အံ့ဘုန်းမြတ်
၂၀၁၀ ရွေးကောက်ပွဲ ကနေ ပေါ်ပေါက် လာတဲ့ လွှတ်တော် အရပ် ရပ်က ဖွဲ့စည်း ပေးလိုက်တဲ့ သမ္မတ ဦးဆောင်တဲ့ အစိုးရ အဖွဲ့ အနေနဲ့ ငွေတကျပ် ကိုမှ ဥပဒေမဲ အသုံးမပြုဖို့ အမျိုးသား လွှတ်တော်ရဲ့ အစိုး ရရဲ့ အာမခံ ချက်တွေ၊ ကတိ တွေနဲ့ တာဝန်ခံ ချက်တွေ စိစစ်ရေး ကော်မတီက သတိပေး ပြောကြားလိုက်ပါ တယ်။
ဒီ ကော်မ တီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ၁၄ ရက်မြောက် ပြည်ထောင်စု လွှတ်တော် အစည်း အဝေး အတွင်း ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေး အတွက် နောက်ဆုံး ပြုပြင်ပြီး ဘဏ္ဍာ ငွေခွဲ သုံးဆွဲရေး ဆိုင်ရာ ဥပဒေ ကြမ်းကို မဲခွဲ ဆုံးဖြတ် အပြီး အစိုးရ အဖွဲ့ကို သတိပေး ပြောကြား လိုက်တာ ပါ။
လွှတ်တော်က ဥပဒေပြု မပြ ဌာန်းခင် အစိုးရ အဖွဲ့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျော်လွန်ပြီး တိုင်းပြည် ဘဏ္ဍာငွေကို အသုံး မပြုဖို့ သ တိပေး ပြောကြား လိုက်တာ လည်း ဖြစ်ပါ တယ်။
“ဥပဒေ မပြဌာန်းရဘဲနဲ့ ဥပဒေမဲ့ ဘတ်ဂျတ်ကို တကျပ်သုံးစွဲလျှင် ဥပဒေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြီးကာမှ သုံးမိတဲ့ ငွေစာ ရင်း ဖြစ်သွားပါလိမ့်မယ်။ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ ကဏ္ဍ။ အဲဒီတော့ ပြည်ထောင်စုအစိုးရ ဝန်ကြီးအဖွဲ့ဝင်ပဲ ဖြစ်ဖြစ်၊ နိုင်ငံတော်သမ္မတကြီးပဲ ဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ထိန်းရိုသေလိုက်နာပါမယ်ဆိုပြီး ကျန်းကျိမ်ထားတာ ရှိပါတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၂၀ နဲ့ စီမံကိန်းတွေကို တင်ပါ။ စိစစ်ပါလို့ ကျနော်တို့ကို တာဝန်ပေးထားတယ်။ အဲဒီလိုပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကပဲ ကျနော်တို့ကို အပ်နှင်းထားတဲ့ တာဝန်အရ ကျနော်တို့ လွှတ်တော်က အတည်မပြုရင်၊ အဆိုပြုတဲ့ ဥပဒေတခုက ဥပဒေ မပြဌာန်းပြီးခင်မှာ ငွေတကျပ်ကိုမှ မသုံးစွဲမိဖို့ အင်မတန်မှ အရေးကြီးပါတယ်။”
လက်ရှိ အခြေအနေမှာတော့ သမ္မတရုံးဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေဟာ အရင် စစ်အုပ်ချုပ်ရေးတုန်းက လိုပဲ အသုံးစရိတ် ဘတ်ဂျက်တွေကို ကြိုတင် အသုံးပြုတာတွေရှိနေပြီး ဒါတွေ ပြောင်းလဲဖို့ လိုတယ်လို့လည်း ဒေါက်တာအေးမောင်က ထောက်ပြဝေဖန်ထားပါတယ်။
“အခု ကျနော်တို့ကြည့်ရတာက ကြိုတင် သုံးနှင့်ပြီးသားတွေ ဆိုတော့ ဟိုတုန်းကပုံစံလေးတွေ မပျောက်သေးဘူး ဖြစ်နေတယ်။ ကြိုတင် မသုံးမိဖို့ လိုတယ်။ အဲဒီလို ကြိုတင်မသုံးမိဖို့အတွက် အချိန်မီ ဥပဒေကြမ်းကို တင်ပြီးကာမှ ဥပဒေပြဌာန်းပြီးမှ သုံးစွဲရအောင် အလုပ်လုပ်ဖို့တော့ လိုတာပေါ့ အစိုးရအဖွဲ့မှာ ဘတ်ဂျက်ကို ကြိုတင်ပြီးသား ဖြစ်နေပါပြီ။ အတည်ပြုပေးပါဆိုရင် ကျနော်တို့ လွှတ်တော်က အစိုးရအဖွဲ့ရဲ့ နောက်လိုက်ပဲ ဖြစ်သွားမှာပေါ့။ အဲတော့ အစိုးရအဖွဲ့က အစိုးရအဖွဲ့လို သွားရမယ်။ လွှတ်တော်က လွှတ်တော်ရဲ့ လမ်းကို မားမားမတ်မတ် ရပ်တည်ရမယ်။ ဒီလိုမျိုး ဖြစ်မှ ကျနော်တို့နိုင်ငံက လူထုက ယုံကြည်တဲ့ ပန်းတိုင်ကို ရအောင်သွားနိုင်မှာကိုး။ check in balance ဆိုတာ လည်း အဲဒီကျမှ ပီပြင်လာမှာပေါ့။”
ဒီလိုသာ သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ လွှတ်တော်အကြား အားပြိုင်မှုတွေ ရှိလာခဲ့ရင်လည်း နောက်ဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှာ တွေ့ကြရမှာလည်း ဖြစ်ပါတယ်။
ဒေါက်တာအေးမောင်က “နောက်ဆုံး မပြေလည်မှု များလာရင် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို ရောက်သွားမှာပေါ့။ ခုနလို ဘတ်ဂျတ်ကို ကြိုတင် သုံးစွဲခွင့်ရှိလား။ သုံးစွဲပြီးပြီဆိုရင် ဒါနဲ့ ပတ်သက်တဲ့ ခုံရုံးကို မေးရတော့မယ်။ သုံးတဲ့ကိစ္စဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ သုံး စွဲ တာ ဟုတ်မဟုတ် ခုံရုံးကို မေးရင် ပြည်ထောင်စုအဆင့်က ပုဂ္ဂိုလ်တွေကို သုံးတာ ဟုတ်မဟုတ် ဆိုပြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်က ခုံရုံးမှာ ပြန်ပြီး ရင်ဆိုင်ကြဦးမှာပေါ့ဗျာ။ ကျနော်တို့နဲ့ အစိုးရအဖွဲ့နဲ့က အားပြိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့က ပြည်သူတွေကိုယ်စား ဥပဒေကြောင်းအရ သွားတဲ့ အစိုးရအဖွဲ့တခု ဖြစ်အောင် ဖန်တီးနေကြတာပါ။ ငွေကြေးသုံးစွဲတာက အစပေါ့ဗျာ။”လို့ ရှင်းပြပါတယ်။
လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း မကြာခင်မှာ ကုန်ဆုံးတော့မယ့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အ တွက် နောက်ဆုံးပြုပြင်ပြီး ဘဏ္ဍာငွေရသုံးမှန်းချေငွေစာရင်း ဥပဒေတွေကို ဆွေးနွေး အတည်ပြုပြီး လွှတ်တော်ဥပဒေပြဌာန်းနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။
လာမယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းချေ ငွေစာရင်း ဥပဒေတွေကို စတင် မဆွေးနွေးရသေးပါဘူး။
No comments:
Post a Comment