံ သီးခြား လွှတ်တော်ကော်မတီတရပ်နှင့် ဆွေးနွေးရသည်။

၎င်းကော်မတီကို စက်မှု-၁ ၀န်ကြီးဟောင်း ဦးအောင်သောင်း ဦးဆောင်သည်။ သူသည် စစ်ဗိုလ်ဟောင်းဖြစ်ကာ၂၀၀၃ ခုနှစ်၌ ဒေါ်အောင် ဆန်းစုကြည်ယာဉ်တန်းကို တိုက်ခိုက်ခဲ့သည့် ဒီပဲယင်းလူသတ်ပွဲအား ပုံဖော်သူများထဲမှ တစ်ဦးဖြစ်သည်ဟုဆိုသည်။

၎င်းအား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့်နီးစပ်ကာ သဘောထားတင်းမာသူအဖြစ် ယူဆကြသည်။

တိုးလာသည့် ကချင်စစ်ပြေးဒုက္ခသည်များနှင့် ကုလသမဂ္ဂ

၉ လ ကျော်လာသည့် မြန်မာအစိုးရနှင့် KIO ကြားတိုက်ပွဲသည် မြန်မာနိုင်ငံအတွက် နှစ် ၂၀ အတွင်း အဆိုးဆုံး လက်နက် ကိုင်ပဋိပက္ခ ဖြစ်သည် ဟု မြန်မာ့အရေးလေ့လာသူများကဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ရပ်ရွာစွန့်ခွာကြရသူအများစု (လူဦးရေ ၆၀၀၀၀) မှာ ကုလသမဂ္ဂလူသားချင်းအကူအညီများနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။

UNHCR (ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး)၊ UNOCHA (ကုလသမဂ္ဂလူသားချင်းစာနာမှု အကူညီပေးရေးအဖွဲ့)၊ WFP (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) တို့သည် မြန်မာနိုင်ငံတွင်းရှိနေသော်လည်း ဒုက္ခသည် အများစုရှိနေသည့် KIO ဒေသထဲ အကူအညီ မပေးပို့နိုင်ကြပါ။

ခြွင်းချက်အနေဖြင့် ဒီဇင်ဘာလတွင် အကူအညီအနည်းငယ်ဖြင့် ကုသမဂ္ဂ၀န်ထမ်း ၄ ဦးပါ အဖွဲ့ KIO ဒေသသို့ သွားရောက်လေ့လာခဲ့သည်။

အမျိုးမျိုးသော ကုလသမဂ္ဂအဖွဲ့အစည်းများမှာ မြန်မာအစိုးရနယ်မြေထဲရှိ ဒုက္ခသည်အနည်းစုကိုသာ ကူညီနိုင်ခွင့်ရှိနေသည်။ မြန်မာ အစိုး ရလက်အောက်ရှိ စခန်းများသည် KIO ဒေသရှိ စခန်းများထက် အခြေအနေသာလွန်သော်လည်း ဒုက္ခသည်အများစု လူဦးရေ အနည်းဆုံး ၄၅၀၀၀ မှာ KIO ဒေသသို့ရောက်ရှိနေကြသည်။

နောက်ထပ် ဒုက္ခသည်ထောင်ချီမှာ ပိုပြီး အခြေအနေဆိုးရွားသည့် တရုတ်ဖက်ခြမ်း ယာယီတဲစခန်းများတွင် နေထိုင်နေကြသည်။

“ကုလသမဂ္ဂက လာကြည့်သင့်တာပေါ့။ ဒီမှာ ကျွန်တော်တို့ ဘယ်လောက်ထိ ခံစားနေရတယ်ဆိုတာလေ။ မလွယ်ဘူး။” ဟု ကချင်ပြည် နယ်၊ ဗန်းမော်ခရိုင်ရှိ မိုင်ဂျာယန်အနီး တရုတ်နယ်စပ် စခန်းတစ်ခုရောက် အသက် ၆၀ အရွယ် ကချင်လယ်သမားတစ်ဦး ကချင် သတင်း ဌာနသို့ပြောသည်။

No comments: