Thursday, December 13, 2012

ရပ်/ ကျေး အုပ်ချုပ်ရေးမှူး အပြီးသတ်ရွေးချယ်မှု ပြည်သူလူထု စိတ်ဝင်စားမှုနည်းပါး

နန်းသီရိလွင်

၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးသတ်ဆောင်ရွက်ရမည့် ရပ်ကွက်၊ကျေးရွာ (ရပ်/ ကျေး) အုပ်ချုပ်ရေးမှူးသစ်များ ရွေးချယ်ကြရာ တွင်မ သမာမှုတချို့ ကြုံတွေ့နေရပြီး ပြည်သူလူထု၏ စိတ်ဝင်စားမှု နည်းပါးနေကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက ထွက်ရှိခဲ့သော ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဥပဒေနှင့် အညီ အဆိုပါအုပ်ချုပ်ရေးမှူးများကိုအများဆန္ဒနှင့် တင် မြှောက်ရမည် ဖြစ်သော်လည်း ယခင် အုပ်ချုပ်ရေးမှူးဟောင်းများ၏ ၀င်ရောက် စွက်ဖက်မှုများအပြင် မသမာမှုများ ရှိနေကြောင်း သိ ရ သည်။

“ကျနော်တို့ ရပ်ကွက်မှာ အရင် အုပ်ချုပ်ရေးမှူးဟောင်းက ဆယ်အိမ်စု ကိုယ်စားလှယ်အဖြစ် အရွေး မခံရဘူး။ အရွေးမခံရတော့ ရပ်ကွက်ထဲမှာ ပြဿနာရှာတယ်။ နောက်တော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးမယ့် ရက် ၉ ရက်နေ့အစား အခု အကန့်အသတ် မရှိ ရက်ရွှေ့ဆိုင်းလိုက်တယ်။ ဘာကြောင့် ရွှေ့လိုက်တာလဲ၊ ဒီအုပ်ချုပ်ရေးမှူးဟောင်းက မြို့နယ် အာဏာပိုင်တွေနဲ့ ပတ် သက်နေလားဆိုတာကျနော်တို့ရပ်ကွက်သူရပ်ကွက် သားတွေ သိချင်နေပါတယ်” ဟု ရန်ကုန် မင်္ဂလာတောင်ညွန့် မြို့နယ် ရေ တွင်းကုန်းရပ်ကွက်မှ ဒေသခံ တဦးက ပြောသည်။

ယခင် ဆောင်ရွက်ခဲ့ကြသည့် ရပ်/ ကျေး အုပ်ချုပ်ရေးမှူး ဟောင်းတချို့က ၎င်းတို့ အရွေးချယ်ခံရရန် မြို့နယ် အာဏာပိုင်များနှင့် ပူးပေါင်း ခြင်း၊ ကြီးကြပ်ရေးမှူးများနှင့် တိုင်ပင် ဆောင်ရွက်ခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ဆောင်ရွက် နေမှုများ ရှိသောကြောင့်မိမိတို့၏ ရပ်/ ကျေး အုပ် ချုပ်ရေးမှူးကို ကိုယ်တိုင် ရွေးခြယ်ရမည့် ပြည်သူလူထု ကိုယ်တိုင် စိတ်ဝင်စားမှု နည်းပါးနေကြောင်း သိရသည်။

“ကျနော်တို့ ယုဇနဥယျာဉ်မြို့တော်မှာက တိုက်ခန်းနေ အများစုဆိုတော့ သာမန် လက်လုပ်လက် စားနဲ့ ဝန်ထမ်းအများစုက ဒီရွေးချယ်ပွဲကို သိပ်စိတ်မဝင်စားကြဘူး။ ဒါပေမယ့် ရပ်ကွက်ထဲက ဆိုင်ဖွင့်ထားတဲ့လုပ်ငန်းရှင်ကတော့ စိတ် ဝင်တစားနဲ့ အုပ်ချုပ်ရေးမှူးရာထူး ကိုလုနေကြ တာရှိတယ်။ မက်လည်း မက်စရာကိုး” ဟု ရန်ကုန် ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သည့် ကိုဗေဒါဇော်က ဆိုသည်။

ရပ်/ ကျေး အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၂၈ အရ ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦးသည် လစဉ် ချီးမြှင့်ထောက်ပံ့ငွေနှင့် သက်တမ်းကာလ အ ပြည့် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ပါက ချီးမြှင့်ငွေများရရှိမည်ဖြစ်ကာ ရုံးအသုံးစရိတ် ရန်ပုံငွေကို နိုင်ငံတော်က ကျခံပေးမည်ဖြစ် ကြောင်း ဖော် ပြထားသည်ကို တွေ့ရသည်။

“တိုက်ခန်းအရောင်း၊ အ၀ယ်၊ အငှား စာချုပ်တွေ ချုပ်တိုင်း ရပ်ကွက် ရုံးကို အနည်းဆုံး ကျပ် တ သောင်းတော့ ပေးရတယ်။ ကျနော်တို့ ရပ် ကွက် အနေအထားနဲ့ဆိုရင် အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်ရုံးမှာ စာချုပ် လာချုပ်ရတဲ့ သူက ၁၀ ဦးထက် မနည်း ရှိနိုင်တယ်” ဟုကိုဗေ ဒါဇော်က ဆက်ပြောသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အနေဖြင့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် လောင်းကစားမှုများ ဖမ်းဆီးခြင်း၊ အရေးယူနိုင် ရန် အကြောင်းကြားခြင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးအတွက် စစ်ဆေးရန် လိုအပ်သည်များကို အခါအားလျော် စွာ စစ် ဆေးခြင်း စသည့် အချက်များအပါအ၀င် လုပ်ငန်းတာဝန် ၃၂ ချက်ကို ထမ်းဆောင်ရမည်ဟု ဥပဒေတွင် ဖော်ပြသည်။

“ဓမ္မာရုံမှာ ကြော်ငြာ ကပ်ထားတာ တွေ့ပေမယ့် သိပ်စိတ်မ၀င်စားကြဘူး။ ဆယ်အိမ်မှူး ရွေးရတော့ လည်း ဆယ်အိမ်စု တစုကို ၂ ယောက်၊ ၃ ယောက်ပဲ လာတယ်။ လာတဲ့သူကလည်း အိမ်မှာ ကျန်ရစ်တဲ့ အဘိုးအဘွားတွေ များတယ်။ ရပ်ကွက်ထဲမှာ အုပ်ချုပ်ရေးမှူး ဖြစ်ချင်တဲ့သူက လက်ဘက်ရည်တိုက် မုန့်ကျွေးပြီး သူ့ကို မဲပေးဖို့ ပြောတာတွေလည်း ရှိတယ်” ဟု ရန်ကုန် တာမွေမြို့နယ်၊ ပျားရည်ကုန်း ရပ်ကွက်တွင် နေ ထိုင်သူ တဦးက ပြောသည်။

ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အများပြည်သူ ကြည်ညိုလေးစား၍ သြဇာတိက္ကမ ရှိသည့် ရပ်မိရပ်ဖ ၅ ဦးအားရပ်/ ကျေး ဥပ ဒေနှင့်အညီ အများဆန္ဒဖြင့် ကြီးကြပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းရမည်ဖြစ်ကာ ဆယ်အိမ်စုမှူးများကို အများဆန္ဒဖြင့် စတင် ရွေးချယ်ရ မည် ဖြစ် သည်။ အရွေးချယ်ခံရသည့် ဆယ်အိမ်စုမှူးများကို ရပ်/ ကျေးအုပ်ချုပ်ရေးမှူးဥပဒေ အခန်း (၄)၊ ပုဒ်မ (၈) အရ မြို့နယ်အုပ်ချုပ် ရေးမှုးက ရပ်/ ကျေး ဥပဒေတွင် ပြဌာန်းထားသည့် အုပ်ချုပ်ရေးမှူး တယောက်တွင်ရှိရမည် အရည်အချင်း များနှင့် ပြည့်စုံပါက ခရိုင် အုပ် ချုပ်ရေးမှူး ၏အ တည်ပြုချက်ကို ရယူပြီး ရွေးချယ် ခန့်ထားရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့နယ်အပြင် တခြားသော မြို့ရွာများတွင်လည်း အလားတူအဖြစ်အပျက်များ ရှိနေကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

No comments: