Monday, October 8, 2012

လက်တုန့်ပြန်မှု မပြုသင့်ကြောင်း ရခိုင်တိုင်းရင်းသား ဝန်ကြီးပြော

မေသဇင် | တနင်္လာနေ့၊ အောက်တိုဘာလ ၀၈ ရက်

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ ဗုဒ္ဓသာသနိက အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သောဖြစ်ရပ်အတွက် မြန်မာနိုင်ငံမှ ရဟန်းသံဃာ နှင့် လူ ပုဂ္ဂိုလ်များက ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒပြပွဲ များ ထပ်မံဖြစ်ပွားနေရာ ဘာသာရေး၊ လူမျိုးရေး လက်စားချေမှုများ ကိုမူ မပြုသင့်ကြောင်း ရန်ကုန်တိုင်းရှိ ရခိုင် တိုင်းရင်းသား ဝန်ကြီး ဦးဇော်အေးမောင် က ပြောဆိုလိုက်သည်။

“ဘင်္ဂလားဒေရှ်မှာ ဖြစ်သွားတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အထူးဝမ်းနည်းပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအ နေနဲ့လည်း ဒီကိစ္စနဲ့ ပတ်သတ်လို့ တတ် နိုင်သလောက် လုပ်ပေးနေတာတွေ ရှိပါတယ်။ ခုလိုဆန္ဒပြတာက International pressure (နိုင်ငံတကာ ဖိအား) ဖြစ်စေတာပေါ့။ သူတို့လည်း ဒီမိုကရေစီနိုင်ငံပဲလေ။ ကျနော့်အနေနဲ့ ဆန္ဒပြသူတွေကို ဥပဒေဘောင်တွင်းကတော့ လုပ်စေချင်တယ်။ ပြီးတော့ ဒီကိစ္စကို ဒီလောက်နဲ့ ပြီး သွားစေချင်တယ်။ လက်စားချေတာက ၂၁ ရာစုမှာ မရှိတော့ပါဘူး” ဟု ဝန်ကြီးက ဆိုသည်။

မွန်းလွဲ ၂ နာရီခန့်က စတင်ခဲ့သောအဆိုပါ ဆန္ဒဖော်ထုတ်ပွဲအား မရန်မာကြီး လူမျိုးများ အဖွဲ့၊ ရခိုင်အမျိုးသား ကွန်ယက်၊ ရခိုင့်ဂုဏ်ရောင် အဖွဲ့၊ လေးဝတီ ငြိမ်းချမ်းရေး လူငယ်များအဖွဲ့ စသည့် အဖွဲ့ပေါင်း ခုနှစ်ဖွဲ့ခန့်၏ ပံ့ပိုးကူညီမှုဖြင့် သံဃာတော်များ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။

“သံဃာတော်တွေက မေတ္တာပို့ ဆုတောင်းတဲ့အတွက် ခွင့်ပြုမိန့် တောင်းခံတာ မရှိ လို့ သိရတယ်။ အဓိက က သံဃာတော်တွေ ဦးဆောင်တာ ပါ။ တနိုင်ငံလုံးက ဗုဒ္ဒဘာသာ ခေါင်းဆောင်တွေက လုပ်သင့်တယ်လို့ ယူဆပြီး သံဃာတော် တွေ ဦးဆောင်တာကို ကျနော်တို့ လူမှုရေး၊ဘာ သာရေးအဖွဲ့တွေက ပံ့ပိုးကူညီတာပါ” ဟု ရခိုင် အမျိုးသား ကွန်ယက်မှ ကိုတင် ထူးအောင် က ပြောသည်။

ဘာသာရေး လွတ်လပ်မှုကို လေးစားရန်၊ အကြမ်းဖက်သမားများအား ကမ္ဘာသိ အရေးယူပေးရန် စသည့် အချက်များ ပါဝင်သည့် တောင်း ဆို ချက်များကို ဘင်္ဂလားဒေ့ရှ် အစိုးရ၊ နိုင်ငံအသီးသီးမှ အစိုးရ ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များနှင့် ဘာသာရေး ခေါင်းဆောင် များ ထံ လိပ်မူ ပေးပို့ခဲ့ကြသည်။

ပြီးခဲ့သည့် သောကြာနေ့ကလည်း ရန်ကုန်ရောက် ရခိုင် ရဟန်းတော်များ သာရေးနာရေး အသင်းမှ ဦးဆောင်၍ အဆိုပါသံရုံးရှေ့တွင် လူ အင် အား ၃ဝဝ ကျော်ဖြင့် ပထမအကြိမ် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြ သေးသည်။

“ကျနော်တို့ အောက်တိုဘာ ၆ ရက်နေ့က သံရုံးကို ကြေညာချက် ပို့လိုက်တဲ့သူတွေကို သံရုံးက တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ ဒါပေမယ့် တွေ့ခွင့်တောင်းတယ်ဆိုတာက Officially (တရားဝင်)အရ စာပို့ရမယ်။ ခုတော့ အကြောင်း ကြားတာမရှိတဲ့အတွက် ကျနော်တို့အနေနဲ့ စောင့် ကြည့်တဲ့ အခြေအနေ ရှိတယ်။ နောက်ပိုင်းကိစ္စတွေ ကတော့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့လုပ်ကိုင်ဆောင်ရွက်ပုံကို ကြည့်ရမယ်” ဟု ကိုတင် မောင်ထူး က ပြောသည်။

အစ္စလာမ် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ကိုရမ်ကျမ်းစာအုပ် မီးလောင်ကျွမ်းနေသည့်ပုံ ဖေ့စ်ဘွတ် စာမျက်နှာများပေါ်တွင် ပျံ့နှံ့လာပြီးနောက် ထိုပုံကို ဗုဒ္ဓဘာသာဝင် လူငယ်တဦးက တင်သည်ဟု စွပ်စွဲကာဒေါသထွက်နေသော လူအုပ်များက ကော့ဘဇားခရိုင်နှင့် စစ်တကောင်းဒေသတွင်းရှိ ဗုဒ္ဓသာ သနိက အဆောက်အအုံ ၁၂ ခုကို စက်တင်ဘာလ ၂၉ ရက်နေ့ညနှင့် ၃ဝ ရက်နေ့များက တိုက်ခိုက် ဖျက် ဆီးခဲ့ကြသည်။

ထိုဒေသများတွင် ဗုဒ္ဓဘာသာဝင် လူနည်းစုများဖြစ်သည့် သက်၊ ဒိုင်းနက်၊ မျို၊ ခမီ၊ မာရမာကြီး (ဘရုဝါ)နှင့် ရခိုင်လူမျိုးများ နေထိုင်ကြ သည်။

“ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ကျနော်တို့ရဲ့ လူနည်းစု ဗုဒ္ဒဘာသာတွေကို အဲဒီနိုင်ငံကနေ တတ်နိုင်သ လောက် ကာကွယ်ပေးချင်တဲ့ သဘောပါပဲ” ဟု တနင်္လာနေ့ ဆန္ဒပြပွတြွင် ပါဝင်သည့် မာရမာကြီး လူမျိုးများအဖွဲ့မှ ခေါင်း ဆောင်တဦးက ဆိုသည်။

ဆန္ဒပြသူများသည် ဘင်္ဂလားဒေ့ရှ် သံရုံးမှတဆင့် အမေရိကန်သံရုံးသို့ လမ်းလျှောက် ချီတက်ကာ အကြမ်း ဖက်သမား များ၏ လက်ချက် ဖြင့် သေဆုံးသွားသော လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အတွက် လွမ်းသူ့ပန်းခြင်းပေးပို့ကာ မေတ္တာပို့ အမျှအတမ်းပေး ဝေခဲ့ကြ သည်။

No comments: