နန်းမြနဒီ
နယ်ခြားစောင့် တပ်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ရဲ့ လက်နက်တွေကို ဝင်ရောက် သိမ်းယူတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားပြီး အစိုးရနဲ့ ငြိမ်းချမ်းရေး ပျက်ပြားမလိုဖြစ်ခဲ့ရာက အခု ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ပြေလည်သွားပြီလို့ သိရပါတယ်။
အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်အဖွဲ့ရဲ့ ကြားဝင် ဖျန်ဖြေမှု အပြီးမှာ ဒီကေဘီအေ နဲ့ နယ်ခြားစောင့်တပ်တို့ဟာ ပဋိပက္ခ မဖြစ်ရေး သဘောတူညီမှုတွေ ရရှိခဲ့တာလို့ ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင်က ပြောပါတယ်။
“ငြိမ်းချမ်းရေးယူထားတဲ့ ဒီအချိန်မှာ နိုင်ငံတော်က လစာစားနေတဲ့ စစ်တပ်တခုက ကျနော်တို့ သေနတ်ကို အတင်းအဓမ္မ သိမ်းတယ်ဆိုတော့ ဘယ်ကျေနပ်မလဲ၊ ကျနော်တို့ ပြန်တောင်းတယ်၊ ပထမ တောင်းတာ မရဘူး။ တကယ်ပြန်မပေးရင် ဒီငြိမ်းချမ်းရေးကို တကယ်ပဲ ပြန်ဖျက်သိမ်းမှာပဲ။ ပြန်ပေးတယ်။ ၂၇ လက်ပဲ ပြန်ရတယ်။ ၅ လက်က မြို့ပြသေနတ်တဲ့။ ဒီမြိုင်ကြီးငူထဲမှာပဲ ကိုင်တဲ့သေနတ်ဆိုတော့ ကျေ နပ်တာပေါ့။ နောက်နောင်လည်း လက်နက်ကိုင်တဲ့ နည်းလမ်းနဲ့ မဖြေရှင်းဖို့ လက်မှတ်တွေ ထိုးသွားကြတယ်။”
ကရင်ပြည်နယ် ဘားအံမြို့မှာ ဒီလ ၂၅ ရက်နဲ့ ၂၆ ရက်တွေက တွေ့ဆုံဆွေးနွေးပွဲမှာတော့ နောက်နောင် ပဋိပက္ခ ရှောင်ရှားဖို့အတွက် ဒီကေဘီအေနဲ့ နယ်ခြားစောင့်တပ်တွေ သူ့နေရာ ကိုယ့်နေရာ နယ်မြေချထားရေး၊ မြိုင်ကြီးငူဒေသမှာ ဒီကေဘီအေရော နယ်ခြားစောင့်တပ်ကပါ လက်နက်ကိုင်ဆောင်ခွင့်၊ စစ်ဝတ်စုံနဲ့ သွားလာခွင့်မရှိ၊ ဒီကေဘီအေ ဆက်ဆံရေးရုံးကို ကော့ကရိတ်၊ ဘားအံနဲ့ ကြာအင်းဆိပ်ကြီးမှာ ဖွင့်လှစ်ရေး၊ ဒီကေဘီအေ ကလိုထူးဘော တပ်ဖွဲ့ဝင်တွေရဲ့ စားဝတ်နေရေးကို အစိုးရက ထောက်ပံ့ကူညီရေး စတဲ့အချက်တွေ သဘောတူညီမှုရခဲ့တယ်လို့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။
ဒီတခေါက် တွေ့ဆုံဆွေးနွေးပွဲမှာ ဒီကေဘီအေဘက်က ဗိုလ်မှူးချုပ် စောမိုရှေး ဦးဆောင်တဲ့ အဖွဲ့ဝင်စုစုပေါင်း ၇ ဦး၊ အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင် ဦးအောင်သောင်းနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ စစ်ဘက်ခေါင်းဆောင်တွေ၊ နယ်ခြားစောင့်တပ်ဘက်က အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ဖားနွီး အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၁၁ ဦး ပါဝင် ဆွေးနွေးခဲ့တယ်လို့ ဒီကေဘီအေက ပြောပါတယ်။
ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်တဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)ဟာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းပိုင်းက နှစ်ဘက် အပစ်အခတ်ရပ်ရေး သဘောတူလက်မှတ် ရေးထိုးခဲ့ပါတယ်။
ဒါပေမယ့် ဒီနှစ် ဖေဖော်ဝါရီလလယ်လောက်မှာ အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်ရင်း ၁၀၁၁ နဲ့ ၁၀၁၉ တို့က ဒီကေဘီအေ ထိန်းချုပ်နယ်မြေထဲ ဝင်ပြီး လက်နက်တွေ သိမ်းယူခဲ့ရာက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အပြင် စစ်သည်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။
ဒါကြောင့် ဒီပြဿနာကို အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေက ကြားဝင်ဖြေရှင်းပေးဖို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ဒီကေဘီအေ ဘက်က တောင်းဆိုခဲ့တယ်။ ၂၁ ရက်နေ့မှာ တခါဆွေးနွေးခဲ့ပြီး ပြေလည်မှုမရခဲ့ပါဘူး။ ညှိနှိုင်းမှု မအောင်မြင်ရင် ငြိမ်းချမ်းရေး ပျက်ပြယ် မယ်လို့ ဒီကေဘီအေဘက်က ပြောခဲ့ပါတယ်။
ဒုတိယအကြိမ် ပြန်တွေ့ဆုံတဲ့ ဒီအရေးပေါ် ဆွေးနွေးပွဲမှာတော့ အခုလို သဘောတူညီမှုတွေ ရခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment