ကောင်းဝါ
သမတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မော်လမြိုင် အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ဘင်္ဂလီလူမျိုး ၈၁ ဦးအနက် အောက်တိုဘာ လ ၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ ဦး ပြန်လည် လွတ်မြောက်လာခဲ့သည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများမှာ ဇွန်လလယ်က ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ ကော့လှိုင်ကျေးရွာအုပ်စု သဲခုံရွာတွင် မောရဝတီ ရေတပ်စခန်း၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် ဇွန်လ ၁၈ ရက်နေ့တွင် ထောင်ဒဏ်တနှစ်စီ ချမှတ်ခံထားရရာမှ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။
“အဖမ်းခံထားရတဲ့ ဘင်္ဂလီတွေထဲက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ပြန်လွှတ်ပေးလိုက်တယ်။ မနေ့က မနက် ၇ နာရီလောက်မှာ။ ကျန်တဲ့ ရခိုင်က ဘင်္ဂါလီတွေကို ပြန်မလွှတ်ပေးသေးဘူး” ဟု မော်လမြိုင်မြို့မှ ကိုမင်းမင်းနွယ်က ပြောသည်။
ကပ္ပလီ ပင်လယ်ပြင်၌ စက်ပျက်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် သစ်သားကိုယ်ထည် စက်လှေတစီးတွင် လိုက်ပါလာသည့် အဆိုပါ ဘင်္ဂါလီလူမျိုးများကို မေလ ၂၃ ရက်နေ့တွင် မွန်ငါးဖမ်း စက်လှေများ၏ ကယ်တင်မှုဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံင်ဒင်ကျေးရွာ ငါးမျှားစခန်းသို့ ရောက်ရှိခဲ့သည်။
မေလ ၂၆ ရက်နေ့ ည ၁၀ နာရီခန့်တွင် နေရပ်ပြန်နိုင်ရေးအတွက် တပ်မတော် (ရေ) မှ ပင်လယ်ပြင်သို့ ပို့ဆောင်ခဲ့ပြီး နေရပ်သို့ ပြန်ခြင်း မရှိပဲ မေလ ၃၀ ရက်နေ့တွင် စက်လှေ ဝမ်းဗိုက်ပေါက်ကာ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ ကော့လှိုင်ကျေးရွာအုပ်စု သဲခုံရွာသို့ ရောက်ရှိလာရာမှ ဇွန်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် မောရဝတီ ရေတပ်စခန်း၏ ဖမ်းဆီးခြင်းကို ခံရခြင်း ဖြစ်သည်။
၎င်းတို့အနက် ၄၃ ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်ပြီး လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ ထောင်ဒဏ်တနှစ်စီနှင့် ကျန် ၃၈ ဦးမှာ မြန်မာနိုင်ငံဖွား မောင်တောမြို့နယ်တွင် နေထိုင်သူများ ဖြစ်ကာ ယာယီနိုင်ငံသား မှတ်ပုံတင် မရှိခြင်း၊ ဒေသပြောင်းရွှေ့ခွင့် လက်မှတ် မပါရှိခြင်းတို့ကြောင့် နိုင်ငံသား မှတ်ပုံတင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၆ (၂) အရ ထောင်ဒဏ် တနှစ်စီ ချမှတ်ခံထားရသူများ ဖြစ်ကာ မော်လမြိုင် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသူများ ဖြစ်သည်။
၎င်းတို့ကို ပြန်လည် လွတ်မြောက်လာသည့် အောက်တိုဘာလ ၃ ရက်နေ့တွင်ပင် ပဲခူးတိုင်း ပြည်ထောင်သို့ ပို့ဆောင်ခဲ့ပြီး ပြည်မြို့ အကျဉ်းထောင်တွင် သုံးရက်ကြာ ထားရှိမည် ဖြစ်ကာ ရခိုင်ပြည်နယ် မောင်တောမြို့မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း သိရသည်။
သမ္မတ၏ စက်တင်ဘာလ ၁၇ ရက်နေ့ စတုတ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည် အကျဉ်းသား ၅၁၄ အနက် ၃၉၉ ဦးမှာ နိုင်ငံခြားသားများ ဖြစ်ပြီး လ၀က ပုဒ်မ ၁၃ (၁) ဖြင့် ထောင်ချခံရသူများ ဖြစ်ကာ အများစုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် သမတ၏ လွတ်ငြိမ်းချမ်းသာခွင့် လေးကြိမ် ထုတ်ပြန်ခဲ့ရာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် အကျဉ်းသား ၆၆၅၆ ဦး၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ၆၅၁ ဦး၊ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ၈၃ ဦးနှင့် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် ၅၁၄ ဦး ပါဝင်သည်။

No comments:
Post a Comment