ဒေါက်တာညို
နွေရာသီ ကျောင်းပိတ် ရက်တ နေ့ပါ။ အဲဒီ နေ့က အမေ ဘုန်းကြီးကျောင်း ဥပုသ် သွားစောင့် တယ်။ အဖေနဲ့ ကျနော်တို့ ခြံထဲ ဆင်းပြီး အလုပ် လုပ်ကြ တယ်။
တကယ်တော့ ကျနော်က ဘာမှ သိပ်မလုပ် ပါဘူး။ အဖေ ကသာ အဓိက ခြံရှင်းလင်း ရေးတွေ လုပ်တယ်။ သစ်ပင် အောက်က သစ်ရွက်တွေကို ကျနော် လှဲ တယ်။ အဖေက သစ်ကိုင်း ခြောက်တွေကို စုတယ်။ နောက် အဖေက တွင်းတခု တူးပြီး သစ်ရွက်တွေ၊ မြက်ခြောက်တွေ၊ သစ်ကိုင်း ခြောက်တွေကို ပုံပြီး ထည့်တယ်။
“အဖေ မီးမရှို့ ဘူးလား။” “ဟင့်အင်း၊ သစ်ဆွေး တွေဟာလည်း မြေဩဇာ လုပ်လို့ ရတာ ပဲ။”
ကျနော်တို့ မွန်ပြည် နယ်က လူတွေဟာ သစ်ဆွေး တွေကို မြေကြီး နဲ့အတူ မီးရှို့ကာ မြေကျက် လုပ်ကြ တယ်။ မြေကျက် ဆိုတာ မြေဩ ဇာပဲလို့ သူတို့ ဆိုကြ တယ်။ တကယ်လည်း မြေကျက် ဆိုတာ အရွက် တွေကို မီးရှို့တဲ့ အတွက် အဲဒီ သစ်ရွက် တွေက လောင်ကျွမ်းပြီး ထွက်လာ တဲ့ ပြာအ များစုဟာ Mineral (သတ္တု အောက်ဆိုဒ်) တွေ ဖြစ်တယ်။ သစ်ပင် အတွက် အသုံး ဝင်တယ်။ နောက်တ ခုက အပင် ကိုဖျက်တဲ့ ပိုးတွေ၊ ခြတွေဟာ မြေကြီး မီးဖုတ် လိုက်ရင် သေကုန်တယ်။ ဒါကြောင့် မြေကျက်ကို မွန် ဒေသက လူတွေ ကြိုက်ကြ တယ်။
သို့သော် ဒီမြေကျက်ဖုတ်တဲ့အခါ မြေဆီလွှာတွေပျက်တယ်။ နိုက်ထရိုဂျင် ဒြပ်ပေါင်းတွေ ပျက်စီးတယ်။ နိုက်ထရိုဂျင်ထုတ်ပေးတဲ့ ဘက်တီးရီးယားတွေလည်း သေတယ်။ မြေကြီးကိုပွစေတဲ့ တီကောင်တွေ တီဥတွေလည်း သေကြတယ်တဲ့။ ဒီတော့ သဘာဝ မြေဆွေး လုပ်တဲ့နည်းကို သဘောကျတယ်လို့ အဖေက ပြောတယ်။
အဖေရဲ့ညီ (ကျနော်တို့ ဦးလေး) ဟာ စိုက်ပျိုးရေးအရာရှိပါ။ အဖေက ဦးလေးကို လေးစားပါတယ်။ ဦးလေးက ရန်ကုန်ရုံးချုပ်မှာ ရုံးထိုင် တယ်။ အဖေက ဦးလေး ဘီလူးကျွန်းကိုလာရင် စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတတ်တယ်။ ဦးလေးက သစ်တောပြုန်းတီးတဲ့အကြောင်းကို ပြောတယ်။ တောမီးတွေကြောင့် သဘာဝတွေ ပျက်တယ်ပြောတော့ အဖေက ရယ်တယ်။
အဖေက “တောမီးလောင်တာဟာ သဘာဝပဲ” လို့ ပြောတော့ ဦးလေး ခေါင်းညိတ်တယ်။
“အရင်ကတော့ ဟုတ်ပါတယ်။ တို့မသိတာတွေ အများကြီးပဲကွ။ မြစ်ရေကြီးတာလည်း ချိန်ခွင်ညှာထားတဲ့ သဘာဝပဲ” အဲဒီတုန်းက အဖေ တို့ပြောတာကို ကျနော် ဘာမှ သိပ်ပြီး နားမလည်ပါ။ အဖေ့ကို သဘာဝအကြောင်းမေးတော့ “သဘာဝဆိုတာ တို့နေ့စဉ် တွေ့နေကြုံနေရ တာတွေကို ချိန်ခွင်လိုညှိထားတာတွေကွ” လို့ ပြောပြတတ်တယ်။
အဖေ့ကို “တောမီးလောင်တာ သဘာဝပဲ” ဆိုတာကို ပြန်ရှင်းခိုင်းတယ်။
ရှေးအခါက သစ်တောတွေထဲမှာ အပင်တွေများလာတယ်။ နောက်ထပ် တိုးပွားလာမယ့် သစ်ပင်ငယ်လေးတွေအတွက် နေရာမရှိတော့ဘူး။ တပင်နဲ့ တပင် ပွတ်တိုက်တယ်။ ပွတ်တိုက်တဲ့အခါ အပူတွေ ထွက်လာတယ်။ မီးတွေပွင့်ပြီး အပင်တွေဟာ မီးလောင်လာတယ်။ ဒီတော့ တခါတခါမှာ တောတတောလုံး ကုန်သွားတဲ့အထိ လောင်သွားတယ်”
“ဆိုးတယ်နော်အဖေ။ သစ်ပင်တွေအားလုံး ကုန်သွားရင် တောကြီး မဖြစ်လာတော့ဘူးပေါ့။” “သစ်ပင်အားလုံး ကုန်မသွားဘူး သားရဲ့။ တချို့တော့ အသက်ရှင်ရပ်တည် ကျန်ရစ်တာပဲ။”
ကျနော် ခေါင်းညိတ်ပါတယ်။ ကျောင်းမှာ ကျနော်တို့ ဇီဝဗေဒဆရာက သဘာဝ မှာ ရွေးချယ်တတ်တဲ့ တရားရှိတယ်လို့ ရှင်းပြခဲ့တယ်။ အ သန်စွမ်းဆုံးသာလျှင် အသက်ရှင်ရပ်တည်မယ့်သဘောကို ပြောတာပါပဲ။
အဖေက ဆက်ရှင်းပြတယ်။ သစ်တောတွေ မီးလောင်တဲ့အခါ အချို့အပင်တွေက ပိုပြီး သန်စွမ်းလာတယ်ကွ။ သူတို့ဟာ လွတ်လွတ် လပ် လပ် ကြီးထွားသန်စွမ်းခွင့် ရလာတယ်။ မြေဩဇာတွေလည်း အပိုင်ရရှိပြီး ကောင်းကောင်း သုံးလာနိုင်တယ်။
“အဖေပြောသလို မဟုတ်ဘဲ မီးဟာ တောက်လျှောက်မရပ်ဘဲ လောင်တာမျိုး မရှိဘူးလား။”
“ရှိတာပေါ့။ ဒါပေမယ့် တတောလုံးတော့ ပြောင်လေ့မရှိပါဘူး။ ဒီလို တောမီးလောင်ရင် ပတ်ဝန်းကျင်မှာ မီးခိုးတွေနဲ့ လူတွေရော၊ တိရစ္ဆာန်တွေပါ ဒုက္ခရောက်တယ်”
“သဘာဝက ထူးဆန်းတယ်နော်”
“အေးကွ။ သဘာဝဆိုတာ သတ္တဝါတမျိုး၊ အပင်တမျိုးအတွက် မဟုတ်ဘူးကွ။ အားလုံးအတွက်ဘဲ။ မသင့်တော်တဲ့ သူတွေ ကမ္ဘာကြီးကနေ ပျောက်သွားတာပဲ။”
“ဦးလေးနဲ့ အဖေတို့ပြောသွားတဲ့ စကားတခုကို သတိရနေတယ်။ ရေကြီးတာ သဘာဝတရားဆိုတာ ကျနော် သဘောပေါက်ပါတယ်။ ဒါပေမယ့် ဘယ်လိုမျိုး ချိန်ခွင်ညှာက ညှိထားတာလဲ။ ကျနော် ရုပ်ရှင်တွေထဲမှာ တွေ့ဖူးတယ်။ မြစ်ရေကြီးလာလို့ ကမ်းနားက အိမ်တွေ ပြို ကျတယ်။ သစ်ပင်တွေ မြစ်ထဲပါသွားတယ်။ လူတွေ၊ တိရစ္ဆာန်တွေလည်း သေတာပဲမဟုတ်လား။
အေး၊ ဟုတ်တယ်လေ။ လူတွေက မြစ်ကမ်းကနေ ဝေးဝေးသွားကြရတယ်။ သူတို့ဟာ မြစ်ကမ်းတွေ မပြိုအောင် ကျောက်တွေ ချတယ်။ သဲအိတ်တွေနဲ့ ကာကွယ်ကြတယ်ပေါ့။ ဒါပေမယ့် မြစ်ရေ တကယ်တမ်းတိုးလာရင် မတတ်နိုင်ကြဘူး။ ကမ်းတွေပြိုတယ်၊ ရေတွေလျှံတော့ တာပဲကွ။ ဥပမာ – အီဂျစ်က နိုင်းမြစ်ဆိုပါတော့။ နှစ်စဉ်လိုလို ရေကြီးတယ်။ ဒီတော့ဘာဖြစ်လဲ။ နိုင်းမြစ်ကမ်းဟာ မြေဩဇာ အင်မတန် ကောင်းတယ်။ စိုက်ပျိုးရေးအတွက် အင်မတန် အရေးကြီးတယ်ကွ။
အဲဒီတုန်းကတည်းက အဖေပြောတဲ့ နိုင်းမြစ်ကို ကျနော် ကြားဖူးခဲ့ပါတယ်။ သဲကန္တာရထဲမှာ ဖြတ်စီးသွားတဲ့ မြစ်ပတ်ဝန်းကျင်ဟာ စိုက်ပျိုးဖြစ်ထွန်းတဲ့ဒေသကြီး ဖြစ်ခဲ့တယ်။
ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ မဲခေါင်မြစ်တို့ဟာ ကျနော်တို့ နိုင်ငံကို စိုက်ပျိုးရေး နိုင်ငံဖြစ်စေတဲ့ အ ချက်တခုပဲလို့ သဘောပေါက်ပါတယ်။
ဥပမာ – မဲခေါင်မြစ်ဆိုပါတော့။ နိုင်ငံငါးနိုင်ငံကို ဖြတ်စီးသွားတယ်။
အဲဒီမြစ်ကို အမှီပြုနေသူတွေဟာ ၆၄ သန်းကျော်ရှိတယ်။ ကျနော်တို့ နိုင်ငံ လူဦးရေလောက်ပဲ ဖြစ်တယ်။ သူတို့ဟာ မြစ်တခိုသာ မှီပြီးနေ ထိုင်ကြတယ်။ ဒါကြောင့်လည်း အရင်ခေတ်က ရေကြည်ရာ မြက်နုရာ သွားရောက် ပြောင်းရွှေ့နေထိုင်ကြတယ်လို့ ဆိုကြတာပဲ။ ကျနော်တို့ ရဲ့ ဘိုးဘွားဘီဘင်တွေ ဒီလို နေကြတာပါပဲ။
အဖေရေ . . . အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်းမှာ ရေကာတာ ဆောက်လိုက်တာကိုရော သိလား။”
အဖေက “သိတာပေါ့ . . . သားရယ်။ အာဆွမ်ဒမ်လို့ ခေါ်တယ်။ ကမ္ဘာ့ဘဏ်က ချေးငွေ ဒေါ်လာဘီလီယံပေါင်းများစွာ ထုတ်ယူပြီး ဆောက်တာပဲ။ ကျွမ်းကျင်သူ ပါရဂူများက ထောက်ခံပြီး အကောင်းဆုံး ဆောင်ရွက်ခဲ့တာပဲ သား။ အဲဒီဆည်ဟာ ကန္တာရအလယ်က အိုအေစစ်လို အကြီးကြီးပေါ့ သား။” အဖေ မဆုံးမီလေးတင် အဖေ့ကို ကျနော် မေးဖူးတာပါ။
အဲဒီဆည်အကြောင်း ကျနော် ပြောချင်လို့ပါ။ “ပညာရှင် (Experts) တွေ မှားသွားတာ အဖေသိလား။” “ဟုတ်လား . . . သား။ ဘယ်လိုဖြစ် တာလဲ” “အဖေပြောသလို မြစ်အပေါ်က ဆည်ဆောက်လိုက်တော့ မြစ်ရေတွေ နည်းသွားတယ်။ ရေမလျှံတော့ နိုင်းမြစ်ဝှမ်းမှာ သီးနှံ ကောင်းကောင်း မစိုက်နိုင်ကြဘူး။ ရေဟာလည်း လိုသလောက် မတက်လာတော့ ရေပေးဝေမှုတွေ နှောင့်နှေးရတယ်။ မြစ်ထဲက ငါးတွေ လည်း ဥမချနိုင်ကြဘူး။”
အဖေ့ကို နိုင်းမြစ်က ဆော်လမွန်ငါးတွေအကြောင်း ပြောပြခဲ့ပါတယ်။
“ဆော်လမွန်ငါးတွေ မြစ်ညာတက် ဥချလို့ မရတော့ဘူးပေါ့ အဖေရယ်။ သူတို့ပြန်စရာ ဘယ်ရှိမလဲ။”
အဖေပြုံးတယ်။
“မင်းက ခင်ဝမ်းရဲ့ပရိသတ်ပဲကိုး။” အဖေ့ကို ကျွန်တော်ခေါင်းညိတ် ပြလိုက်ပါတယ်။
အဖေရေ လောကကြီးမှာ တခါတခါ မှားတာတွေရှိတယ်။ ဒါပေမယ့် သဘာဝနဲ့ ပတ်သက်ပြီး မှားတာဆိုရင်တော့ ပြုပြင်ရခက်တယ်။ ယနေ့ အဖေမရှိတော့ပြီ။
အဖေမရှိတော့ပေမယ့် အဖေပေးတဲ့ သဘာဝအသိတွေ ကျနော့်ကို ဖမ်းစားနေဆဲပါပဲ။
ကျိုတိုဆွေးနွေးပွဲ သဘောတူညီချက် . . .
ကိုပင်ဟေဂင် ဆွေးနွေးပွဲ . . .
နောက်ကင်ကွန်း ဆွေးနွေးပွဲ ..အဖြေရှာညှိနှိုင်းဖို့အတွက် အချိန်သိပ်မရှိတော့ဘူးလေ။
တကယ်တော့ အဖေတို့လက်ထက်က သဘာဝနဲ့ ယနေ့ သဘာဝ . . . ဘယ်လောက် ကွာခြားနေပါသလဲ။ အားလုံးသိကြပါတယ်။ ကာဗွန်ခြေရာ ခံနေကြတယ်လို့ ဆိုတာပါပဲ။ ဒါပေမယ့် လေအေးစက်တွေဖွင့်ကာ စဉ်းစားနေကြတဲ့ အစည်းအဝေးခန်းမတွေက သဘာဝပတ်ဝန်းကျင် အဖြေတွေ ထိရောက်ပါ့မလား။
အင်ဒိုနီးရှားမှာ တောမီးတွေ လောင်နေဆဲပါပဲ။
ကမ္ဘာကြီးပူနွေးလို့ မဲခေါင်မြစ်လည်း ရေနည်းလာသတဲ့။
ဆော်လမွန်ငါးများ ပြန်နိုင်ပါတော့မလား။
No comments:
Post a Comment