Friday, November 2, 2012

ရွှေလီမြစ်ဝှမ်းဒေသတွင် RCSS/SSA မှ မူးယစ်တိုက်ဖျက် ရေး လုပ်ငန်း စတင်လုပ် ဆောင်

သျှမ်းသံတော်ဆင့်/စိုင်းလုံ

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်မတာတွင် အခြေစိုက်သော RCSS/SSA အမှတ် ရ၀၁ စစ်ဒေသသည် အောက်တိုဘာလ ၃၀ ရက်နေ့မှစ၍ နမ့်ခမ်းမြို့တဘက်ကမ်းရှိကျေးရွာများမှ မူးယစ်ရောင်းဝယ်သူနှင့်သုံးစွဲသူများ အား ဖမ်းဆီးနေကြောင်းသတင်းရရှိသည်။

“တရက်ထဲပဲ နောင်မွန်း နဲ့တာစန့်ကျေရွာကို ၀င်ဖမ်းတာ လူပေါင်း ၃၆ ယောက် မိတယ်၊ အဲဒီအထဲ မှာ ရှမ်း က ၈ လောက်ပါတယ်၊ ကျန်တဲ့ သူတွေကတရုတ်နိုင်ငံသားတွေဖြစ်တယ်၊ ဖမ်းမိတဲ့သူကိုတော့ RCSS/SSA အုပ်ချုပ်ရေးပိုင်း ဆုံး ဖြတ်ချက်နဲ့ အပြစ်ပေးမယ်၊ သူတို့ ဆီမှာ မိတာတွေတော့ ရာဘ (စိတ်ကြွဆေး)နှင့် ဘိန်းဖြူများဖြစ် တယ်”ဟု သျှမ်းပြည်တပ်မ တော် RCSS/SSAလက်အောက်ခံ အမှတ် ရ၀၁ စစ် ဒေသ အသိုင်းအဝိုင်း ကပြောသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သူ နှင့် ပတ်သက်သူများထံမှ ဘိန်းဖြူ (ပင်နယ်စလင်ပုလင်း)၁၆ ပုလင်း၊ ယာဘ (စိတ်ကြွ ဆေး) WY တံဆိပ် ၂၀၂ ပြား၊ မြန်မာကျပ်ငွေသိန်း ၂၀ ကျော်ညီမျှသော တရုတ်ယွမ်ငွေ ၂ သောင်းကျော် နှင့် ဆိုင် ကယ် ၂၄ စီးအားသိမ်းဆည်းရမိကြောင်း၊ မူးယစ် ဆေးဝါးတရားခံများအား မူစယ်ခရိုင် ဆင်တိုက်ကျေးရွာရှိ ဆေးဖြတ် စခန်း၌ ထိန်းသိမ်းထားကြောင်း ၄င်းကပြောပါသည်။

“ခုနမ့်ခမ်းမြို့ထဲမှာလဲ မူးယစ်ဆေးအရမ်းပေါများနေတယ်။ ရပ်ကွက်တိုင်းလိုလို မှာသုံးစွဲသူ နဲ့ ရောင်းဝယ် ဖောက်ကားသူရှိတယ်၊ ယာဘစိတ် ကြွဆေးကို လူငယ်တွေက ပိန်ဆေးအဖြစ်အသုံးပြုနေတာတွေ့ရတယ်၊ ယာဘစိတ်ကြွ ဆေး စွဲပြီးဆေးကြောင်တဲ့သူလဲရှိတယ်၊ဆေးကြောင် လာရင်တော့ လမ်းမှာတွေ့သမျှ ကျောက်ခဲကောက်ပြီး တညလုံး မအိပ်ပဲ ကျောက် စိမ်းတုံးလို့မှတ်ပြီးသွေးနေတဲ့သူ လဲရှိ သေးတယ်” - ဟု နမ့်ခမ်းမြို့ဒေသခံလူငယ်စိုင်းခမ်း က ပြော သည်။

ဤဖမ်းဆီးမူသည် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် တုန့်ပြန်မှုအားလည်းစောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ရှိ မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းပြီးစီးပါက နမ့်ခမ်းမြို့တွင်းရှိ မူးယစ်ဆေးဝါးပတ်သက်ဆက်နွှယ်သူများအား ထပ်မံရှင်း လင်းရန်အစီအစဉ်ရှိကြောင်း သျှမ်းပြည် တပ် မတော်တောင်ပိုင်းတပ်ဖွဲ့ဟုလူသိများသော RCSS/SSA လက်အောက်ခံ အမှတ် ရ၀၁ စစ်ဒေသ အသိုင်းအဝိုင်းထံမှသိရသည်။

UNODC ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာမှာ မြန်မာကဘိန်းစိုက်ပျိုးမှု ဒုတိယအများ ဆုံး ဖြစ်သည် ဟုဆို ပါ သည်။

No comments: