Wednesday, February 29, 2012

ပင်လုံစိတ်ဓါတ်ဖြင့် စစ်မှန်သည့်ပြည်ထောင်စု ထူထောင်ရန် ဒေါ်စု ပြော

KNG


ပင်လုံစိတ်ဓါတ်ဖြင့် စစ်မှန်သည့်ဒီမိုကရေစီပြည်ထောင်စု ထူထောင်သွားရန် အဓိကရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါဝင်ယှဉ်ပြိုင်ရခြင်းဖြစ်သည်ဟု ဖေဖေါ်ဝါရီ ၂၄ ယနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် မဲဆွယ် တရားဟောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောသည်။

“ကျွန်မတို့အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ရွေးကောက်ပွဲမှာပါဝင်မယ်လို့ ဆုံးဖြတ် လိုက်ရသည့် အဓိက အကြောင်းရင်းတစ်ခု ကတော့ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုတစ်ခုအနေနဲ့ ထူထောင်နိုင်ဖို့ပါ။ အဲဒီလို ထူ ထောင် တဲ့အခါမှာ ပင်လုံစိတ်ဓါတ်ကို အခြေခံသွားမှာဖြစ်ပါတယ်။” ဟု စီတာပူ မနောကွင်း လူထုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသည်။

စစ်မှန်သောပြည်ထောင်စုထူထောင်ရန်လိုလားသည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅) ရက် (၅၂) မြောက် ကချင်တော်လှန်ရေးနေ့တွင် ကြေငြာထားသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘာ လာနန်ကို ၎င်းနှင့် ပတ် သက်၍ အမြင်ကို ဆက်သွယ်မေးမြန်းထားပါသည်။

“ပင်လုံစိတ်ဓါတ်ဆိုတာထက် ပင်လုံဂတိဂ၀တ်လို့ KIO ကသုံးတယ်။ ပင်လုံ ဂတိဂ၀တ်က ပင်လုံတစ်ခုဖြစ်လာဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကချင်ခေါင်းဆောင်များ အကြိမ်ကြိမ်တွေ့ဆုံပြီး ဂတိတွေပေးထားတာတွေရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပင်လုံစိတ်ဓါတ်က ဘယ်လို အဓိပ္ပါယ်ဖွင့်ထားတယ်ဆိုတာကို ငါတို့မသိနိုင်ဘူး။ ဒါမဲ့ သူဒီလိုပြောတာ ကောင်းတဲ့အရာဖြစ်တယ်။ ဝေဖန်သုံးသပ်စရာမရှိဘူး” ဟု ကချင်သတင်းဌာန သို့ ပြောသည်။

နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ပြဋ္ဌါန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အတွင်း နယ်ခြားစောင့်တပ်အသွင်ဖြင့် ၀င်ရောက်ရန် KIO က လက်မခံသဖြင့် ၁၇ နှစ်တာ အပစ် အခတ် ရပ်ဆိုင်းခဲ့ရာမှ ပြီးခဲ့သည့်နှစ် ဇွန်လမှ တိုက်ပွဲများဖြစ်လာသည်။

၎င်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကချင်ပြည်နယ်မှာ အပစ်အခတ်ရပ်ဆိုင်းရေးဆိုတာ နှစ်နဲ့ချီပြီးရှိခဲ့တာပဲ ဒါပေမဲ့ အပစ် အ ခတ်ရပ်ဆိုင်းရေးဆိုတာဟာ တကယ့်ငြိမ်းချမ်းရေးအတွက် ပထမ ခြေလှမ်းပဲဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲလိုက်ရုံနဲ့ ငြိမ်းချမ်းရေး မရပါ ဘူး။ အရေးကြီးတာက နိုင်ငံရေးအရ သဘောတူညီချက်ရမှ ကျွန်မတို့နိုင်ငံဟာ အေးချမ်းမှာ။” ဟု ဆိုသည်။

သမ္မတဦးသိန်းစိန်အစိုးရနှင့် KIO ကြား ဇန်န၀ါရီလ ၁၈-၁၉ တွင် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ်သည့် နောက်ဆုံးတွေ့ဆုံပွဲအထိ နိုင်ငံ ရေးအဖြေရှာနိုင်ခြင်းမရှိသေးပါ။ ထို့နောက် နှစ်ဖက်ကြား တိုက်ပွဲပေါင်း ၉၄ ပွဲ ဆက်လက်ဖြစ်ပွားနေကာ ထပ်မံဆွေးနွေးသွားကြရန် ရှိ သော်လည်း တွေ့ဆုံရန်နေရာအတွက် နှစ်ဖက် သဘောတူညီချက်မရရှိကြသေးဟု သိရသည်။ မြန်မာအစိုးရက မူဆယ်၊ လားရှိုး၊ မန္တ လေး၊ မြစ်ကြီးနားမြို့တို့တွင် ဆွေးနွေးလို၍ KIO က ကြားနေနိုင်ငံတစ်နိုင်ငံတွင် ဆွေးနွေးလိုသည်။

“နိုင်ငံရေးအရ သဘောတူညီမှုရဖို့ ဆိုတာဟာ ဆွေးနွေးပြီးတော့လုပ်ယူရမှာ။ တိုက်ခိုက်ပြီးတော့ လုပ်ယူလို့မရပါဘူး။” ဟု လာမည့် ရွေး ကောက်ပွဲတွင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ပြည်သူ့လွှတ်တော် အတွက် အရွေးခံမည့် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စု ကြည် ပြောသည်။

ယမန်နှစ်က ဇူလှိုင်လက (၁) သမ္မတဦးသိန်းစိန်၊ (၂) ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ (၃) ကရင်အမျိုးသားအစည်းအရုံး (KNU)၊ (၄) မွန်ပြည်သစ်ပါတီ(NMSP)၊ (၅) ရှမ်းပြည်တပ်မတော် (SSA) သို့ လိပ်မူ၍ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပံ့ပိုး နိုင်ရန်အတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းပေးရန်အသင့်ရှိကြောင်း ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အိတ်ဖွင့် ပေးစာ ပေးပို့ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ်အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် အာဏာလွှဲပြောင်းခံရခြင်းမရှိဘဲ နှစ် ၂၀ ကျော် မြန်မာစစ်အစိုးရမှ ဖိနှိပ်ခံရသည်။ ထို့နောက် ပေါ်ပေါက်လာ သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကန့်ကွက်၍ ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခြင်းမပြုခဲ့ပါ။ သို့သော် ယခုလာမည့် ဧပြီ ၁ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ် ပါလီမန် ရွေး ကောက် ပွဲတွင် လစ်လပ် နေရာ ၄၈ ခုလုံးတွက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

No comments: