Sunday, February 17, 2013

မြန်မာပြည်ကို တရုတ်က လက်လွှတ်ခံပါ့မလား

နေသွင်

အချိုးအကွေ

မြန်မာပြည်မှာ ၂၀၁၁ ခုနှစ်အတွင်း သမ္မတ ဦးသိန်းစိန်က ဒီမိုကရက်တစ် အပြောင်းအလဲတွေကို စတင်လုပ်ဆောင်တဲ့အခါမှာ တရုတ်အတွက် ပြဿ နာ အသွင်ဆောင်လာပါတယ်။ တရုတ်ဟာ အိမ်နီးချင်း မြန် မာပြည်နဲ့ ဆယ် စုနှစ်တွေချီပြီး နွေးထွေးတဲ့ ဆက်ဆံရေးရှိလာခဲ့သလို၊ မြန်မာပြည်ရဲ့ သဘာဝသယံဇာတတွေနဲ့ နိုင်ငံခြားရေးပေါ်လစီမှာ တကိုယ်တော် ထင် တိုင်း ကြဲခွင့်ရခဲ့တယ်။

အခုတော့မြန်မာပြည်မှာဒီမိုကရေစီတပိုင်းနဲ့ ပြဿနာပေါင်းသောင်းခြောက် ထောင်နဲ့ အစိုးရ တက်နေသလို၊ မြန်မာပြည်သူတွေကလည်း အရင်စစ်အ စိုးရကို ထောက်ခံခဲ့ပြီး တိုင်းပြည် စီးပွားရေးကို ကုတ်သွေးစုပ်ခဲ့ တဲ့ တရုတ်ကို မကျေမနပ် ဖြစ်နေကြပါတယ်။

တချိန်တည်းမှာ မြန်မာပြည်ဟာ ဒေသတွင်း တည်ငြိမ်းရေးအတွက် ခြိမ်းခြောက်မှုတရပ် ဖြစ်နေတုန်းပါပဲ။ မြန်မာပြည်မှာ အစိုးရတပ်တွေနဲ့ က ချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်တွေအကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဇန်န၀ါရီလ အစောပိုင်းတုန်းက တရုတ် တပ်တွေ နယ်စပ်ကို စေလွှတ်ခဲ့ရပါတယ်။ အခြေအနေတွေ ပိုဆိုးလာရင် ပြဿနာက တရုတ်နယ်နိမိတ်ဘက်ကို ဘောင်ကျော် လာဖွယ်ရှိပါ တယ်။


မြန်မာပြည်ဟာ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာအတွင်းက မဟာဗျူဟာမြောက် မဟာမိတ်အနေနဲ့ သဘောထားဖို့ မဖြစ်နိုင်တော့ပါဘူး၊ အာ ဆီယံအဖွဲ့ထဲမှာ တရုတ်ကို သစ္စာခံတဲ့ နိုင်ငံအဖြစ်နဲ့ မှတ်ယူထားလို့ မဖြစ်နိုင်တော့ပါဘူး။ အကြောင်းကတော့ မြန်မာအစိုးရနဲ့ အမေရိကန် ပြည်ထောင်စုတို့ အကြားက ဆက်ဆံရေးက အပြောင်းလဲကြီး ပြောင်းလဲ တိုးတက်သွားပါပြီ။ အာရှဒေသမှာ အမေရိကန်က ဩဇာ အလေး သာလာတာလည်း တရုတ်အတွက် စိုးရိမ်ဖို့ ကောင်းနေပါပြီ။

အခြေအနေတွေက တရုတ်အတွက် ပိုဆိုးလာနေပါတယ်။ မြန်မာပြည်အလယ်ပိုင်းမှာ တရုတ် လက်နက်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ရဲ့ ဦးပိုင်တို့က လုပ်ကိုင်နေတဲ့ မြန်မာပြည်က အကြီးဆုံးကြေးနီမိုင်း (မုံရွာ ကြေးနီ မိုင်း) ကိစ္စမှာ သံဃာတော်တွေနဲ့ ရွာသားတွေက ကန့်ကွက် ဆန္ဒပြကြ တယ်။

၂၀၁၁ ခုနှစ်တုန်းကလည်း သမ္မတ ဦးသိန်းစိန်က တရုတ်ကုမ္ပဏီက တည်ဆောက်ဆဲ အမေရိကန် ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို “ပြည်သူ့ ဆန္ဒ အရ” ဆိုပြီး ရပ်ဆိုင်းခဲ့တယ်။ မုံရွာကြေးနီစီမံကိန်းမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတဲ့အခါမှာ မြန်မာပြည်က တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ အားလုံးအတွက် အန္တရာယ်ကျရောက်နေပြီလားလို့ စိုးရိမ် တာတွေလည်း မြင့်တက်လာပါတယ်။

တရုတ်အကျိုးစီးပွားတွေ အခုလောက် ထိခိုက်လာပေမယ့် မြန်မာအစိုးရကို တရုတ်ဘက်က နည်းနည်းလေးမှ မဟန့်တားနိုင်လိုက်ပါဘူး။

မိတ်ဟောင်းဆွေဟောင်း

အခုတော့ တရုတ်အစိုးရအနေနဲ့ မိတ်ဆွေဟောင်းတွေဘက်ကို ပြန်လှည့်ရတော့မယ့် ကိန်းပဲလို့ နိုင်ငံခြားမူဝါဒ လေ့လာသုံးသပ်သူတွေနဲ့ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူတွေက အခါတော်ပေးနေကြ ပါပြီ။ မိတ်ဆွေဟောင်းတွေဆိုတာက နယ်စပ်ဒေသမှာအစိုးရကိုပုန်ကန်တိုက် ခိုက်နေတဲ့ တိုင်းရင်းသားအုပ်စုတွေပါပဲ။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ရဲကောလိပ်၊ နိုင်ငံရေးသိပံ္ပဌာနရဲ့ပါမောက္ခ Liang Jinyun ရဲ့ ၂၀၁၁ စာတမ်းမှာ တိုင်းရင်းသားအုပ်စု တွေကို မှန်မှန်ကန်ကန် အ သုံး ချနိုင်မယ်ဆိုရင် မြန်မာပြည်မှာ တရုတ်နဲ့ အမေရိကန်တို့ကြားက ရင်ဆိုင်တိုက်ပွဲ ရှေ့တန်းစစ်မျက်နှာမှာ တရုတ်အတွက် သစ္စာရှိတဲ့ မိတ်ဆွေကောင်းတွေ ဖြစ်လာနိုင်တယ်လို့ ဆိုထားပါတယ်။

မြန်မာပြည် မြောက်ပိုင်းက ၀ အမျိုးသားတပ်၊ ကချင်အမျိုးသားတပ်တို့နဲ့ တရုတ်တို့ ကြားထဲက ဆက်ဆံရေးက သက်တမ်းရှည်ခဲ့ပါပြီ။ ၀နဲ့ က ချင်တွေဟာ မြန်မာပြည် လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ကတည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် တောင်းဆိုတိုက်ပွဲဝင်လာကြတဲ့ တိုင်းရင်း သား အုပ်စုတွေပါ။ ၀တပ်နဲ့ ကချင်တပ်တွေဟာ အရင်တုန်းက ဗမာပြည် ကွန်မြူနစ်ပါတီထဲမှာ အရေးကြီးတဲ့နေရာကနေ ပါဝင်ခဲ့ကြပါ တယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ တရုတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ပံ့ခဲ့တဲ့ အချိန်တုန်းက သူတို့အကြားက ဆက်ဆံရေးက အထွတ်အ ထိပ် ကို ရောက်ခဲ့ပါတယ်။ ဗဟိုအစိုးရကို တော်လှန် တိုက်ခိုက်တာတွေလည်း အတိုင်းအတာတခု အထိ အောင်မြင်ခဲ့ပါတယ်။


ဒီလိုနဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ တရုတ်အစိုးရဘက်က ဗမာပြည်ကွန်မြူနစ်ပါတီကို ရုပ်ဝတ္ထုပိုင်း၊ လူ့အရင်းအမြစ်တွေနဲ့ အထောက် အ ပံ့ပေးတာတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် ယူနန်ပြည်နယ် အစိုးရနဲ့တော့ ဆက်ဆံရေးက အဆက်မပြတ်ခဲ့ပါဘူး။နယ်စပ်ဖြတ်ကျော်အ ရေး အရာတွေနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကနေ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး အစီအစဉ်အထိ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါ တယ်။

တရုတ်ရဲ့အနိုင်ဖဲချပ်

၂၀၁၁ ခုနှစ် စက်တင်ဘာလထဲမှာ မြန်မာအစိုးရနဲ့ ၀ တပ်ဖွဲ့တွေ ကြားထဲမှာ ငြိမ်းချမ်းရေး သဘောတူညီချက်ယူပါတယ်။ ကချင်တပ်တွေနဲ့ တော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပါပဲ။ ကချင်တပ်တွေကို လေ ကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဇန်န၀ါရီလ ၂ ရက်နေ့မှာ မြန်မာအစိုး ရက ၀န်ခံပါတယ်။ လက်ရှိ ကချင်တပ် အင်အားက ၁ သောင်းခွဲဝန်းကျင်လောက် ရှိပါတယ်။

တရားဝင်မှာတော့ တရုတ်အစိုးရဘက်က အသံထွက်တာ နည်းပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နဲ့ မြန်မာဟာ အိမ်နီးချင်းတွေ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာအစိုးရတို့ကြားက ဆက်ဆံရေး ကောင်းမွန်လာတာကို ကြိုဆိုတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တွေအတွင်း မြန်မာအစိုးရအပေါ် တရုတ်က ကောင်းခဲ့သလောက် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးလို့ တရုတ်ဘက်က မြင်တယ်။ ဒါကြောင့် တရုတ်ဘက်က ဘက်စုံကနေ ချဉ်းကပ်ဖို့လိုတယ်လို့ တရုတ်အစိုးရ မူဝါဒရေးရာ သုံးသပ်သူတယောက်က နိုဝင်ဘာလက တံခါး ပိတ် အစည်းအဝေးတခုမှာ ပြောပါတယ်။

“နယ်စပ် တိုင်းရင်းသား အုပ်စုတွေက တရုတ်အတွက် အနိုင်ဖဲဖြစ်တယ်၊ တရုတ်အစိုးရကလည်း တိုင်းရင်းသားတွေနဲ့ ကိုင်ကစားဖို့ လိုတယ်” လို့ ဘေဂျင်းက နောက်ထပ် သုံးသပ်သူ တယောက်ကလည်း ဆိုပြန်ပါတယ်။ တခြားလေ့လာသုံးသပ်သူတွေနဲ့ စကားပြောကြည့်တဲ့ အခါမှာ လည်း ဒီအမြင်ကို သဘောတူကြတာ တွေ့ရပါတယ်။ လူရှေ့သူရှေ့မှာ မပြောတာပဲ ရှိတာပါ။

တရုတ်လေ့လာသုံးသပ်သူတွေရဲ့ အယူအဆကတော့ ကချင်ကိစ္စမှာ တရုတ်က ကြားဝင်ဖျန်ဖြေပေးသင့်တယ်။ ဒါမှ တရုတ်ရဲ့ဩဇာကို မြန်မာ စိုးရက သဘောပေါက်လာမယ်။ နယ်စပ်ဒေသ တည်ငြိမ်ရေးအ တွက် လည်း ဆောင်ရွက်ရာ ရောက်မယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ တရုတ်အစိုးရအနေနဲ့ နယ်စပ်က တိုင်းရင်းသားအုပ်စုတွေရဲ့ တော်လှန်ရေးကို ထောက်ခံသင့်တယ်။ မြန်မာအစိုးရဘက်က စစ်ရေးတိုက်ခိုက်မှုတွေကို လျှော့ချသွားအောင် ဖိအားပေးသင့်တယ်။ နယ်စပ်မှာ တိုက်ပွဲတွေ မရှိမှ သစ်တွေ၊ ကျောက်စိမ်းတွေနဲ့ တခြား သ ဘာဝ သယံဇာတတွေ တရုတ်ဘက်ကို ကုန်ကူးတာတွေ ဆက်ပြီး ပွင့်နေမယ်လို့ ဆိုပါတယ်။ (မူးယစ်မှောင်ခိုလုပ်ငန်းကိုတော့ တရုတ်ဘက် က မလိုချင်လည်း ရှောင်လွှဲမရတဲ့ နယ်စပ်ပြဿနာ တရပ်ပါပဲ)။

သူတို့အဆိုအရ တိုင်းရင်းသားအုပ်စုတွေကို ထောက်ပံ့ပေးမယ်ဆိုရင် မြန်မာအစိုးရအပေါ် တရုတ်ဩဇာတွေ ကျသွားတာကို ပြန်အဖက် ဆယ် နိုင်မယ်၊ တချိန်တည်းမှာ တရုတ်အကျိုးစီးပွားကို မြန်မာအစိုးရဘက်က လေးစားလာမယ်လို့ ဆိုပါတယ်။ ဒီလို လုပ်မယ်ဆိုရင် အကယ်၍ မြန် မာကို အနောက်နိုင်ငံတွေက လက်နက်သဖွယ် အသုံးချလာတဲ့အချိန်မှာ တရုတ်အတွက် အရှုံးမရှိနိုင်ဘူး။ အမြတ်ကြီးပဲလို့ သူတို့က တွက်ကြ ပါတယ်။

ဒီမိုကရေစီ သွေးရူးသွေးတန်းနေ့ရက်များ

တံခါးပိတ် ဆွေးနွေးပွဲတွေ၊ သီးသန့် စကားဝိုင်းတွေမှာ နိုင်ငံခြားရေးဌာနနဲ့ ဆက်နွယ်နေသူတွေက ဒီအယူအဆကို လက်မခံကြပါဘူး။ တနိုင် ငံရဲ့ ပြည်တွင်းရေးကို ၀င်မစွက်ရေးဆိုတဲ့ တရုတ်ရဲ့ ပေါ်လစီအ ဟောင်းကိုပဲ သူတို့က ရည်ညွှန်းကြပါတယ်။ မြန်မာနဲ့ အပြန်အလှန် ချစ်ကြည် ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်ထားတဲ့ အစဉ်အလာကိုလည်း ထောက်ပြကြပါတယ်။ တိုင်းရင်းသားသူပုန်တွေကို မြှောက်ပေးနေ ရင် မြန်မာအစိုးရနဲ့ အခုထက်တောင် သူစိမ်းဆန်သွားဦးမယ်လို့ ပူပန်ကြပါတယ်။

ထင်ရှားတဲ့ မြန်မာ့ရေးရာကျွမ်းကျင်သူတယောက်ရဲ့ အလွတ်သဘော အသုံးအနှုန်းအတိုင်း လောလောဆယ် မြန်မာပြည်မှာ ဒီမိုကရေစီ သွေးရူးသွေးတန်း (democracy frenzy) ဖြစ်နေလို့ တရုတ်အကျိုးစီးပွားတွေ ထိခိုက်နေတာတွေဟာ ယာယီပဲ ဖြစ်တယ်။ နောက်ဆုံးကျရင် မြန်မာ အစိုးရဟာ တရုတ်ဘက်ကို ခြေဦး ပြန်လှည့်လာလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ တိုင်း ပြည် ထဲမှာ ၀ရုန်းသုန်းကား အခြေအနေတွေ ပေါ် ပေါက်လာမယ်လို့ ဆိုပါတယ်။ ယုတ်စွအဆုံး တရုတ်နဲ့ မြန်မာဟာ ဆယ်စုနှစ်တွေချီပြီး မိတ်ဆွေတွေ ဖြစ်ခဲ့တဲ့ နောက်ခံရှိသလို၊ တရုတ်ဟာ လက်ရှိ မြန်မာပြည်ရဲ့ အကြီးဆုံး ကုန်သွယ်ဘက်နဲ့ ထိပ်ဆုံးက ရင်းနှီးမြှုပ်နှံသူ ဖြစ်နေတာကိုလည်း ထောက်ပြကြပါတယ်၊

တရုတ်က ပါဝင်လာမယ်ဆိုရင် တိုင်းရင်းသားအုပ်စုတွေကလည်း ကြိုဆိုကြမယ်လို့လည်း သုံးသပ်ကြပါတယ်။ ကေအိုင်အေက ပုဂ္ဂိုလ်တ ယောက် ကတော့ မယုံကြည်ထိုက်တဲ့ မြန်မာအစိုးရဟာ အင်အားကြီး နိုင်ငံ တနိုင်ငံရဲ့ သက်သေခံမှုမရှိရင် တိုင်းရင်းသားတွေနဲ့ ဘယ်လို သဘောတူညီချက်မျိုးကိုပဲ ဖြစ်ဖြစ် စွန့်ပစ်ဖို့ ၀န်လေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အကျိုးစီးပွားကစားပွဲ

လောလောဆယ် အမေရိကန်ပြည်ထောင်စုဘက်က အစိုးရကို အကူအညီပေးဖို့ အာရုံစိုက်နေတဲ့ အချိန်မှာ ကချင်နဲ့ ၀တပ်တွေကလည်း တရုတ်ဟာ သူတို့အတွက် အင်အားကြီးတဲ့ မဟာမိတ်ဖြစ်လာဖို့ မျှော် လင့် အား ကိုးနေကြပါတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ကချင်ကိုယ်စားလှယ်အဖွဲ့တွေ အမေရိကန်ပြည်ထောင်စုကို လွှတ်ခဲ့ပေမယ့် အမေရိကန်ဘက်က စိတ်ဝင်စား မှု မပြတာကိုလည်း ကချင်တွေက စိတ်ကုန်နေတယ်လို့ ဆိုပါတယ်။ တရုတ်အရာရှိတွေရဲ့အဆိုအရ ၀တပ်ကလည်း သူတို့အပေါ် အမေရိကန် အစိုးရက မူးယစ်ရာဇာတွေနဲ့ လက်နက်ကုန်သည်တွေလို့ ထင်နေတဲ့ အမြင်တွေကို ပြောင်းလဲသွားဖို့ နောက်ထပ် မကြိုးစားချင် တော့ လောက် အောင် မျှော်လင့်ချက် မဲ့နေတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရက တရုတ်နဲ့ ကင်းကွာလာတာကို နားလည်လာတဲ့ ကချင်နဲ့ ၀ တပ်တွေက တရုတ်အစိုးရအ နေနဲ့ ကချင်နဲ့ ၀ အမျိုးသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တိုက်ပွဲနဲ့ နိုင်ငံရေးသဘောတူညီချက်တခုရဖို့ ကြိုးပမ်းချက်တွေမှာ ထောက်ပံ့ပေးသင့်တယ်လို့ ဆိုနေပါတယ်။

ဒီကိစ္စကတော့ တရုတ်အတွက် ပြဿနာရှိပုံရပါတယ်။ အကြောင်းကတော့ တရုတ်အစိုးရ ကိုယ်တိုင်က တိဘက်နဲ့ ၀ီဂါ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တိုက်ပွဲတွေကို ဖိနှိပ်ထားတာကြောင့်ပါ။

ဒါပေမယ့် နိုင်ငံရေးမှာ ပုံသေကားချပ် တွက်ဖို့ ခက်ပါတယ်။ ဒါကြောင့် စာနာစိတ်ကင်းတဲ့ မြန်မာအစိုးရကို ပုန်ကန်နေတဲ့ တိုင်းရင်းသားတွေကို တရုတ်အစိုးရက ထောက်ခံပံ့ပိုးသွားမယ်ဆိုရင်လည်း အလွန်အကျွံ အံ့ဩထေ့ငေါ့ချင်စရာ ဖြစ်မလာနိုင်ပါဘူး။

(နိုင်ငံခြားရေးမူဝါဒ မဂ္ဂဇင်း- Foreign Policy တွင် ဖော်ပြထားသည့် Has China Lost Myanmar? ဆောင်းပါးကိုဘာသာပြန်ပါသည်၊ဆောင်း ပါးရှင် Yun Sun သည် Brookings Institution ၏ အဖွဲ့ဝင်ဖြစ်ပြီး၊ International Crisis Group တွင် တရုတ်ရေးရာ သုံးသပ်သူအဖြစ် တာဝန်ထမ်းဖူးပါသည်။)

No comments: