နေသွင်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ဘက် မြစ်ဆုံဒေသမှာ ရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ ရွာသားရာပေါင်းများစွာက သူတို့ရဲ့ မူလရွာမှာ ပြန်လည်အခြေချနေကြပြီလို့ သိရပါတယ်။
လောလောဆယ် ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းရဲ့ တောင်ဘက် ၁ မိုင်အကွာမှာရှိတဲ့ တောင်ထွက်ရွာက မိသားစုတွေဟာ၊ ၂၀၁၀ နှစ် ကုန်ပိုင်းက ၇ မိုင်အကွာကို အဓမ္မ အပြောင်းခံခဲ့ရပြီးတဲ့နောက် အခုတော့ နဂိုနေရာကို ပြန်လာတာကြတာပါ။
ဒေသခံ ကချင်အမျိုးသားတဦးက “အားလုံးက အရင်တုန်းက နေခဲ့တဲ့ နေရာလည်း ဖြစ်တယ်လေ။ ဌာနေဆိုတော့ လုပ်ကိုင်ထားတာတွေ ဘာတွေလည်း ရှိတယ်လေ။ အခြေကျနေတဲ့ နေရာဆိုတော့ အားလုံးက အဲ့ဒီကို ပြန်နေဖို့အတွက်ပေါ့။ ရွှေ့သွားပြီး ပြန်လာနေတယ်။ ရွာပြန်တည်တယ်။ တခြားနေချင်တဲ့လူတွေကိုလည်း ခေါ်ပြီးမှ ရွာပြန်တည်ဖို့လုပ်တယ်။”
ဒီနေ့ နေ့လယ်ပိုင်းမှာ မိသားစု ၁,၀၀၀ က မူလရွာကို ပြန်လာပြီး ရွာပြန်တည်တဲ့ အထိမ်းအမှတ် ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
ဆုတောင်းပွဲအခမ်းအနားကို ကချင်ခေါင်းဆောင်တွေ၊ ကိုမင်းကိုနိုင်နဲ့ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်၊
အခု နဂိုရွာကို ပြန်ပြောင်းလာတဲ့ ရွာသားတွေဟာ မပြောင်းခင်အထိ စီပီအိုင် နဲ့ အေရှားဝေါလ် ကုမ္ပဏီတို့က စီစဉ်ပေးထားတဲ့ အောင်မြင် သာ စံပြရွာမှာ နေထိုင်နေတာပါ။
သူတို့ကို နဂိုရွာတွေကနေ ပြောင်းခိုင်းပြီး အောင်မြင်သာမှာ နေရာချတဲ့ အခမ်းအနားကို ၂၀၁၀ နှစ်ကုန်ပိုင်းက လုပ်ခဲ့ပြီး အဲဒီအချိန်က မြောက်ပိုင်းတိုင်း တိုင်းမှူးလည်း တက်ရောက်ခဲ့ပါတယ်။
ဧရာဝတီမြစ်ညာမှာ တည်ဆောက်မယ့် ဆည် ၇ ခုထဲက အကြီးဆုံး မြစ်ဆုံစီမံကိန်းကို ကန့်ကွက်မှုတွေ ပြင်းထန်ခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်က သူ့အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားဖို့ မနှစ်ကစက်တင်ဘာမှာ အမိန့်ထုတ်ပြန် ထားပါတယ်။
ဒီလိုရပ်ဆိုင်းထားတာနဲ့ ပတ်သက်လို့ စီမံကိန်းကို တာဝန်ယူထားတဲ့ စီပီအိုင်က ဥပဒေကြောင်းအရ ဆက်လုပ်သွားမယ်လို့ ဆိုပြီး၊ ပြီးပြတ်တဲ့ပုံ မရသေးပါဘူး။
တရုတ်နိုင်ငံကို ဓာတ်အားတွေ တင်ပို့ရောင်းချမယ့် ရေအားလျှပ်စစ်စီမံကိန်း စတင်တဲ့ အချိန်တုန်းက အနီးအနားက ကချင်ရွာတွေ ပြောင်းရွေ့ခဲ့ရပြီး၊ လူပေါင်း ၁၅,၀၀၀ ခန့် ပြောင်းရွှေ့ရနိုင်တယ်လို့ အစောပိုင်းသတင်းတွေက ဆိုပါတယ်။
No comments:
Post a Comment