ကော့လီ
မကြာခင်ကမှ အမေရိကန် ပြည်ထောင်စု ခရီးစဉ်က ပြန်လည် ရောက်ရှိလာတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦး အား ဩစတြေးလျနိုင်ငံရဲ့ အထင်ကရ တက္ကသိုလ်ကြီး တစ်ခုဖြစ်တဲ့ ဩစတြေးလျ အမျိုးသား တက္ကသိုလ် (ANU – Australian National University) က ဩစတြေးလျနိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်လိုက်တယ်လို့ သတင်းရရှိ ပါ တယ်။
ရှေ့လာမယ့်နှစ် ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ လုပ်မယ့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကွန်ဖရင့်တစ်ခုမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအ ရေး တိုင်းရင်းသား အရေးကိစ္စတွေရဲ့ သက်ဆိုင်တဲ့ စာတမ်း ဖတ်ဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။ သွားမယ် မသွားဘူးကတော့ ကျနော်တို့ ဥက္ကဋ္ဌလည်း မဆုံးဖြတ်ရသေးပါဘူး – လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ် က ကော့လီကို ပြောပြပါ တယ်။
ဩစတြေးလျ အမျိုးသား တက္ကသိုလ် နိုင်ငံရေးနှင့် လူမှုရေး ပြောင်းလဲမှု ဌာနက ကြီးမှူးပြီး ၂၀၁၃ မြန်မာနိုင်ငံ နောက်ဆုံး အခြေအနေ (2013 Myanmar (Burma) Update) ခေါင်းစဉ်နဲ့ ကွန်ဖရင့်တစ်ခုကို ၂၀၁၃ မတ်လ အတွင်းမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါ တယ်။
ကွန်ဖရင့်ကို စီစဉ်သူ တစ်ဦးဖြစ်တဲ့ ဩစတြေးလျ အမျိုးသား တက္ကသိုလ် နိုင်ငံရေးနှင့် လူမှုရေးပြောင်းလဲမှုဌာနမှ မစ္စတာ ထရီဗာ ဝီဆင် ကိုယ်တိုင် ခွန်ထွန်းဦးကို ဖိတ်ကြားလိုက်တာ ဖြစ်တယ်လို့ စိုင်းလိတ် က ပြောပါတယ်။
မစ္စတာ ထရီဗာ ဝီဆင် ဟာ မြန်မာနိုင်ငံ ဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး အဖြစ် ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်တယ်လို့ သိရပါ တယ်

No comments:
Post a Comment